Friday, 30 January 2015

အချစ်အကြောင်း စကားစမြည် (၂) ~~

January 30, 2015 0 Comments



အချစ်အကြောင်း စကားစမြည် ပြောကြည့်ကြပါဦးစို့ ..။ တခါတလေလည်း ဘဝဆိုတာကြီးမှာ ကျင်လည်နေရင်း သင်ယူစရာတွေ၊ လေ့လာစရာတွေနဲ့ ဝေးကွာရာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ကြည်နူးစရာ အချစ်အကြောင်းကို တခုတ်တရ တွေးပြီး ရေးချင်မိတဲ့အခါတွေလည်း ရှိလာခဲ့တယ်....။

တကယ်ချစ်တတ်သူတစ်ယောက်ရဲ့ စိတ်ကူးထဲ အတွေးထဲ အိပ်မက်ထဲ ဝင်ကြည့်တဲ့အခါ သူ့စိတ်ထဲမှာ သူချစ်ရသူရဲ့အကြောင်းသာ အမြဲလိုလို ရှိနေတတ်တယ်...။ ချစ်သူရဲ့ဘဝက ဘယ်လောက်ပဲ အဆင်ပြေ ချောမွေ့နေပါစေ...၊ သူလမ်းကူးသွားရင်တောင် အန္တရာယ်ကင်းပါ့မလား၊ အတက်အဆင်းတွေမှာ ခြေခေါက်လဲလေမလား၊ ရာသီအကူးအပြောင်းမှာ နှာစေးချောင်းဆိုးဖြစ်လေမလား အစရှိသဖြင့် ပူပန်နေတတ်သူသာ ဖြစ်တယ်....။ အားလပ်ချိန်ရှိလာခဲ့ရင် ဖုန်းခေါ်ဖို့၊ Message ပို့ဖို့ ပထမဆုံး သတိရတတ်သူဟာ ချစ်သူသာ ဖြစ်ပါလိမ့်မယ်...။ ဘယ်လောက်ပဲ ဝေးကွာတဲ့နေရာမှာ ရောက်နေပါစေ၊ အခြေအနေပေးလာခဲ့ရင် ချစ်သူဆီအပြေးလာဖို့ ခြေမနှေးတတ်သူ ဖြစ်လာပါတယ်...။ အခြေအနေမပေးသေးလို့ နှစ်ယောက်ဝေးကွာနေရင်လည်း ချစ်သူအနားကို အရောက်လာဖို့ ကြံစည်ကြိုးစားနေတတ်သူမျိုးလည်း ဖြစ်လာပါတယ်...။

တကယ်ချစ်တတ်သူတစ်ယောက်ရဲ့ စိတ်ထဲမှာ ချစ်သူကို ပျော်ရွှင်စေဖို့၊ အဆင်ပြေစေဖို့၊ ကျန်းမာစေဖို့သာ ဆန္ဒရှိပြီး ပြောမိတဲ့စကားအချို့ဟာ ကရုဏာဒေါသတွေ ဖြစ်နေတတ်ပြန်ပါသေးတယ်..။ သူချစ်သလောက်ပြန်မချစ်ဘူးလို့ ခံစားမိရင် စိတ်ဆိုးဒေါသထွက်တတ်သူတစ်ယောက်လည်း အလိုအလျောက်ဖြစ်သွားတတ်ပါတယ်...။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ယှဉ်လိုက်ရင် သူ့ကို ပိုအလေးထားတာကို လိုချင်တတ်တာကြောင့် တခါတလေမှာ နားလည်မှုမရှိသူတစ်ယောက်လည်း ဖြစ်သွားတတ်ပြန်ပါတယ်...။ အနီးမှာနေရရင်ပဲဖြစ်ပါစေ၊ အဝေးမှာရောက်နေရသူပဲဖြစ်ပါစေ.. ချစ်သူရဲ့အားလပ်ချိန်တွေကို အဖော်ပြုပေးချင်သူတစ်ယောက်ဖြစ်ပြီး သူရဲ့အားလပ်ချိန်တွေဟာလည်း ချစ်သူအတွက်သာ ကုန်ဆုံးစေတတ်သူတစ်ယောက် ဖြစ်တတ်ပါတယ်...။

ချစ်သူကြိုက်တတ်တဲ့အစားအသောက်၊ အသုံးအဆောင်များကို မှတ်မှတ်ရရရှိတတ်သူဖြစ်ပြီး ... အရင်က မကြိုက်တဲ့အစားအစာဖြစ်ရင်တောင်မှ ချစ်သူကြောင့် စားတတ်လာသူလည်း ဖြစ်လာပါတယ်...။ ချစ်သူနားထောင်တတ်တဲ့သီချင်းသံကြားရင် အလိုလိုသတိရလာတတ်ပြီး ချစ်သူဖတ်လေ့ရှိတဲ့စာအုပ်တွေဟာ အဝေးရောက်နေချိန်မှာ သူ့အတွက် အဖော်တွေဖြစ်လို့သွားပါတယ်..။ ချစ်သူရဲ့ ဝါသနာဟာ သူ့ရဲ့ဝါသနာဖြစ်လာပြီး ချစ်သူရဲ့ ပျော်ရွှင်မှုဟာ သူ့ရဲ့ ပျော်ရွှင်မှုဖြစ်လာပါတယ်...။ 

