Saturday, 16 December 2017

Words for me ~~

December 16, 2017 2 Comments
ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၇ ဆိုတဲ့ ခုနှစ်တစ်ခုဟာ ပျောက်ကွယ်သွားပြီး နှစ်သစ်ကိုရောက်တော့မယ်နော် …။ အရင်ကတော့ ဒီလိုအချိန်မျိုးဆိုရင် တစ်နှစ်အတွင်းဘာတွေရခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ review မျိုး ရေးလေ့ရှိတတ်ပြီး နှစ်သစ်အတွက် resolutions တွေ မှတ်တမ်းတင်ထားလေ့ရှိတတ်တယ် …။ ဒီနှစ်အတွက်တော့ အဲလိုသီးသန့်ပို့စ်မရေးဖြစ်တော့တာမို့ ရောက်တတ်ရာရာ အတွေးတချို့ပဲ စာစီကုံးဖြစ်ပါတော့မယ် …။

တစ်ရက်က မတွေ့တာကြာတဲ့ အစ်မတစ်ယောက်နဲ့တွေ့တော့ ကိုယ့်ကို စာတွေသေချာဆက်ရေးဖို့ အားပေးတယ် ..။ အဲလိုပဲ ကိုယ်စာရေးလေ့ရှိတာကို သိတဲ့ အနည်းငယ်သော မိတ်ဆွေ၊ သူငယ်ချင်းတွေကလည်း အလျဉ်းသင့်တိုင်း စာတွေရေးဖို့ တိုက်တွန်းလေ့ရှိတတ်ကြပြန်တယ် ..။ သီချင်းဆိုတာ ဝါသနာပါတဲ့ ညီမလေးတစ်ယောက် ပြောဖူးသလိုပဲ ..။ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာထက် အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့ သူ့ရဲ့အိပ်မက်ကို အခုထိ မက်နေဆဲပဲဆိုတာမျိုးပေါ့ ..။ စာရေးတာဝါသနာပါတဲ့ကိုယ့်မှာလည်း စာရေးဆရာ အထူးသဖြင့် ရသစာတွေရေးတဲ့ စာရေးဆရာမဘဝကို အခုထိ အိပ်မက်နေဆဲပါပဲ …။ အချိန်ကို သေချာစီမံခန့်ခွဲနိုင်စွမ်းမရှိတဲ့ကိုယ်ဟာ ဒေါက်တာဘွဲ့ရဖို့ (၃) နှစ်လုံးလုံး ကိုယ့်ရဲ့ဝါသနာတွေကို စွန့်လွှတ်ပြီး စာတွေကြားထဲ နစ်မြှုပ်နေခဲ့ရတယ် …။ လျှောက်မယ်လို့ ရည်ရွယ်ထားတဲ့လမ်းအတွက် အဆုံးထိဆက်လျှောက်နိုင်ဖို့ရာ ကိုယ့်မှာ စွန့်လွှတ်ရတာတွေ အများသားရယ် ..။ အဓိကက အချိန်၊ ငယ်ရွယ်မှု၊ ဝါသနာ၊ လူမှုရေး စသဖြင့်ပေါ့လေ…။ ဒီလိုနဲ့ပဲ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှစခဲ့တဲ့ ကိုယ့်ရဲ့ခရီးတစ်ခုဟာ ၂၀၁၇ စက်တင်ဘာလကုန်မှာ အဆုံးသတ်သွားခဲ့ပါတယ် …။ ၂၀၁၇ အောက်တိုဘာလဆန်းပိုင်းမှာ မြန်မာပြည်ကိုပြန်ရောက်တယ် …။ စည်းစနစ်ကျတဲ့ ကြိုးစားတဲ့ ဖွံ့ဖြိုးတဲ့တိုင်းပြည်တစ်ခုမှာ (၃) နှစ်ကြာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ကိုယ့်အတွက် ပြန်ရောက်ရောက်ချင်း အစောပိုင်းလတွေဟာ ထုံးစံအတိုင်း နေသားကျဖို့ ကြိုးစားနေရတဲ့ ကာလတွေပေါ့…။ အခုတော့ နည်းနည်းနေသားကျလာပြီဖြစ်လို့ ပုံမှန်ဘဝမှာ နေထိုင်ဖြတ်သန်းဖြစ်ပါတော့မယ် …။



