Sunday, 21 June 2015

Today's Feelings ~~~

June 21, 2015 0 Comments
ဒီနေ့ တနင်္ဂနွေနေ့ပေမယ့် ကျောင်းမှာလုပ်နေတဲ့ Conference တစ်ခုမှာ Student Staff လုပ်နေတော့ မနက်အစောထရတယ်..။ ပုံမှန်ဆိုရင်တော့ ပိတ်ရက်ဆိုရင် မနက် ၈ နာရီလောက်မှ နိုးဖြစ်ပေမယ့် ဒီနေ့တော့ အလုပ်လုပ်ရမှာဆိုတော့ မဖြစ်မနေ ထဖို့လိုအပ်တယ်လေ..။ ညက အိပ်မက်စုံရာကြည့်တာက ၁၂ နာရီခွဲကျော်မှ ပြီးတယ်..။ ဒီမှာက မြန်မာနိုင်ငံထက် ၂ နာရီခွဲစောတာဆိုတော့ သူတို့ဆီက ၁၀ နာရီက ဒီမှာ ၁၂ နာရီခွဲနေပြီ..။ ဒါပေမယ့်လည်း မြန်မာပြည်ပြန်တုန်းက ကြည့်လက်စဆိုတော့ Grand Final ပွဲလည်း နီးလာပြီဖြစ်တာနဲ့ weekend တိုင်း အိပ်ရေးပျက်ခံပြီး ကြည့်ဖြစ်နေတာ..။

ကျောင်းကို မနက် ၉ နာရီအရောက်သွားရမှာဆိုတော့ ၇ နာရီခွဲမှ နိုးတာနဲ့ ပြူးပြူးပြာပြာပြင်ဆင်ပြီး အပြေးသွားရတယ်...။ Morning session က ၁ နာရီမှပြီးမှာဆိုတော့ မနက်စာလည်း အပြေးအလွှားစားခဲ့ရသေးတယ်..။ မဟုတ်ရင် လူတွေကြားထဲလည်း မရှောင်ပဲ ဗိုက်က ဂွီဂွမ်နဲ့ ထမြည်တတ်လွန်းလို့လေ..။ ၈ နာရီခွဲမှအိမ်က အထွက်မှာ မိုးကမရွာသေးပေမယ့် အိမ်နဲ့ မလှမ်းမကမ်းအရောက်မှာ မိုးပေါက်တွေ အများကြီးကျလာတယ်..။ သွားရမယ့် နေရာက နည်းနည်းလှမ်းတော့ စက်ဘီးစီးရင်း ထီးစောင်းတာ မကျွမ်းကျင်ပေမယ့် မရအရဆောင်းနေရင်း တစ်ကိုယ်လုံးလည်း စိုရွှဲလို့..။ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကျောင်းဝန်းတစ်နေရာမှာ စက်ဘီးကို ထားခဲ့လိုက်ပြီးတော့ ခြေကျင်ပြေးရတယ်..။

ရောက်တော့ presentation တွေ စခါနီးနေပြီ။ လုပ်ရမယ့်အလုပ်က Time keeper။ အချိန်မှတ်ပေးပြီး ဘဲလ်တီးပေးရတာ..။ conference တက်ဖို့ registration လုပ်ဖို့ရာက မြန်မာပြည်ပြန်နေတုန်းဖြစ်တာကြောင့် နောက်ကျသွားတာနဲ့ ကျောင်းရောက်တော့ student staff အနေနဲ့ ဝင်လုပ်လို့ရတယ်ဆိုတာနဲ့ပဲ လုပ်ဖြစ်သွားတာ..။ ဂျပန်စကားက သိပ်မရသေးတော့ စကားတွေပြောရမယ့်နေရာကို ရှောင်ပြီး အလုပ်ကို ခွဲပေးလိုက်တော့ ကျမရဲ့အလုပ်က presentation အချိန်တွေကို control လုပ်ပေးရတဲ့ time keeper ဖြစ်သွားတယ်..။ အိပ်ငိုက်တတ်တဲ့သူနဲ့ အချိန်မှတ်တဲ့အလုပ်နဲ့မှ တည့်တည်းတိုးတော့တာဆိုတော့ လူတွေရှေ့ငုတ်တုတ်ထိုင်၊ timer ကို သေချာကြည့်နဲ့ မနည်းမျက်လုံးပြူးထားရတော့ ပြီးလဲပြီးရော ဗိုက်ကလည်းဆာ၊ အိပ်ငိုက်ချင်တာ ကောင်းကောင်းမငိုက်ရတော့ ခေါင်းတွေချာချာလည်အောင် နောက်နေရင်း သူငယ်ချင်းတွေနဲ့ နေ့လည်စာစားကြတယ်..။