တကယ်ချစ်တတ်လာတဲ့အခါ ချစ်သူက သူ့ဆီကို ခြေတစ်လှမ်းမှ လှမ်းလာစရာမလိုဘဲ သူကသာ ချစ်သူဆီ အရောက်သွားဖို့ ခြေလှမ်းပေါင်းများစွာကို လှမ်းမယ့်သူသာ ဖြစ်ပါတယ်....။ ချစ်သူက ဖမ်းဆုပ်စရာမလိုဘဲ ချစ်သူရဲ့ လက်ကို မြဲမြံအောင် မလွှတ်တမ်း ခိုင်ခိုင်တွဲထားမယ့်သူလည်း ဖြစ်လာပါတယ်...။ စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှ စိတ်မကူးဘဲ ချစ်သူကို ပိုင်ဆိုင်နိုင်ဖို့အတွက်က အရေးကြီးဆုံးအရာတစ်ခု ဖြစ်လာပါတယ်..။ 

တကယ်ချစ်တတ်သူက ချစ်သူကို ပျော်ရွှင်စေလိုပြီး တကယ်မချစ်သူကတော့ သူပျော်ရွှင်ဖို့ကိုသာ ဦးစားပေးတတ်သူ ဖြစ်ပါတယ်..။ အချစ်စစ်မှာ ချစ်သူအတွက် အချိန်တွေများစွာရှိနေတတ်ပေမယ့် အချစ်စစ်မဟုတ်ရင်တော့ အကြောင်းပြချက်တွေ များစွာ ရှိလာပါလိမ့်မယ် ...။ အချစ်စစ်မှာ နားလည်မှု၊ ဖေးမကူညီမှု၊ စာနာကြင်နာမှုတွေ များစွာရှိတတ်ပေမယ့် အချစ်စစ်မဟုတ်ခဲ့ရင်တော့ စိတ်ရှည်သည်းခံမှု၊ စာနာထောက်ထားမှု၊ ရှင်းပြပြောဆိုမှုတွေ တစ်ခုမှ ရှိမှာမဟုတ်ပါဘူး..။ အချစ်စစ်က ချစ်သူအတွက် ကုန်ကျတဲ့ငွေကြေးတွေနဲ့ ချစ်သူရဲ့ ပျော်ရွှင်မှုကို အလဲအထပ်လုပ်ရတာ ထိုက်တန်တယ်လို့ ယူဆချိန်မှာ တကယ်မချစ်ရင်တော့ ကိုယ်ကုန်ကျပေးတဲ့ငွေကြေးနဲ့ထပ်တူ ချစ်သူဆီကလည်း တစုံတရာသော ငွေကြေးတန်ဖိုးကို ပြန်လည်ရယူလိုချင်သူ ဖြစ်တတ်ပါတယ်..။ 


တကယ်ချစ်တဲ့သူဆိုတာ အရာအားလုံးနဲ့ယှဉ်လိုက်ရင် ချစ်သူကိုသာ ရွေးချယ်သူဖြစ်ပြီး .... တကယ်မချစ်တဲ့သူကတော့ ချစ်သူထက် အရာရာကို ဦးစားပေးငဲ့ညှာ ရွေးချယ်တတ်သူသာ ဖြစ်ပါတယ်..။ 

Part (1) 

Sunday, 25 January 2015

after #One #Lakh

January 25, 2015 5 Comments
ဟိုးတလောက ကောင်မလေးတစ်ယောက် Youtube မှာ သီချင်းဆိုလိုက်တာ ရက်ပိုင်းလောက်အတွင်း ကြည့်တဲ့သူတွေ သိန်းကျော်သွားသတဲ့....။ အဲဒီလိုပဲ Facebook မှာ အချို့ စာတိုပေစရေးတဲ့သူတချို့မှာ သူငယ်ချင်းက ၅၀၀၀ လောက်နဲ့ Follower သောင်းပေါင်းများစွာရှိပြီး စာလေးတစ်ခုရေးလိုက်တာနဲ့ လူအတော်များများ သဘောကျပြီဆိုရင် တစ်ရက်တည်းနဲ့ ဖတ်သူပေါင်း သိန်းဂဏန်းလောက်ထိရောက်သွားနိုင်အောင် အချို့ Social network တွေက စွမ်းဆောင်နိုင်တယ်လေ..။
ဒါပေမယ့်လည်း Blog လေးတစ်ခုမှာ ၃ နှစ်နီးပါးလောက် ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ တိတ်တိတ်ကလေး စာရေးနေတဲ့စာရေးဝါသနာပါသူတစ်ယောက်အတွက်တော့ Post ပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကုန်လွန်ပြီးခဲ့တဲ့အခါမှာတော့ Readers counter မှာ ဖတ်သူပေါင်း တစ်သိန်းကျော်ပြီဖြစ်တဲ့အကြောင်း ဂဏန်းလေးတွေ တွေ့လာရတယ်...။ အဲဒီဂဏန်းတွေထဲမှာ ကိုယ်တိုင်ဝင်ဖတ်လို့ Counter number တွေတိုးလာတာက ဘယ်လောက်တောင် များလိုက်မလဲဆိုတာတော့ မတွေးချင်ခဲ့ဘူးလေ..။ အနည်းဆုံးတော့ ကိုယ်ရေးတဲ့စာတွေကိုဖတ်သူ တစ်သိန်းကျော်ဖြစ်သွားပါလား ဆိုတဲ့ ပီတိလေးတစ်ခုကို လွတ်လွတ်လပ်လပ် ခံစားစေချင်မိတာလည်း ပါတာပေါ့ ...။