၂၀၁၇ ကို ပြန်ကြည့်ရင် ကိုယ့်အတွက် ကောင်းတာတွေများတယ်လို့ ပြောလို့ရပါတယ် …။ ကျောင်းပြီးလို့ မြန်မာပြည်ပြန်လာတယ် …။ ၂၀၁၈ မှာ ကိုယ်ရည်ရွယ်ထားတာတွေဖြစ်လာဖို့ စိတ်ရော လူရော ပြင်ဆင်ဖို့ ကြိုးစားနေတယ် …။ ဖြစ်နိုင်ရင်တော့ ၂၀၁၈ ထဲမှာ ကိုယ့်အတွက် မိသားစုဘဝဆိုတာကို ပိုင်ဆိုင်လာမယ်လို့ မျှော်လင့်မိတယ် ….။ ဘယ်သူမှ မတိုက်တွန်းကြခင်ကတည်းက စာတွေ သေချာရေးဖို့ စိတ်ကူးရှိခဲ့တယ် ….။ စာတွေအများကြီးဖတ်ဖြစ်ဖို့လည်း ကိုယ်ရည်ရွယ်ထားတယ် …။ စာကောင်းကောင်းရေးတတ်ဖို့ဆိုရင် စု၊ တု၊ ပြု ဆိုတဲ့အဆင့် (၃) ဆင့် ရှိတယ်လို့ ပြောကြရာမှာ ငယ်ငယ်က စာဖတ်မနာခဲ့တဲ့ကိုယ့်အတွက် စု နဲ့ တု မှာပဲ တဝဲလည်လည်ဖြစ်နေပြီး ပြုတဲ့အဆင့်ကို မရောက်နိုင်သေးဘူးဖြစ်နေတယ် ...။ ဆရာမင်းလူစာအုပ်တွေအဖတ်များတဲ့အခိုက်တွေမှာ ဆရာ့ရဲ့ရေးဟန်တွေနဲ့ ပြောနေလေ့ရှိသလို ဆရာမခင်နှင်းယုစာအုပ်တွေ ဖတ်နေဆဲကာလမှာတော့ ဆရာမရဲ့ စကားလုံးမျိုးတွေ သုံးဖြစ်နေတယ် ..။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန်မှာ ပြုနိုင်တဲ့အဆင့် ရောက်နိုင်ကောင်းရဲ့မဟုတ်လား...။ ပညာရပ်နဲ့ဆိုင်တဲ့ စာတမ်းတွေလည်း အများကြီးထပ်ထွက်ချင်သေးတယ် ….။ update မလုပ်တာကြာပြီဖြစ်တဲ့ ကိုယ့်ရဲ့ English skills ကိုလည်း တိုးတက်အောင်ကြိုးစားချင်တယ် …။ ဟိုးရှေးရှေးကစာတွေပဲ သင်ခဲ့ဖူးတဲ့ကိုယ်က ဒီခေတ် English စာတွေနဲ့ပတ်သက်ရင် သိပ်လိုက်မမီတော့ဘူး…။ သူများတွေ လှလှပပ ဖွဲ့နွဲ့ရေးတတ်တာကို ကိုယ့်မယ် သဘောတကျ ကြည့်နေမိရုံ အားကျနေမိရုံပဲ ဖြစ်နေတော့ တကယ်ကို ကြိုးစားချင်ပါတယ် …။ သူများတွေ အချိန်ကို အကျိုးရှိရှိ စနစ်တကျ စီမံခန့်ခွဲအသုံးချတာကိုကြည့်ပြီးလဲ ကိုယ့်မှာ အားကျမဆုံးဖြစ်နေတာပါပဲ …။ သေချာတာက ကိုယ် အများကြီးကြိုးစားဖို့ လိုသေးတယ် …။ တကယ်တော့ လိုအပ်တာတွေက အများကြီးပါပဲ …။ ပေါင်းသင်းဆက်ဆံရေးမှာဆိုလည်း ဒီထက်ပိုအားထုတ်ဖို့ ကြိုးစားရဦးမယ် …။ ဆိုတော့ အနှစ်ချုပ်ရရင် ၂၀၁၈ မှာ အဖက်ဖက်က ကြိုးစားရမယ်ဆိုတဲ့ အသိရယ် တကယ်ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုရယ် ရှိပါတယ်ဆိုတဲ့ အကြောင်းပါ ….။