ပြီးတာနဲ့ အလုပ်ပြီးပြီဆိုတော့ lab မှာ ခဏနားပြီး စာလုပ်ဖို့အတွက် ပြန်လာခဲ့တယ်..။ စားခဲ့တာက တရုတ်ဆိုင်ဆိုတော့ ခရုဆီတွေ၊ အချိုမှုန့်တွေထည့်ချက်ထားတာနဲ့ပဲ အိပ်ချင်စိတ်က ပိုတက်လာနေခဲ့တယ်..။ အခန်းထဲရောက်ရောက်ချင်းပဲ facebook ကို ခဏကြည့်လိုက်တော့ Fathers' Day အတွက် post တွေ အများကြီးပဲ တန်းစီတွေ့လိုက်ရတယ်..။ အဲတော့မှ ဒီနေ့က ဇွန်လတတိယပတ်ရဲ့ တနင်္ဂနွေဖြစ်တာကြောင့် အဖေများနေ့ဆိုတာ အမှတ်ရပြီး အဖေ့ကိုလည်း သတိရမိတော့တယ်..။

တနင်္ဂနွေနေ့ဆိုတော့ ဒီနေ့ Lab ကို အခြားကျောင်းသူကျောင်းသားတွေ မလာတာနဲ့ပဲ အခန်းထဲမှာ စာမလုပ်ခင် ခဏလောက်အိပ်ဦးမယ်ဆိုပြီး ပြင်နေတုန်း Viber ကနေပြီး အဖေ့ဆီက ဖုန်းလာတယ်..။ တကယ်ကတော့ အဖေက အဖေများနေ့ဆိုတာ သိလို့ခေါ်တာဖြစ်မှာ..။ အရင်ဆုံးမေးမိတာက ယုန်လေးနေကောင်းရဲ့လားအဖေ ဆိုပြီးတော့ပေါ့..။ ယုန်လေးဆိုတာ ကျမရဲ့ အချစ်ဆုံးခွေးဖြူကလေးရဲ့နာမည်။ သူ့အမွှေးတွေက အဖြူရောင်တွေချည်းဖြစ်နေပြီး ငယ်ငယ်လေးတုန်းက ယုန်လေးနဲ့တူလို့ ယုန်လေးလို့ခေါ်ရင်း အဲနာမည်တွင်သွားတာ..။ သူအိမ်ကိုရောက်လာပုံက နည်းနည်းတော့ ရှုပ်တယ်..။ သေချာတာက အဖေကိုယ်တိုင် ကျမအတွက် သွားဝယ်ပေးခဲ့တာ..။ ဒါပေမယ့် ဘယ်သူဝယ်ပေးခဲ့တယ်ဆိုတဲ့ ပဟေဠိကရှိသေးတော့ နောက်မှ စာရေးတဲ့တနေ့ ရှင်းပြပါဦးမယ်..။ အမေပြောသလို ဖုန်းဆက်ရင် လူတွေနေကောင်းလားအရင်မမေးဘူး၊ သူ့ယုန်လေးပဲ အရင်သတိရတယ် ဆိုပြီး ပြောနေကျဖြစ်ပေမယ့် စိတ်က လူတွေကိုတော့ စိတ်ချပြီးသားဆိုတော့ ယုန်လေးကိုပဲ အပြင်ထွက်သွားမလား၊ အစားမှားစားမလား စိုးရိမ်ပြီး မေးဖြစ်ခဲ့တာ..။


