Thursday, 4 January 2018

# Book Review

ဖတ်မိသမျှ +++

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါနော် ..။ ၂၀၁၈ ခုနှစ်ထဲကို ၄ ရက်တောင် ရောက်လာလို့ ဒီနေ့ဆိုရင် နှစ် (၇၀)မြောက် လွတ်လပ်ရေးနေ့တောင် ဖြစ်နေပြီလေ..။ နေရာအနှံ့မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲတွေ လုပ်တာ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ ..။


၂၀၁၈ မရောက်ခင်က နှစ်သစ်မှာတော့ စာဖတ်တာနဲ့ စာရေးတာကို တိုးတက်အောင် ကြိုးစားမယ်လို့ ရည်ရွယ်ထားခဲ့တယ် …။ ဒီနေ့ဆိုရင် မနက်ကတည်းက စာထိုင်ဖတ်လိုက်တာ အရင်ဖတ်လက်စ တစ်အုပ်ကို လက်စသတ်တာရယ်၊ အသစ် ၂ အုပ်ရယ် ၃ အုပ်ဖတ်ပြီးခဲ့တယ်…။ အရင်ရက်တွေတုန်းက ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ စွန့်ခွာရသည့်နွေညများ ဆိုတဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့တယ် ..။ အခုဖတ်ဖြစ်တာက ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ မှော်ရုံတောမှာ မောလှပြီရယ်၊ ဆရာမ ကြည်အေးရဲ့ စာအုပ် ၂ အုပ်ဖြစ်တဲ့ ကျွန်မပညာသည်၊ အပြင်ကလူ ဆိုတဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ် ..။ စာအုပ်အားလုံးမှာ တူတာက အဓိကဇာတ်ကောင်တွေက အနုပညာရှင်တွေ ဖြစ်နေတာပါပဲ ..။ ဂီတရယ်၊ ပန်းချီပညာရှင်တွေပေါ့ ..။


ဆရာ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကို ကြိုက်တဲ့အဓိကအချက်က သူ့ခေတ်ကိုထင်ဟပ်စေတာရယ်၊ အကြောင်းအရာကို မျက်လုံးထဲမှာ ပုံဖော်နိုင်အောင် အသေးစိတ်ရေးဖွဲ့တတ်တဲ့ အဖွဲ့အနွဲ့အရေးအသားတွေကိုပါ …။ ဆရာ့စာအုပ်ကိုဖတ်လိုက်ရင် ကိုယ်မသိမမီလိုက်တဲ့ ခေတ်ကာကတစ်ခုထဲမှာ ကိုယ်တိုင်လိုက်ပါစီးမျောနေရသလို ခံစားမိတယ် …။ အခုဖတ်ဖြစ်တဲ့စာအုပ်ဆိုရင် အကြောင်းအရာတော်တော်များများက ဂီတနဲ့ပတ်သက်တာဆိုတော့ ကိုယ်မကျွမ်းဝင်တဲ့နယ်ပယ်အကြောင်းကို တစေ့တစောင်းတော့ ရင်းနှီးကျွမ်းဝင်သွားစေတယ် ..။ နောက်တစ်ခု ဒီစာအုပ်ကနေ သိလိုက်ရတဲ့ အကျိုးရှိတဲ့တစ်စုံတရာကတော့ စာအုပ်နဲ့ ရုပ်ရှင်ရဲ့ ကွာခြားချက်ကို ပြောပြထားတာပါ ..။ ဝတ္ထုမှာဆိုရင် ပုံပြောသူပါတာကို စာဖတ်တဲ့သူက မြင်ရပြီး ရုပ်ရှင်မှာတော့ ဒါရိုက်တာက ပုံပြောသူဖြစ်ပြီး ကြည့်ရှု့သူတွေက ပုံပြောသူရှိနေမှန်း လုံးဝမသိဘူးလို့ဆိုပါတယ် …။ ရုပ်ရှင်မှာက ဇာတ်လမ်းဇာတ်ကွက်၊ မျက်စိအမြင်နဲ့ပဲ ပရိသတ်ကို ချိတ်ဆက်ပြသွားတာမဟုတ်လား…။ ဝတ္ထုမှာတော့ ပုံပြောသူဆိုတာ အချို့စာအုပ်တွေမှာ အပြင်က စာရေးသူကိုယ်တိုင်ဖြစ်နေတတ်ပြီး အချို့စာအုပ်တွေမှာတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ခုခုဖြစ်နေတတ်တယ် …။ ကျမဖတ်မိသလောက် နေရာဒေသ၊ ပတ်ဝန်းကျင် စတာတွေကို သေသေချာချာကွက်ကွက်ကွင်းကွင်း ဖွဲ့နွဲ့ရေးတဲ့စာရေးဆရာတွေထဲမှာ ဆရာ့ကိုတော့ မီသူမရှိသေးဘူးထင်တယ် …။ ဒီနှစ်ထဲမှာတော့ မဖတ်ရသေးဘဲ ကျန်နေသေးတဲ့ ဆရာ့စာအုပ်တွေကို ရှာဖတ်မယ်လို့ စိတ်ကူးထားတယ် …။