Sunday, 19 November 2017

ငှက်ကလေး ~~~

November 19, 2017 1 Comments

အခုတလော စာတွေ ပြန်ဖတ်ဖြစ်နေရာက ဆရာမင်းလူရဲ့ စာအုပ်တွေ အားလုံးဖတ်ဖြစ်အောင် ကြိုးစားနေပါတယ် ..။ ဆရာ့စာအုပ်တွေက ဟိုးအရင်ကတည်းက ဖတ်ဖြစ်ခဲ့တာတွေရှိသလို မဖတ်ဖြစ်ဘဲ ကျန်နေတဲ့စာအုပ်တွေလည်း အများကြီး ရှိနေသေးတာ တွေ့မိတယ် ..။ တစ်ရက်ကတော့ တစ်ခါမှ မဖတ်ဖြစ်သေးတဲ့ စာအုပ်ကလေး တစ်အုပ်ကိုဖတ်မိတယ် ..။ ကိုယ်ကသာ မဖတ်ဖြစ်ပေမယ့် စာအုပ်က ၂၀၁၁ မှာ စတုတ္ထအကြိမ် ပြန်ထုတ်ပြီးနေပြီ..။ စာအုပ်အမည်က ငှက်ကလေး တဲ့…။ အဲဒီလုံးချင်းဝတ္ထုလေးကို ဆရာက ပထမဆုံးအကြိမ်အဖြစ် ၁၉၈၁ ခုနှစ်မှာ ထုတ်ခဲ့တာဆိုတော့ ကိုယ်တွေတောင် မမွေးသေးတဲ့ ကာလက စာအုပ်ကလေးပေါ့..။

စာအုပ်ကလေးက စဖတ်ကတည်းက လက်ထဲက မချချင်ဘဲ တစ်ထိုင်တည်းပြီးအောင် ဖတ်ချင်လောက်အောင်ကို ကိုယ့်စိတ်ကို စွဲဆောင်ထားနိုင်ခဲ့တယ် ..။ ဒါပေမယ့်လည်း အလုပ်ကတစ်ဖက်၊ အိမ်အလုပ်တွေကတစ်ဖက်နဲ့မို့ ဖတ်လိုက် ရပ်လိုက်နဲ့ပဲ ဖတ်နေရာက အခုတော့ ပြီးသွားပါပြီ ..။ မြန်မာစာနဲ့ အလှမ်းဝေးနေတာကြာတော့ ရသအမည်တွေကို သေချာမပြောတတ်တော့ပေမယ့် ဒီစာအုပ်ကလေးက ရသတွေ အများကြီးပေးနိုင်တယ်..။ အထူးသဖြင့် ကြည်နူးတဲ့ရသ၊ သနားဂရုဏာသက်တဲ့ရသတွေ ခံစားရတယ်ရယ် …။ စာအုပ်ကလေးကို မဖတ်ဖြစ်သေးတဲ့သူတွေ ဒီ review ကို ဖတ်မိရင် ကြိုပြီး တောင်းပန်ပါတယ်နော်..။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပါအောင် ပြောမိမှာမလို့ပါ..။