အဖေက သတိတရနဲ့ ဖုန်းဆက်ပေမယ့် ထွေရာလေးပါးတွေပဲ ပြောဆိုဖြစ်ရင်း အဖေနေ့မို့ အဖေ့ကို ကန်တော့ပါတယ်၊ သတိရပါတယ်ဆိုတဲ့ စကားတွေတော့ မပြောဖြစ်ခဲ့ဘူး..။ အဖေနဲ့ဖုန်းပြောပြီးပြီးချင်းပဲ သူငယ်ချင်းတစ်ယောက်စီက Message လာတယ်..။ သူ့အဖေက အဖေနေ့ဆိုတာသိလို့ထင်တယ်၊ သူ့ဆီကို မှတ်မှတ်ရရဖုန်းဆက်လာတော့ အံ့သြကြည်နူးသွားမိတယ်တဲ့။ တကယ်ဆို သားသမီးတွေအနေနဲ့ ငါတို့က အရင်ဆုံးမှတ်မှတ်ရရဆက်သင့်တယ်မလားတဲ့..။ ငါတို့ တော်တော်ဆိုးတာပဲ ဆိုပြီး ပြောလာတယ်..။ မဟုတ်ပါဘူးလို့၊ တကယ်က ပါးစပ်က ဖွင့်မပြောကြပေမယ့် ငါတို့က မိဘတွေစိတ်ချမ်းသာအောင် ဂုဏ်ယူရအောင် အမြဲကြိုးစားနေတဲ့ သားသမီးတွေမဟုတ်လား လို့ ပြန်နှစ်သိမ့်လိုက်တယ်..။

အဖေများနေ့ဆိုတော့ ငယ်ငယ်ကလေးတည်းက အဖေ့ရဲ့ ဂရုတစိုက်ရှိမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြန်သတိရမိတယိ..။ ကျောင်းမတက်ခင် ကလေးသေးသေးလေးဘဝတုန်းက အဖေအလုပ်သွားရင် အဖေ့စက်ဘီးရဲ့ ရှေ့မှာ ခုံလေးချိတ်ပြီး ကျမကလိုက်ကာ အစ်မကတော့ နောက်ကခုံမှာ အဖေ့ကိုဖက်ပြီး လိုက်လေ့ရှိတယ်...။ အမေ့အလုပ်က အိမ်မှာဆိုတော့ အမေအလုပ်ကို ဖြောင့်ဖြောင့်လုပ်နိုင်အောင် ကလေးနှစ်ယောက်ကို အဖေပဲ အလုပ်တစ်ဖက်နဲ့ ထိန်းလေ့ရှိခဲ့တယ်..။ ကျောင်းနေတဲ့အခါ အခြားနေ့တွေတော့ အဖေရော အမေရော ကျောင်းကို လိုက်လေ့မရှိပေမယ့်  ကျေင်းအပ်တဲ့ရက်တိုင်းတော့ ကျမကို အဖေ့ရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်စေပြီး အစ်မကိုတော့ စက်ဘီးသေးသေးလေး စီးခိုင်းကာ ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့တယ်..။ ကိုးတန်း ဆယ်တန်းမှာ ကျူရှင်တွေကို ညဘက်တွေထိ တက်ရတဲ့အခါ စက်ဘီးတစ်စီးနဲ့ အဖေက လိုက်ပို့၊ လိုက်ကြိုလုပ်ပေးခဲ့တယ်..။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့ အချို့နေ့တွေမှာ ဆိုင်ကယ်နဲ့ အဖေကိုယ်တိုင် ကျမကို ကျောင်းလိုက်ပို့ပေးခဲ့တယ်..။ အလုပ်ထဲရောက်တော့လည်း တခါတလေ အဖေကိုယ်တိုင် ဆိုင်ကယ်နဲ့ လာကြိုခဲ့တယ်....။ အခုတော့ ကျမသွားချင်တဲ့နေရာတွေ၊ သုတေသနလုပ်ချင်တဲ့ တောရွာတွေဘက်ကို ကားတစ်စီးနဲ့အဖေကိုယ်တိုင် လိုက်ပို့ခဲ့တယ်...။ ကျမ နိုင်ငံရပ်ခြားကို သွားရလေ့ရှိတဲ့အခါ လေဆိပ်အထိ အဖေကိုယ်တိုင် မပျက်မကွက် ပို့တတ်ခဲ့တယ်..။ သွားနေကျဖြစ်နေပြီမို့ ကျမအတွက် ဝမ်းနည်းအားငယ်စိတ်ဆိုတာ မရှိတော့ဘဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ခွဲခွာခဲ့ပေမယ့် ကျန်နေခဲ့သူတွေရင်ထဲ ဘယ်လိုခံစားနေခဲ့ရမလဲ သိပ်မတွေးဖြစ်ခဲ့ဘူး...။ အိမ်မှာက အများအားဖြင့် ကျမကသာ ချန်ထားရစ်သူဖြစ်တာကြောင့် ကျန်တဲ့သူတွေရဲ့ ခံစားချက်ကို သိပ်ပြီး ကိုယ်ချင်းမစာတတ်ခဲ့ဘူး..။ သူငယ်ချင်းတွေကတော့ အားပေးပါတယ်..။ ကြိုးစားတဲ့ နင့်အတွက် မိဘတွေက ဂုဏ်ယူနေမှာပါတဲ့.၊ သူတို့ ဝမ်းမနည်းလောက်ပါဘူးတဲ့လေ..။ အတောင်အလက်စုံလာတဲ့အခါ ကောင်းကင်ကြီးမှာ ပျံသန်းစပြုနေပြီဖြစ်တဲ့ ငှက်တစ်ကောင်အတွက် အသိုက်ဟောင်းကတော့ အစဉ်အမြဲကြိုဆိုနေမှာပါပဲ ....။ ပျံသန်းရင်း အတောင်ညောင်းလာတဲ့အခါ နားခိုမယ့်နေရာဟာလည်း ဒီအသိုက်ပဲဖြစ်တာကြောင့် မိဘတွေအနေနဲ့ ဝမ်းနည်းစိတ်တော့ ဖြစ်နေမယ်မထင်မိပါဘူး....။ အသံကြားချင်တဲ့အခါ သတိရတဲ့အခါ ချက်ချင်းပြောဆို ဆက်သွယ်နိုင်အောင် ကွန်ယက်တွေက ကောင်းလာပြီဖြစ်တဲ့အတွက် အနေဝေးပေမယ့်လည်း နီးနီးလေးလို ခံစားမိဆဲပါပဲ ....။