ဆရာမြသန်းတင့်ဘာသာပြန်တဲ့ မှော်ရုံတောမှာမောလှပြီဆိုတဲ့စာအုပ်ကလည်း သူ့ခေတ်သူ့အခါကို ထင်ဟပ်ပြနေလေရဲ့။ တချိန်က ပြင်သစ်တွေ ကိုလိုနီနယ်ချဲ့ဖူးတဲ့ တဟီတီဆိုတဲ့ ကျွန်းလေးပေါ်မှာ ဇာတ်မြှုပ်သွားခဲ့တဲ့ ပြင်သစ်ပန်းချီဆရာတစ်ယောက်ရဲ့အကြောင်းကို ရေးဖွဲ့ထားတာပါ …။ အနုပညာရှင်တစ်ယောက်ရဲ့ စိတ်ဆိုတာက သာမာန်လူတွေရဲ့ တွေးခေါ်ပုံနဲ့ မတူတာကိုလည်း နှိုင်းယှဉ်ပြထားသလို အနုပညာသမားတစ်ယောက်အတွက် ကျော်ကြားမှု၊ ငွေကြေးကြွယ်ဝမှုထက် သူ့ရဲ့အနုပညာအပေါ်ရူးသွပ်မှုကသာ အရေးအကြီးဆုံးဆိုတာကိုလည်း မီးမောင်းထိုးပြထားပါတယ် ..။ နောက်တစ်ခုအရေးအကြီးဆုံးက တစ်ခုခုကို စိတ်နှစ်လုပ်ဆောင်ဖို့ဆိုရင် အာရုံသက်ဝင်မှု ဒါမှမဟုတ် ဈာန်ဝင်စားမှုလို့ ကျွန်မတို့ပြောလေ့ရှိကြတဲ့အရာပါ ..။ အဲဒီလို ဈာန်ဝင်စားမှုရှိမှပဲ ပြောင်မြောက်လှတဲ့အနုပညာလက်ရာတွေ ဖန်တီးဖို့ဖြစ်နိုင်မှာမဟုတ်လား …။ ဇာတ်ဆောင် ပန်းချီဆရာဂေါ်ဂင်ကတော့ သူ့အနုပညာတွေဖန်တီးဖို့ သူ့ကို ဈာန်ဝင်စားမှုပေးနိုင်တဲ့နေရာကို ရှာဖွေနေထိုင်ရင်း ကျွန်းနိုင်ငံလေးတစ်ခုပေါ်မှာ ဇာတ်မြှုပ်နေထိုင်သွားခဲ့ပါတယ် ..။ သူ့ရဲ့အတ္ထုပတ္တိကိုဖတ်ရင်း သူရေးခဲ့တဲ့ပန်းချီကားတွေကို ကြည့်ရင်း ပန်းချီတွေတောင် ဆွဲချင်စိတ်ပေါက်လာမိတယ် …။ ပန်းချီနဲ့ပတ်သက်ပြီး ရေးထားတဲ့အကြောင်းအရာလေးတစ်ခုကိုလည်း သဘောကျမိတယ် ..။ "ပန်းချီကားတွေဟာ အထီးကျန်ဘဝကို ဖြေသိမ့်ပေးသူဖြစ်တယ် ။ နောက်ကျိနေတဲ့စိတ်ကို ကြည်လင်အောင် လုပ်ပေးသူဖြစ်တယ် ။ အကျဉ်းကျနေတဲ့ အတွေးအခေါ်အတွက် ပြတင်းပေါက်တွေဖြစ်တယ်။ စာအုပ်တွေ၊ သမိုင်းတွေ၊ တရားစာတွေဖြစ်တယ်။ ပန်းချီကားတွေကိုဖတ်ရင် စာရွက်လှန်ရတဲ့ဒုက္ခတောင် ခံစရာမလိုဘူး။" 

နောက်ဖတ်ဖြစ်တဲ့ဆရာမကြီး ကြည်အေးရဲ့စာအုပ် ၂ အုပ်အကြောင်းတော့ မရေးတော့ပါဘူးနော် ..။ ကျွန်မအကြိုက်ဆုံးစာရေးဆရာမတွေထဲမှာ ထိပ်ဆုံးကပါတဲ့ဆရာမကြည်အေးရဲ့စာအုပ်တွေအားလုံးကိုလည်း ဖတ်ဖြစ်အောင် ဖတ်ရဦးမယ် ..။


No comments:

Follow Us @soratemplates