ဇာတ်လမ်းက အိမ်ထောင်ရေးပညာပေးဇာတ်လမ်းလေးလို့ ပြောလို့ရမယ်ထင်တယ် ..။ ဒါပေမယ့် တမူထူးခြားတာက အိမ်ထောင်တစ်ခုက သားလေးဖြစ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကို ရေးဖွဲ့ထားတော့ အခြားဇာတ်လမ်းတွေနဲ့ မတူဘဲ ထူးခြားနေခဲ့တယ် …။ ချစ်စရာကောင်းတာက ကောင်လေးက သူ့ဦးလေးတစ်ယောက်ရဲ့ အကျင့်ကို တုပြီးတော့ သူ့ကိုယ်သူ ကိုယ်လို့ သုံးနှုန်းတာလေးက ကလေးသဘာဝမှာ ထူးခြားပြီး ချစ်စရာကောင်းနေတယ် ..။ ဇာတ်လမ်းကို ပြီးတဲ့အထိ ဖတ်ချင်အောင် စွဲဆောင်ထားနိုင်တဲ့အချက်က အဲဒီအိမ်ထောင်ရေးရဲ့ အဆင်မပြေတဲ့အကြောင်းကို ဇာတ်လမ်းနောက်ဆုံးမှ သိရတာမလို့ပါ ..။ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုပေမယ့် သမားရိုးကျဇာတ်လမ်းတွေလို တစ်ယောက်ယောက်က ဖောက်ပြန်တာမျိုးမဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ပါတယ် …။ အဆင်မပြေတဲ့အိမ်ထောင်ရေးတွေရဲ့ ထုံးစံအတိုင်း မြေစာပင်ဖြစ်ရရှာတဲ့ သားသမီးတွေရဲ့ ခံစားချက်ကိုတော့ အပီအပြင် ရေးဖွဲ့ထားပါတယ် …။ ပျော်ရွှင်တဲ့မိသားစုဘဝမှာ စိတ်ရောကိုယ်ရော ကျန်းမာပျော်ရွှင်နေတဲ့ ကလေးလေးတွေဖြစ်တတ်ပေမယ့် ကိုယ်တွေမသိတဲ့ဘဝတွေမှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် စိတ်သောက ခံစားနေရတဲ့ မြေစာပင်ကလေးတွေလည်း ရှိနေကြောင်း မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးလဲ ဖြစ်ပါတယ် ….။


အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါမှာ ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေချင်း ကွာခြားရင် ညှိဖို့ခက်ခဲတဲ့အကြောင်းကို ပြတဲ့ ဇာတ်လမ်းလဲ ဖြစ်ပါတယ် ..။ မတူညီတဲ့ သူစိမ်းနှစ်ယောက် အိမ်ထောင်တစ်ခုအဖြစ် ပေါင်းစည်းကြတဲ့အခါ နောက်ခံအခြေအနေချင်း တူညီနေခဲ့ရင် နားလည်မှုရဖို့ လွယ်ကူကောင်းလွယ်ကူပေမယ့် မတူညီတဲ့ဘဝနှစ်ခုက လူနှစ်ယောက် ပေါင်းစည်းမိရင်တော့ နားလည်မှုဆိုတာ တည်ဆောက်ဖို့ အင်မတန်ခက်ခဲတယ်ဆိုတာ သေချာပါတယ် …။ တစ်ဖက်က ဘာမှအရေးမကြီးဘူးလို့ ထင်တဲ့ကိစ္စတစ်ခုကို အခြားတစ်ဖက်က အသက်တမျှအရေးကြီးတယ်လို့ ထင်တတ်ကြတဲ့ အခိုက်အတန့်တွေကို အဲလို မတူညီတဲ့သူတွေ ကြုံကြရပါတယ် …။ အထူးသဖြင့် ချမ်းသာပြည့်စုံတဲ့ဘဝမှာ နေလာတဲ့သူက ငွေကို နှမြောစရာရယ်၊ တပ်မက်စရာရယ်လို့ မထင်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့ဘဝက လာသူအနေနဲ့ဆိုရင် ငွေဆိုတာ ရှားပါးတဲ့အရာ၊ တန်ဖိုးထားစရာ လို့ ထင်မှတ်ကောင်းထင်မှတ်နေတာမျိုးလည်း ဖြစ်တတ်ကြမှာပါ ..။ အခြားဥပမာတွေလည်း လောကမှာ အများကြီးရှိတတ်ပါသေးတယ် …။ အဲဒါကြောင့် အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆိုရင် ကိုယ်နဲ့ တန်ရာတန်ရာကိုပဲ ယူကြဖို့ ရှေးစကားတွေက ဆိုတတ်ကြတယ်မဟုတ်လား…။ တန်ရာတန်ရာဆိုတာက ကိုယ်နဲ့ ဘဝအခြေအနေ၊ အဆင့်အတန်း၊ ပညာချင်း ပနံသင့်တဲ့သူမျိုးကိုသာ ရွေးချယ်သင့်တဲ့အကြောင်း ပြောတတ်ကြတာပါ …။ အဲလိုဆိုမှသာ တစ်ဘဝတာခရီးကို လက်တွဲသွားကြမယ့် သူစိမ်းနှစ်ယောက်အနေနဲ့ တစ်ဦးကိုတစ်ဦးနားလည်မှုကို လွယ်ကူစွာ ရနိုင်မှာပါ …။ ဒီစာအုပ်ကလေးက ပေးချင်တဲ့ အဓိက message ကတော့ အဲဒါပါပဲ ...။ ဆရာ့ရဲ့ ရသမြောက်အောင် သရုပ်ဖော်ရေးသားနိုင်မှုကြောင့် ဖတ်ပြီးသွားတဲ့အထိ သတိတရရှိနေတဲ့ စာအုပ်ကောင်းလေးတစ်အုပ်မလို့ အားလုံးကို ပြန်မျှဝေဖြစ်တာပါရှင့် 😊😊

