Monday, 26 October 2015

To my little village ~1~

October 26, 2015 0 Comments



စိတ်လိုလက်ရ အတွေးနယ်ချဲ့မိတဲ့နေ့တွေမှာဆိုရင်ဖြင့် ကိုယ့်စိတ်တွေဟာ ရွာလေးတစ်ရွာဆီ အပြေးအလွှားရောက်သွားတတ်တယ်..။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကစပြီး ရင်းနှီးပတ်သက်ခဲ့တဲ့ရွာလေးဟာ အဲဒီနှစ်များစွာအတွင်း အခြားအရာတွေပြောင်းလဲသွားခဲ့ပေမယ့် သူကတော့ ဘာတစ်ခုမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိခဲ့ ..။ ရွာလေးဘေးမှာ မြို့တွေလာတည်ကြသလို အပန်းဖြေဥယျာဉ်ကြီးတွေလည်း လာဖွင့်ကြတာပါပဲ ..။ လမ်းတွေဖောက် တံတားတွေဆောက်ခဲ့ကြပေမယ့် ရွာလေးကတော့ ယခုထက်ထိ ရွာအဆင့်သာ ရှိနေဆဲ ..။ အဲဒီရွာလေးမှာ ကိုယ့်ရဲ့ ဘိုးဘွားတွေ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ကြသလို အခုအချိန်ထိလည်း ကိုယ့်ရဲ့ မိဘနှစ်ပါးစလုံး နေထိုင်ရပ်တည်နေကြဆဲ ..။ ကိုယ်ကလေးဘဝကတည်းက မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုယ့်ရဲ့ ဇာတိကျေးရွာကလေးဟာ ရှမ်းရိုးမတောင်တန်းကြီးတွေရဲ့ အခြေမှာ တည်ရှိပါတယ်..။ တောင်တန်းတွေပေါ်ကနေ စီးကျလာတဲ့တောင်ကျရေတွေကို စုစည်းထားတဲ့ ဆည်တစ်ခုဟာ ကိုယ်မမွေးခင်ကတည်းက ရွာထိပ်မှာတည်ရှိနေပြီး မူလတန်းပထဝီဝင်သင်ခန်းစာမှာ ဆည်အမည်တွေဖတ်ရတိုင်း ကိုယ်ရဲ့ရွာအမည်တပ်ထားတဲ့ဆည်ကို မှတ်မှတ်ရရရှိခဲ့ဖူးတယ်..။ မြန်မာနိုင်ငံမှာရှိတဲ့ ရှားရှားပါးပါးဆည်တွေထဲမှာ ကိုယ့်ရွာကဆည်လဲ တစ်ခုအပါအဝင်ဖြစ်လို့ သင်ခန်းစာထဲမှာတောင် ထည့်သင်ရတယ်ဆိုပြီး ကလေးအတွေးနဲ့ ဂုဏ်ယူခဲ့ဖူးတယ်...။

ဆည်ကနေ အောက်ဘက်နည်းနည်းဆင်းလိုက်ရင် သူငယ်တန်းကနေ လေးတန်းအထိ ကိုယ်တက်ခဲ့တဲ့ မူလတန်းကျောင်းကလေး တည်ရှိပါတယ်...။ မူလတန်းကျောင်းနေစဉ်အရွယ်က အဖေနဲ့အမေဟာ ကျောင်းအပ်ချိန်တစ်ခုမှာပဲ တစ်ယောက်မအားရင် တစ်ယောက် ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့ပေမယ့် အခြားကလေးတွေလို ကျောင်းကြိုကျောင်းပို့ မလုပ်ပေးနိုင်ခဲ့..။ စားဝတ်နေရေးအတွက် မိဘနှစ်ပါးစလုံးရုန်းကန်ကြရတဲ့ ကိုယ့်ရဲ့ ငယ်ဘဝကျောင်းနေအရွယ်ဟာ လူကြီးမိဘတွေ ဂရုတစိုက်ကြိုပို့လုပ်ပေးတာမျိုး မရှိခဲ့ဘဲ အားတင်းကာ တစ်ယောက်တည်း ကျောင်းသွားကျောင်းပြန်လုပ်ခဲ့ရတယ်...။ တခါတလေ ကြောက်တတ်တဲ့နေ့မျိုးမှာ ကဗျာတွေအကျယ်ကြီးရွတ်ပြီး အိမ်ကို ကဆုန်ပေါက်ပြေးပြန်တာလည်း ရှိလားရှိရဲ့ ...။ အချိန်တော်တော်များများမှာတော့ ကိုယ့်ထက်တစ်တန်းပဲကြီးတဲ့ အစ်မနဲ့အတူတူ ကျောင်းသွားလေ့ရှိခဲ့ပေမယ့် ကစားမက်တဲ့ကိုယ်ဟာ ကျောင်းပြန်ချိန်တိုင်း တစ်ယောက်တည်းဖြစ်လို့နေခဲ့တယ်....။ ကျောင်းဆရာ၊ ဆရာမတွေနဲ့ မရင်းနှီး မသိကျွမ်းတဲ့ မိဘတွေဖြစ်ပေမယ့်လည်း နှစ်စဉ်ဆုပေးပွဲတိုင်းမှာတော့ အဖေ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်ကတော့ အမြဲတက်လို့ရအောင် ကိုယ်က ပညာရေးမှာ ကံကောင်းခဲ့တယ်...။