Friday, 5 June 2015

5th JUNE >>2015

June 05, 2015 0 Comments
လွန်ခဲ့သော ၃ နှစ်မတိုင်ခင်အထိ ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ်သာ မှတ်မှတ်ထင်ထင်ရှိနေဖြစ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခါပြောင်းလဲ သတ်မှတ်သည့် WED ၏ Theme များသည် ကျမအတွက်တော့ စိတ်ဝင်စားဖွယ်ရာများ ဖြစ်နေတတ်ခဲ့သည်။ လက်ရှိကာလ ကမ္ဘာတစ်ဝှမ်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿ     နာများကို မီးမောင်းထိုးပြလေ့ရှိသည့် WED ၏ ဆောင်ပုဒ်များသည် တစ်နှစ်ပြီးတစ်နှစ် မတူညီသကဲ့သို့ ထိုတစ်နှစ်ကုန်ဆုံးသွားပါက အဆိုပါပြဿ     နာများအား ကမ္ဘာကြီးကို အများဆုံးခြယ်လှယ်စိုးမိုးထားသည့် လူ့အဖွဲ့အစည်းက အပြီးတိုင်ဖြေရှင်းနိုင်ခဲ့လေသလားဆိုတာတော့ မသေချာခဲ့ပေ...။ အနည်းဆုံးတော့ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပြဿ     နာများကို ဖြေရှင်းဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်မည်ဖြစ်သည်..။