Saturday, 16 September 2017

Ushiku Daibutsu +++

September 16, 2017 0 Comments
အားလုံး မင်္ဂလာပါနော် ..။
ဒီနေ့တော့ ဘုရားဖူးတဲ့အတွေ့အကြုံလေးတစ်ခုကို share ချင်ပါတယ် ..။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲမှာ တိုကျိုကို သွားလည်ဖြစ်တယ် ..။ အလုပ်နဲ့ဆိုတော့ လည်တာက နည်းနည်းရယ်ပါ ..။ Korea town ရယ် Ushiku ဘုရားရယ်ပဲ ရောက်ဖြစ်ပါတယ်..။ မြန်မာတွေကြားထဲ နာမည်ကြီးတဲ့ Kamakura Buddha ကတော့ အရင်တစ်ခေါက်ကရောက်ပြီးသားမို့ ဒီတစ်ခါ သွားမဖူးတော့တာပါ ..။



Korea town ရောက်တာနဲ့ ကိုရီးယားဆိုင်မှာ အရင်ဆုံး စားဖြစ်တယ် ..။ ကျိုတိုမှာဆိုရင် Korea products  တွေ အထူးသဖြင့် skincare products တွေရောင်းတဲ့ဆိုင်ဆိုတာမရှိတော့ ရောက်တုန်းရောက်ခိုက် နာမည်ကြီးတဲ့ Facial masks တွေ ဝယ်ဖြစ်တယ်.။ အခြားပစ္စည်းတွေတော့ သိပ်မဝယ်ဖြစ်ပါဘူး။ ဂျပန်ကထုတ်တာတွေပဲ သုံးဖြစ်နေတာကြောင့်ပါ ..။


 တိုကျိုမှာတော့ အားလုံးသိကြတဲ့အတိုင်း ရထားနဲ့ပဲ သွားကြပါတယ် ..။ ရထားအားလုံးလိုလိုရဲ့ ခရီးစဉ်တွေအားလုံးကို Google map ထဲမှာ ရှာလို့ရတာကြောင့် အင်တာနက်သာရှိမယ်ဆိုရင် ကိုယ့်ဘာသာသွားလို့လာလို့ အဆင်ပြေပါတယ် ..။ မျက်စိလည်စရာရယ်လို့ မရှိပါဘူး...။ အင်တာနက်သာမပါရင်တော့ ရွာလည်နေမှာ သေချာတယ် ..။

နောက်ရက်မှာတော့ တိုကျိုကနေ တစ်နာရီခွဲလောက်သွားရတဲ့ Ushiku ဘုရားကို သွားဖူးပါတယ်..။ အဲဒီကိုသွားဖို့ဆိုရင် Ushiku station အထိကို ရထားစီးသွားရပြီး အဲဒီဘူတာကနေမှ ဘုရားကို ဘတ်စ်ကားရှိပါတယ် ..။ ဘုရားအရှေ့ထိရောက်တော့ အဆင်ပြေပါတယ် ...။



 Ushiku ဘုရားက ရပ်တော်မူဘုရားဖြစ်ပြီး ညဏ်တော်အမြင့်က ၁၂၀ မီတာရှိပြီး ကမ္ဘာ့ညဏ်တော်အမြင့်ဆုံး ရပ်တော်မူဘုရား ၃ ဆူထဲမှာ ပါပါတယ်..။ ဘုရားအတွင်းထဲမှာ elevator နဲ့ တက်လို့ရပြီး လေ့လာလို့ရပါတယ် ..။ ဘုရားရုပ်ထုတော်က ၁၉၉၃ ခုနှစ်မှာ ထုလုပ်တည်ထားတာမို့ သက်တမ်းတော့ သိပ်မကြာသေးပါဘူး..။ တိုကျိုကနေ သွားရတာ နည်းနည်းဝေးတာကြောင့်လည်း မြန်မာဘုရားဖူးတွေ သိပ်မသွားကြတာဖြစ်မယ်ထင်ပါတယ်..။ ဘုရားဆီမရောက်ခင်မှာ Outlet mall တစ်ခုရှိတာကြောင့် တော်တော်များများတော့ ဈေးဝယ်ရင်း ဘုရားဖူးရင်း သွားကြပါတယ်..။

