Saturday, 8 February 2020

# Book Review

ပါပီယွန်ပြောပြတဲ့ The Reader




ပါပီယွန်ဟာ စာရေးတဲ့နေရာမှာ ပါရမီအတော်ပါပုံရသလို ဖြတ်သန်းခဲ့တဲ့ ဘဝအစုံစုံ၊ လေ့လာသမျှ ဗဟုသုတအစုံအလင်ကြောင့် သူရေးသမျှတွေဟာ တမူထူးခြားလက်ရာမြောက်တာဖြစ်မယ်။ သူရေးတဲ့အကြောင်းအရာတွေထဲ သူဖတ်ခဲ့တဲ့ စာအုပ်အကြောင်း ပြန်ပြောတာ၊ သူကြည့်မိတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်း ပြောပြတာကို အင်မတန်သဘောတကျရှိမိတယ်။ သူရေးတာဖတ်ပြီးပြီးချင်း အဲဒီစာအုပ်၊ အဲဒီဇာတ်လမ်းကို အင်တာနက်မှာ ချက်ချင်းထရှာကြည့်မိတဲ့အထိ စိတ်ဝင်စားလာအောင် ရေးတတ်ပါပေတယ်။ 

ပယ်ရီပယ်ရီချစ်ကန်းဆိုတဲ့စာအုပ်ထဲက The Reader ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းရေးထားတာဖတ်ဖြစ်တယ်။ အဲဒီဇာတ်ကားကို သေချာမကြည့်ဖူးခဲ့ဘူး။ ချစ်ရည်လူးတဲ့ဇာတ်ဝင်ခန်းလိုမျိုးတွေလည်းပါတော့ စိတ်ဝင်စားစရာကောင်းမယ်မထင်ခဲ့တာလည်းပါတယ်။ ပါပီယွန်ရေးပြတဲ့ ဇာတ်လမ်းအကြောင်းဖတ်ပြီးတော့မှ ကိတ်ဝင်းစလက်သရုပ်ဆောင်ခဲ့တဲ့ ဟန်နာဆိုတဲ့အမျိုးသမီးအကြောင်းကို သေချာသိခဲ့တာ။ လူတွေဟာ ဘဝမှာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ်မဟုတ်လား။ မြန်မာဇာတ်ကားတွေထဲမှာ သေခါနီးဆိုရင် သူတို့တွေ့ချင်တဲ့ တစ်ယောက်ယောက်ကို မတွေ့မချင်း မသေကြဘူးလေ။ အဲဒါဟာ ဘာလဲဆိုတော့ သူတို့မှာ ရှင်သန်ဖို့ မျှော်လင့်ချက်ရှိနေသေးလို့ပဲ။ ကျမတို့ငယ်ငယ်တုန်းက အင်္ဂလိပ်ဖတ်စာထဲမှာပါခဲ့တဲ့ The last leaf ဆိုတဲ့ ဝတ္ထုတိုလေးကပြောသလိုပေါ့။ သစ်ရွက်လေးကြွေကျရင် သူလည်းသေသွားမှာပဲလို့ ယုံကြည်ထားပြီး နောက်ဆုံးသစ်ရွက်လေးကို ကြွေမသွားစေချင်တဲ့ နမိုးနီးယားရောဂါသည်မိန်းကလေးအတွက် ပန်းချီဆရာဟာ မျှော်လင့်ချက်ကို ရှင်သန်စေခဲ့တာ။