ယခုနှစ်အတွက် WED theme မှာတော့ "Seven Billions Dreams. One Planet. Consume with Care." ဆိုလိုရင်းမှာတော့ သက်ရှိအားလုံးအနေဖြင့် ကမ္ဘာ့သယံဇာတများပေါ်တွင် မှီခိုရပ်တည်နေရခြင်းဖြစ်သဖြင့် နောင်အနာဂတ်ကာလအထိ ရေရှည်ရပ်တည် အသုံးပြုနိုင်ရန် သဘာဝသယံဇာတများကို စနစ်တကျ အသုံးချနိုင်ရန် သတိပေးလိုရင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေမှာ တစ်နေ့တခြားတိုးပွားလာနေသဖြင့် ယခု ၇ ဘီလီယံမှသည် ၂၀၅၀ ခုနှစ်တွင် ၉.၆ ဘီလီယံအထိ တိုးပွားလာနိုင်မည်ဖြစ်ရာ ယခုသုံးစွဲသည့်နှုန်းအတိုင်းသာ သယံဇာတများကို သုံးစွဲသွားပါက ထိုအချိန်ရောက်လျှင် ယခုကမ္ဘာမျိုး ၃ လုံးခန့်ရှိမှသာ အားလုံးသုံးစွဲဖို့ လုံလောက်မည်ဖြစ်ပေသည်။ သို့ဖြစ်ရာ ကျမတို့အတွက် ကမ္ဘာကြီးက တစ်လုံးတည်းသာရှိသဖြင့် သဘာဝသယံဇာတများကို ဂရုတစိုက် စနစ်တကျ သုံးစွဲသင့်ကြောင်း WED က ထပ်ဆင့်အသိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ဆုံတွေ့ခဲ့သည့် လူငယ်တစ်ဦးကြောင့် ထိုအချိန်မှစကာ ဇွန်လ ၅ ရက်နေ့သည် ကျမအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သာမက လူတစ်ဦး၏ မွေးနေ့အဖြစ်ပါ မှတ်မှတ်ရရ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့သည် မောင်နှင့် ကျမ အတွက် ဝမ်းနည်းစရာ ခွဲခွာချိန်တစ်ခုဖြစ်ခဲ့ဖူးသည်..။ ချစ်သူကို ထားရစ်ကာ နိုင်ငံရပ်ခြားသို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သောနေ့သည် မောင့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေခြင်းအတွက် ဝမ်းနည်းမှုက ပိုသာခဲ့သလေသလား မသိပေ..။ သို့သော် သေချာသည်က မောင့်ရှေ့တွင် ကျမ မျက်ရည်တစ်စက်မှ မကျခဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခွဲခွာနှုတ်ဆက်ခဲ့သည်သာဖြစ်သည်...။ ထိုနှစ်အတွက် မောင့်ကို ကျမပေးခဲ့သော လက်ဆောင်မှာ မောင် အင်မတန်သဘောကျ နှစ်သက်ကာ ယခုအချိန်အထိ အမြတ်တနိုး ဝတ်ဆင်ထားသည့် နာရီတစ်လုံးသာ ဖြစ်ခဲ့ပါသည်....။