 ဘုရားပရဝုဏ်ထဲမှာ ပန်းတွေမျိုးစုံစိုက်ပျိုးထားတာကြောင့် မြင်ကွင်း စိမ်းစိုနေတာမို့ သဘာဝအလှကိုကြိုက်တဲ့ ကျမအတွက်တော့ ကျေနပ်စရာပါ ..။ အလှအပတွေမှာဆိုရင် ကျမက လူတွေပြုပြင်ဖန်တီးထားတာထက်ကို သဘာဝအလှမျိုးတွေကို ပိုချစ်တတ်သူမို့ပါ ..။ ပန်းတွေက ရာသီအလိုက်ပြောင်းစိုက်ကြပါတယ် ..။ ကျမသွားတဲ့အချိန်မှာတော့ လာဗင်ဒါပန်းတချို့လည်း နည်းနည်းစိုက်ထားတာတွေ့ရတယ် ..။





ဘုရားပရဝုဏ်ထဲမှာ ပန်းခင်းလေးတွေအပြင် စိမ်းစိုလန်းဆန်းနေတဲ့ တောအုပ်ကလေးတွေ လမ်းကလေးတွေနဲ့ ကြည်နူးစရာကောင်းသလို ဓါတ်ပုံရိုက်ဖို့လည်း အင်မတန်ကောင်းလှပါတယ် ..။ မြင်နေကျ မြင်ကွင်းတွေနဲ့ မတူတဲ့ သဘာဝဆန်တဲ့ ခံစားချက်မျိုးကို ရရှိမှာမို့ ကျမကတော့ တိုကျိုကိုလည်မယ့်သူတွေကို သွားဖူးကြဖို့ တိုက်တွန်းချင်ပါတယ် ..။







အားလုံးပဲ လာလည်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် .။ ဒီတလောမှာ လည်ပတ်တာတွေ များတာကြောင့် ရေးစရာတွေတော့ အများကြီးပါပဲ ..။ အလျဉ်းသင့်သလို ရေးသွားမယ်နော် ..

💕💕💕💕💕

Wednesday, 13 September 2017

Universal Studio Japan (3) ~~~

September 13, 2017 0 Comments
Hello everyone!!
Now it's time to continue posts about #USJ 💥💥💥

USJ မှာ နောက်ဆုံးသွားခဲ့တဲ့နေရာက တကယ့်ကို အထင်ကရနေရာတစ်ခုဖြစ်တဲ့ Hollywood ဆီကိုပါ ...။ အကယ်၍ ဓါတ်ပုံရိုက်တာ ခရေဇီဖြစ်သူဆိုရင်တော့ ဒီနေရာက မဖြစ်မနေသွားရမယ့်နေရာတစ်ခုပါ..။ Hollywood ဇာတ်ကားတွေထဲမှာ မြင်နေကျ အဆောက်အဦတွေ လမ်းတွေနဲ့ မြင်ကွင်းက ကိုယ်ရောက်နေကျနေရာတွေနဲ့ ခြားနားသွားပါတယ် ...။ ဒီအထဲမှာ စီးစရာ ရိုလာကိုစတာ ၂ ခုရှိပြီး ဒီစတူဒီယိုထဲမှာ အရှည်ဆုံး ရိုလာကိုစတာတွေပါ..။ တစ်ခုက ပုံမှန်အတိုင်းစီးရတဲ့ဟာမျိုးဖြစ်ပေမယ့် နောက်တစ်ခုက Backdrop လို့ခေါ်တဲ့ နောက်ပြန်စီးရတဲ့တစ်မျိုးပါ ..။ ဘယ်အချိန်မှာ အောက်ကိုကျသွားမယ် မြင့်တက်သွားမယ်စတဲ့အရာတွေကို မမြင်ရတာကြောင့် စီးနေရင်း ဘာဖြစ်မယ်ဆိုတာကို ရင်ခုန်စွာနဲ့ စီးရတာ တကယ်ကြောက်စရာကောင်းလှတယ် ..။ ကျမတော့ movingsickness ရှိတာကြောင့် အဲဒီရိုလာကိုစတာတွေ မစီးခဲ့ဘဲ အတွင်းထဲမှာ ဓါတ်ပုံတွေပဲ ရိုက်ဖြစ်ခဲ့ပါတယ်..။