ဇာတ်ကားကိုပြန်ဆက်ရရင် ဟန်နာဟာ နှစ်ရှည်ထောင်ကျသွားခဲ့တယ်။ ထောင်ထဲမှာ ၁၈ နှစ်လုံးလုံး ရှင်သန်ရပ်တည်ခဲ့ပေမယ့် ထောင်ကထွက်မယ့်နေ့မှာပဲ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ အကြောင်းရင်းက သူ့အတွက် မျှော်လင့်ချက်ဖြစ်တဲ့ မိုက်ကယ်ရဲ့စိတ်ထဲမှာ သူမအတွက် ဘာမှ မရှိတော့ဘူးဆိုတာသိသွားခဲ့လို့ပဲ။ ပြောရရင် သူမဘဝမှာ ရှေ့ဆက်ရှင်သန်ဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ဆိုတာ ပျောက်ဆုံးသွားလို့ဖြစ်တယ်။ ပါပီယွန်ရေးခဲ့သလိုလူတစ်ယောက်ဟာ မျှော်လင့်ချက်ရှိနေသ၍ အသက်ဆက်ရှင်သန်ချင်ပေမယ့်လို့ ဘဝမှာ ဘာမှမကျန်တော့ပါလားလို့ သိလိုက်ရတဲ့အချိန်မှာ လူ့လောကမှာ ဆက်လက်မရှင်သန်လိုကြောင်း နားလည်ခံစားလိုက်ရတယ်ဆိုသလိုပေါ့။ ဘဝမှာ ရှင်သန်ဖို့ မျှော်လင့်ချက်တစ်ခုတလေတောင် မရှိတော့တဲ့အခါ၊ ကိုယ်ဟာ ဘာတစ်ခုမှ အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့အခါ အချို့သူတွေဟာ ကိုယ့်ကိုယ်ကို လက်လွှတ်လိုက်ကြတယ်။

တကယ်တော့ ဘဝက ဘုရင်တစ်ပါးလို၊ သန်းကြွယ်သူဌေးလို ကြီးကျယ်ခမ်းနားနေမှ နေပျော်တာမဟုတ်ပါဘူး။ ကိုယ်စိုက်ထားတဲ့ အပင်လေးက ရွက်နုလေးတွေထွက်လာတာကို စောင့်ကြည့်ဖို့ စိတ်လှုပ်ရှားနေတာမျိုး၊ စမ်းချောင်းထဲက စမ်းရေစီးသံကို သီချင်းသံစဉ်လို နားထောင်ဖို့၊ ရှိစုမဲ့စုလစာလေးထဲက ဝယ်ထားတဲ့ စာအုပ်ကလေးကို ဖတ်ဖို့၊ ကိုယ့်ဝါသနာကို အကောင်အထည်ဖော်ဖို့၊ ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွေ့ဖက်ဆော့ကစားဖို့ စသဖြင့် သေးမွှားတယ်လို့ထင်ရပေမယ့် ရှင်သန်ဖို့ရာ အရေးပါတဲ့ မျှော်လင့်စရာတွေ အများကြီးရှိပါတယ်။ ဘဝမှာ မျှော်လင့်ထားခဲ့တဲ့ ကြီးမားတဲ့အိပ်မက်တွေ ပျောက်ဆုံးသွားတယ်ဆိုရင်တောင် ရှေ့ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေ များစွာကျန်နေပါသေးတယ်။ ဆုံးရှုံးသွားတဲ့အိပ်မက်တွေအတွက် ဝမ်းနည်းနေမယ်ဆိုရင် နောက်ထပ်ထားရှိရမယ့် မျှော်လင့်ချက်တွေ၊ အနာဂတ်တွေကို မတွေးတောမိဘဲ ဘဝဟာ မျှော်လင့်ချက်မဲ့သွားသလိုမျိုး အရှုံးပေးတာတွေ ဖြစ်သွားကြပါတယ်။ တကယ်တော့ လူ့ဘဝမှာ ရှင်သန်နေတယ်ဆိုတာကပဲ ဆုလာဘ်ဖြစ်နေပြီမဟုတ်ပါလား။

1 comment:

မိုးသက္ said...

အစ်မလည်း ပါပီယွန်ဖန်ပဲလား။ အကြိုက်တူတယ်ဗျို့။
ရှေ့နှစ်အုပ်လည်း ဖတ်ကြည့်ပါဦး။ ထရော်မာများ၊ မက္ကဇင်ပါပီ ၂ အုပ်။

Follow Us @soratemplates