ခြေတံရှည်ပျဉ်ထောင်အိမ်ကြီးရဲ့ အိမ်အောက်ရယ် အိမ်ရှေ့ကွင်းပြင်ရယ်ဟာ ကိုယ်နဲ့ အစ်မအတွက်တော့ ပျော်စရာကစားကွင်းကြီးတစ်ခုပါပဲ ..။ ကလေးဘဝမှာ မြေကြီးပေါ်မှာ ဆော့လို့ရသမျှ ကစားနည်းပေါင်းစုံကို အိမ်ဘေးက ရွယ်တူကလေးတွေနဲ့ အတူတူ ကစားခဲ့ဖူးတယ် ...။ ညနေရောက်တိုင်း အိမ်ပေါက်စေ့က ကလေးတွေကို လိုက်စုရုံးပြီး အိမ်ရှေ့ခေါ်လာကာ တောရွာက ကလေးတွေ ကစားလေ့ရှိတဲ့ နည်းပေါင်းစုံကို အပူအပင်ကင်းမဲ့စွာ ကစားခဲ့ကြတယ်...။ အချို့ညနေတွေမှာ အိမ်နောက်ဘက်က ရေမရှိတဲ့ချောင်းထဲသွားပြီး ရှိစုမဲ့စုရေအိုင်လေးတွေကို တွေ့အောင်ရှာကာ အဘွားမွေးထားတဲ့ ဘဲတွေကို ကျောင်းတဲ့အလုပ်လည်း လုပ်ခဲ့ဖူးတာပဲ..။ အိမ်ရှေ့က ခံတက်ပင်ပေါ် အဘိုးက တက်ကာ ခံတက်ရွက်နုတွေ ခူးခြွေပေးတိုင်း အဘွားနဲ့အတူ ပျော်ပျော်ပါးပါး ကောက်ခဲ့ဖူးတယ်...။ ခံတက်ရွက်နုနုလေးတွေဘဲ သေချာရွေးပြီး အရွယ်ညီညီလေးတွေစည်းကာ ထိပ်ကိုတိနေအောင် ဖြတ်ပြီး လှပသပ်ရပ်စွာ စီရီနေတဲ့အဘွားကို အလုပ်ရှုပ်ရန်ကောလို့ တွေးထင်ရင်း ဘေးနားကနေ ကူလုပ်ပေးလေ့ရှိခဲ့တာပါပဲ ..။ အဘိုးကိုယ်တိုင် ဖန်တီးထားတဲ့ ဆန်ဆေးရေ၊ နနွင်း၊ ထမင်းစေ့နဲ့ ဆားတို့ကို သေချာရောနယ်ထားတဲ့ အရည်ထဲမှာ ခံတက်ရွက်စည်းလေးတွေကို သေချာစီထည့်ထားတဲ့ စဥ့်အိုးလေးဟာ ကိုယ်နဲ့ အစ်မအတွက် တစိမ့်စိမ့်စောင့်ကြည့်စရာ အာလာဒင်မီးခွက်တစ်ခုအလားပါပဲ ..။