အဲဒီကနေ ပြန်ထွက်လာတော့ လမ်းမှာ Summer show ဝင်ကြည့်ရင်း ၁ နာရီခွဲလောက် ခုန်ခဲ့တာ ပြန်တော့ ခြေထောက်တွေတောင် နာနေတာပါပဲ ...။

ပြန်ချိန်ရောက်တော့ တကယ့်ကို စတူဒီယိုပိတ်ခါနီးအချိန် ၈း၁၅ လောက်မှ ပြန်ဖြစ်ခဲ့တယ် ...။

နိဂုံးချုပ်ရရင် ဂျပန်ကိုအလည်လာမယ့်သူတွေ အထူးသဖြင့် ကျိုတို၊ အိုဆာကာဘက်ကို လည်မယ့်သူတွေအတွက် USJ က must to visit list ထဲမှာ ထည့်ထားသင့်ပါတယ် ..။ တစ်ရက်ပဲလည်ရုံနဲ့ popular attractions တွေကိုရောက်နိုင်တဲ့အတွက် တစ်ရက်ပဲ အချိန်ပေးသင့်ပါတယ် ....။ တကယ်လို့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်သွားမယ်ဆိုရင်တော့ Express pass ကိုမဝယ်ဘဲ တန်းစီလည်း အဆင်ပြေမှာပါ..။ သူငယ်ချင်းတွေအများကြီးဆိုတော့ စကားပြောရင်း ရယ်ရင်းမောရင်းနဲ့ တစ်နာရီလောက်တန်းစီရတာ မသိသာပါဘူး..။ စီးစရာတစ်ခုပြီးသွားရင် နောက်တစ်ခုထပ်စီးဖို့အတွက် အနည်းဆုံးတစ်နာရီလောက်နားသင့်တာဆိုတော့ အချိန်ကကွက်တိပဲဖြစ်မှာပါ ...။ မနားဘဲ ဆက်တိုက်စီးရင်တော့ ကြာရင် မူးဝေအော့အန်လာနိုင်ပါတယ် ...။ နားလိုက်ပြီး စီးတာတော့ ဘာမှမဖြစ်ပါဘူး. ပျော်စရာတကယ်ကောင်းပါတယ် ..။ အဖွဲ့လိုက်ဆိုတော့ တူတူစီးလို့လည်းရ ပြိုင်တူအော်လို့လည်းကောင်းဆိုတော့ ပိုပျော်စရာကောင်းပါတယ် ..။

စုံတွဲ ၂ ယောက်ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ်သွားမယ်ဆိုရင်တော့ အဖွဲ့နဲ့သွားတာလောက် ပျော်စရာကောင်းမယ် မထင်မိဘူး..။ ချစ်သူနဲ့ဖြစ်ဖြစ် ဇနီး၊ခင်ပွန်းနဲ့ပဲဖြစ်ဖြစ် သွားမယ်ဆိုရင်တော့ Express pass ဝယ်တာ ပိုကောင်းမယ်ထင်ပါတယ် ..။ အဲဒါမှ တစ်ခုစီးပြီးတာနဲ့ တစ်နေရာမှာ အေးအေးဆေးအေးခဏနားလိုက်၊ ဓါတ်ပုံရိုက်လိုက်လုပ်ပြီး နောက်တစ်နေရာကို ထပ်သွားတာက အဆင်ပြေမှာပါ ..။

USJ အတွေ့အကြုံတော့ ရေးပြီးသွားပြီဆိုတော့ နောက်ရက်တွေမှာ နောက်ထပ်အတွေ့အကြုံတွေနဲ့ ပြန်လာခဲ့ပါ့မယ်နော် ....။

💙💙💚💛💜💜💝💝

Follow Us @soratemplates