၂၀၁၄ ဇွန်လ ၅ ရက်နေ့ကတော့ ၂၀၁၃ ခုနှစ်နှင့် ပြောင်းပြန်ဖြစ်ကာ မောင်က နိုင်ငံခြားရောက်နေ၍ ကျမက မြန်မာပြည်မှာ ရှိနေခဲ့ပါသည်...။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ ဘဝရည်မှန်းချက် စသည်ဖြင့် အရာအားလုံး မတူညီမှုများကြောင့် မောင်နှင့်ကျမ လမ်းခွဲဖို့ ကျမက ရည်ရွယ်ထားချိန်လည်း ဖြစ်သဖြင့် အဆက်အသွယ်မလုပ်တော့ချိန်လည်း ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ထိုနေ့တွင်တော့ မောင့်မွေးနေ့အဖြစ် မှတ်မှတ်ရရ သတိရနေခဲ့ရက်နှင့် နှစ်ဦးသား အဆက်အသွယ်လုံးဝပြတ်တောက်နေကြချိန် ဖြစ်ခဲ့သဖြင့် ထိုနေ့အတွက် မောင့်ကို ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ပါ ...။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးချိန်မှာတော့ ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်ဖြစ်သည့် မောင့်မွေးနေ့နှစ်ပတ်လည်နေ့ကို တစ်ခေါက်ပြန်လည် ရောက်ရှိလာပြီဖြစ်ပါသည်...။ နားလည်မှုများစွာ ကြိုးစားတည်ဆောက်ခဲ့ရသည့် ချစ်ခြင်းတစ်ခုအတွက် ဝေးကွာခြင်းသည်လည်း ချစ်သူနှစ်ဦးအား ကွဲကွာစေရန် မစွမ်းသာတော့အောင် သံယောဇဉ်တို့က ခိုင်မာနေခဲ့ပြီဖြစ်ပါသည်...။ ၂၀၁၅ ခုနှစ် မောင့်မွေးနေ့တွင်မတော့ ဟိုယခင် နှစ်များနှင့် မတူညီစွာ မောင်ရော ကျမရော နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြခြင်းဖြစ်ပါသည်...။ ကျမဆီမှာ မနက်ခင်းအချိန်သည် မောင့်ဆီမှာ ညဖြစ်နေအောင် အချိန်က ၁၂ နာရီကျော် ကွာခြားပါသည်။ ကျမ၏ မနက်ခင်းများသည် မောင့်အကြင်နာစကားသံများနှင့် လွှမ်းခြုံနေစေသကဲ့သို့ မောင့်ရဲ့ ညအိပ်ခါနီးအချိန်များသည်လည်း ကျမ၏ စကားလုံးများဖြင့် ကုန်ဆုံးဖြစ်ခဲ့ပါသည်....။ ညတိုင်းညဥ့်နက်မှ အိပ်ရာဝင်သော ကျမအတွက် မနက်ခင်းကျောင်းသွားခါနီးတိုင်း ပြာယီးပြာယာစကားတွေ တရစပ်ပြောနေတာကို ဖုန်းတစ်ဖက်မှ မောင်က ရယ်မောကာ နားထောင်နေကျဖြစ်ပါသည်။ ဖုန်းမှ စပီကာဖွင့်ကာ အခန်းထဲမှာ လူးလာခေါက်တုန့်ပြန်ရင်း ကျောင်းသွားဖို့ ပစ္စည်းတွေ ကျောပိုးအိတ်ထဲထည့်၊ နေ့လည်စာပြင်ဆင်၊ မနက်စာစားသောက်နေချိန်များတွင် မောင်က ကျမဘေးနားမှာ ရှိနေသကဲ့သို့ စကားတွေ ဝိုင်းဖွဲ့နေကျဖြစ်ပါသည်...။ ထို့နောက်တော့ ကျောင်းသွားရာလမ်းတစ်လျှောက် စက်ဘီးနင်းရင်း နားကြပ်တပ်ကာ မောင်က သွားရာလမ်းတစ်လျှောက်လုံး လိုက်ပါလာသကဲ့သို့ ခံစားရသဖြင့် ကျမ၏ မနက်ခင်းကျောင်းသွားချိန်များသည် တစ်ဦးတည်း အထီးကျန်ခြင်းကို စိုးစဉ်းမျှ မခံစားရပေ ...။
တစ်နေ့လုံးတွင်မှ ကျမ၏အချိန် မနက်ခင်း မောင့်ဆီတွင်တော့ ညအချိန်တွင် ၁ နာရီကျော်ကြာ စကားပြောဆိုမှုများသည် ကျမတို့နှစ်ယောက်အတွက် အဖိုးမဖြတ်နိုင်သော အချိန်အပိုင်းအခြားတစ်ခုဖြစ်ပါသည်...။

ဒီနေ့ ချစ်သူရဲ့မွေးနေ့ ...
မောင့်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် မောင်တောင်းဆိုသည့်အတိုင်း မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ နံ့သာ၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ကို ဆက်ကပ်ပေးဖြစ်ခဲ့ပါသည်..။ ကျမ၏ ဖြည့်ဆည်းမှုတစ်ခုအတွက် မောင်က ကြည်နူးနေသောအခါ ကျမလည်း ထပ်တူပျော်ရွှင်နေခဲ့တာဖြစ်သည်..။
နောက်ထပ် မွေးနေ့လက်ဆောင်တစ်ခုက မောင်ဖတ်သည်ဖြစ်စေ မဖတ်သည်ဖြစ်စေ မောင့်အတွက် ကျမ၏ ဝါသနာတစ်စိတ်တပိုင်းကို လက်ဆောင်ပေးချင်ခဲ့သောကြောင့် ဒီနေ့တော့ Blog တွင် ပို့စ်တစ်ပုဒ် မဖြစ်မနေရေးဖြစ်ခဲ့ပါသည်...။ တကယ်တမ်းတော့ လောလောဆယ်တွင် စာတွေနှင့် ပိနေသောကြောင့် Blog post တွေရေးဖို့ Mood မဝင်သော်လည်း အမှတ်တရအဖြစ် ရေးလိုက်သော ပို့စ်တစ်ခုသည် ချစ်သူ၏ မွေးနေ့အတွက် မှတ်မှတ်ရရဖြစ်သွားလိမ့်မည် ဖြစ်ပါသည်။
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf

Follow Us @soratemplates