ညနေရောက်တိုင်းတော့ ကိုယ်နဲ့ အစ်မအတွက် စိတ်ညစ်စရာ အချိန်ရောက်လာပြီလို့ တွေးမိရလောက်အောင် ခြံထဲမှာ အဖေစိုက်ထားတဲ့ ရှောက်ပင်၊ သံပုရာပင်၊ ဆူးပုတ်ပင်၊ ကွမ်းပင် စတဲ့ သီးပင်စားပင်တွေကို ရေလောင်းတဲ့အလုပ် စရပါတယ်..။ ဆူးပုတ်ရွက်တွေလာဝယ်တဲ့သူရောက်လာရင်တော့ အစ်မနဲ့ ကိုယ်ဟာ တစ်လှည့်စီ ခူးပေးရင်း ကျောင်းမုန့်ဖိုးအတွက် စုကြရပါတယ်...။ ကျောင်းပိတ်ရက်တွေမှာတော့ ကိုယ်တို့နှစ်ယောက်ဟာ အဖေ့ရဲ့ ရွာမှာစိုက်ထားတဲ့ လယ်တောထဲကို ထမင်းထုပ်ကိုယ်စီကိုင်ရင်း အလည်လိုက်သွားလေ့ရှိကြပါတယ်..။ အလုပ်လုပ်တဲ့အမေ့အတွက် နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်အောင် ပါရမီဖြည့်ပေးခဲ့တဲ့အဖေဟာ ကိုယ်တို့ငယ်ဘဝမှာတော့ သူသွားလေရာ ခေါ်သွားလေ့ရှိခဲ့ခြင်းက အဖေနဲ့ သားသမီးတွေရဲ့ သံယောဇဉ်ကို ပိုလို့တိုးစေခဲ့သလိုပါပဲ ...။ မိသားစုကို ငဲ့ညှာမှုသိပ်မရှိဘဲ ယောက်ျားဝါဒီကို ကျင့်သုံးလေ့ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အဖေကတော့ တစ်မူခွဲထွက်ပြီး မိသားစုကို အလေးပေးဂရုစိုက်တာကြောင့် အများရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် အခုအချိန်မှာဆိုရင် မပူမပင်မကြောင့်မကြနေရခြင်းက အဖေနဲ့အမေရဲ့ တစ်စိတ်တစ်ဝမ်းတည်း ကြိုးစားခဲ့မှုကြောင့်သာ မဟုတ်ပါလား...။

Wednesday, 14 October 2015

>> Current >>Mood

October 14, 2015 2 Comments
ခုတလောမှာ .... လောကကြီးနဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်..။ ဖြစ်ဆို Facebook မသုံးဖြစ်တာ လနဲ့ချီ ကြာနေခဲ့ပြီလေ .....။ အဲဒီအခါ သူငယ်ချင်းတွေ အားလုံးနဲ့လည်း အဆက်ပြတ်သွားခဲ့တယ် ...။ Viber မှာ သူငယ်ချင်းအရင်းတွေကြား စကားဝိုင်းဖွဲ့ပြောကြတဲ့အခါမှာလည်း ကိုယ်ဟာ အမြဲလိုလို silent ဖြစ်နေမိတယ်....။ ဘာဖြစ်လို့ တိတ်တိတ်ကလေးဖြစ်နေတာလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးလာခဲ့တော့ ငါ ခဏကိုယ်ယောင်ဖျောက်နေချင်လို့ပါလို့ ပြန်ဖြေဖြစ်တယ်...။ ကိုယ့်ကို ပြောင်းလဲသွားတယ်လို့ သူက ဆက်ပြောပြန်တယ် .....။ တိတ်ဆိတ်လွန်းလို့ အချို့သူငယ်ချင်းတွေဆိုရင် ကိုယ် ခဏတဖြုတ်စကားဝင်ပြောတဲ့အခါ ထူးဆန်းသလို ဖြစ်လို့နေတယ် ..။ သူတို့ကို စိတ်ဆိုးစိတ်ကောက်နေလို့ပဲလားလို့ အထင်ရှိတဲ့ သူငယ်ချင်းတချို့ကတော့ တပြန်စိတ်ဆိုးပြီး ကိုယ့်ကို အခေါ်အပြောမလုပ်ကြတော့ပြန်ဘူး....။

ဘယ်အခြေအနေပဲရောက်ရောက် မောင်ကတော့ ကိုယ့်ဘေးနားမှာ ရှိနေပေးပါတယ် ....။ ကိုယ်ထင်ထားတာထက် သူဟာ ကိုယ့်အပေါ်မှာ ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်...။ မောင်က ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်အပေါ်မှာ အများကြီးနားလည်ပေးဖို့ ကြိုးစားရှာတယ်....။ အကြောင်းအရာမည်မည်ရရမရှိဘဲ ကိုယ်စိတ်တိုတဲ့အခါ .... ကိုယ်စိတ်ပြေလာအောင်တတ်နိုင်သလောက် သူကြိုးစားလေ့ရှိတယ်....။

Facebook မသုံးဖြစ်ပေမယ့်လည်း ဖုန်းဖွင့်ဖြစ်တဲ့အခါတိုင်း ကိုယ် စူးစိုက်ကြည့်မိတဲ့အရာက Google maps ဖြစ်လို့နေတယ်....။ ကိုယ်ငယ်ငယ်က ကျင်လည်ခဲ့တဲ့ ဇာတိမြေကို လိုက်ရှာပြီး အလွမ်းတွေကို ဖြေလျော့သလိုဘဲ တခါတလေ ဂျာမနီက ကိုယ့်ရဲ့ ဒုတိယတက္ကသိုလ်နဲ့ ကိုယ်နေခဲ့တဲ့အဆောင်လေးကို ကြည့်နေမိတယ်...။ အခုအချိန်မှာ ဘာကို အလွမ်းဆုံးလည်းလို့မေးလာခဲ့ရင် မြန်မာပြည်မဟုတ်ဘဲ ဂျာမနီမှာကုန်ဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝလို့ဖြေရင် ကိုယ့်ကို ပိုရန်ကောလို့ အထင်ရှိနိုင်ပေမယ့် တကယ့်ခံစားချက်တစ်ခုပါပဲ ...။ အဲဒီတုန်းက လူလတ်ပိုင်းအရွယ် ဘဝရဲ့ အတက်ကြွဆုံးအရွယ်ဖြစ်သလို သူငယ်ချင်းတွေဆိုတာလည်း နိုင်ငံမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူကြပေမယ့် စစ်မှန်တဲ့ခင်မင်မှုတွေပဲ ကြုံခဲ့ရတယ်...။ကိုယ်ဟာ ကျောင်းတက်ရုံကလွဲလို့ ဘာအပူအပင်မှ မရှိခဲ့ဘူး..။ အားလပ်ချိန်တွေဟာ ရာသီအလိုက်ပွင့်လေ့ရှိတဲ့ အလေ့ကျ ပန်းပွင့်လေးတွေကို လျှောက်ကြည့်ရင်း ဓါတ်ပုံရိုက်ရင်း စာတွေရေးရင်း ကုန်ဆုံးခဲ့တယ်..။ တခါတလေ သီချင်းတွေ နားထောင်ရင်း သီချင်းတွေဆိုရင်း စာတွေဖတ်ရင်း ကိုယ့်ဘဝဟာ ပျော်စရာအတိပြီးနေသလိုပါပဲ ...။

အခုရော အဆင်မပြေတာများရှိလို့လားလို့ မေးလာခဲ့ရင် မည်မည်ရရမရှိပေမယ့် အရင်လို ပျော်ရွှင်တက်ကြွနေတတ်တဲ့ အပူအပင်မရှိတဲ့ မိန်းမငယ်လေးတစ်ယောက်တော့ မဟုတ်တော့ပြန်ဘူး ....။ စာတွေအတွက် မိသားစုအတွက် ချစ်သူအတွက် သူငယ်ချင်းအပေါင်းအသင်းတွေအတွက် နောက်ဆုံး အကြီးကြီးပြောရရင် နိုင်ငံအတွက် ပူပန်သောကတချို့ကို ထမ်းပိုးနေတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်လို့နေတယ် ...။ စိတ်ကအရင်ရောက်နေပြီး လူကတော့ အမြဲလိုလိုနောက်ကျနေတတ်လို့ မြင်ရတဲ့သူတွေအတွက်တော့ ကိုယ့်ပုံစံဟာ တည်ငြိမ်မနေဘဲ ပြာယာခပ်နေတာသာ တွေ့နေမယ်ထင်ပါတယ်....။ အသက်ရလာတာနဲ့အမျှ ပိုပြီးတည်ငြိမ်မလာဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ ပြာယာနေတဲ့ကိုယ့်ပုံစံက မရင့်ကျက်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...။















ဟိုးတချိန်က နှင်းဆီပုံတွေ သူငယ်ချင်းတစ်ယောက်ဆီကနေ ကြည့်မိရင်း အဲဒီနေရာကို ရောက်ဖူးချင်လိုက်တာလို့ စိတ်ကူးယဉ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က အခုတော့ နှင်းဆီတွေရှိတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေပေမယ့် သူတို့ရဲ့ အလှအပကို အပြည့်အဝ မခံစားမိခြင်းက အသက်အရွယ်ရဲ့ ကွာခြားမှုကြောင့် ဖြစ်ပါလိမ့်မယ်.....။

Follow Us @soratemplates