အချို့သူတွေအတွက်တော့ ဖန်တီးမှုလေးတစ်ခုတည်းနဲ့တင် ရက်ပိုင်းလောက်အတွင်း သိန်းဂဏန်းလောက်အထိ လူသိများအောင် လုပ်နိုင်ချိန်မှာ ကျမအတွက်တော့ ခံစားချက်တွေ၊ အချိန်တွေ၊ ဝါသနာတွေ စသဖြင့် အရင်းအနှီးတချို့နဲ့ ဖန်တီးခဲ့တဲ့ Blog လေးတစ်ခုဟာ အသိအမှတ်ပြု ခံရမှု နည်းခဲ့ပါတယ်...။ ဒါပေမယ့် ဒါကလည်း ကျမရဲ့ ရွေးချယ်မှုပဲ ဖြစ်နေခဲ့တာကိုး .......။ စာရေးတာဝါသနာလည်းပါတယ်၊ ကိုယ်စာရေးတာကို လူအများအသိအမှတ်ပြုတာလည်း ခံချင်တယ်ဆိုရင် ဒီခေတ်မှာ Social network တွေကတဆင့် အများသိအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတာပဲလေ..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် အေးအေးလူလူ စာပဲရေးချင်လို့ ကျမ ဘာမှ မလုပ်ခဲ့ပါဘူး...။ ဖတ်မယ့်သူမရှိလဲ ရေးနေရတာကိုပဲ ကျေနပ်နေတာဆိုတော့ ဂဏန်းတွေဟာ ကျမအတွက်တော့ ဘာမှ အရေးတကြီးမရှိလှပါဘူး.....။

မနေ့က ကျောင်းမှာ reading club လုပ်တဲ့နေ့ဖြစ်ပြီး မနေ့က ကျမက ဦးဆောင်ဆွေးနွေးရမယ့်သူအဖြစ် တာဝန်ကျခဲ့ပါတယ်...။ paper တစ်စောင်ကို ကျမစိတ်ဝင်စားတဲ့အကြောင်းအရာကို ရွေးချယ်လို့ရပြီး အားလုံးကို တစ်ပတ်ကြိုတင်ပြီး ပေးပို့ကာ ဖတ်စေခဲ့ပါတယ်..။ လောလောဆယ် ကျမစိတ်ဝင်စားနေတာ Social ပိုင်းနဲ့ ပတ်သက်တာဆိုတော့ အဲဒါနဲ့ဆိုင်တာပဲ ဖတ်ဖြစ်ခဲ့တယ်...။ အဲဒီစာတမ်းမှာ အဓိကပြောချင်တာက ဒေသခံတွေအတွက် development project တစ်ခုနဲ့ပတ်သက်ပြီး ပါဝင်ဆောင်ရွက်တဲ့သူတွေ အမျိုးအစားအများကြီးရှိတဲ့အထဲမှာ ဘယ်သူက သြဇာသက်ရောက်မှုအများဆုံးဖြစ်သလဲ၊ ဘယ်လို သြဇာအာဏာမျိုး ရှိသလဲဆိုတာရယ်၊ အဲဒီစီမံကိန်းကြောင့် ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာမျိုးကို လေ့လာထားတာပါ..။

အဲဒီမှာ ကျမအဓိက စိတ်ဝင်စားတာက Power လို့ခေါ်တဲ့ မြန်မာမှုပြုရင် သြဇာလို့ ခေါ်လို့ရတယ်ထင်တယ်..။ အဲဒီ Power analysis လုပ်ပုံလုပ်နည်းကို သဘောကျတာပါ..။ စာရေးသူက ပါဝါကို ၃ မျိုး ခွဲခြားပြပါတယ်..။
သူပြောတဲ့ ပါဝါ ၃ မျိုးမှာ ပထမတစ်မျိုးက Coercion လို့ခေါ်တဲ့ တစ်သွေးတစ်သံတစ်မိန့်ပုံစံမျိုးပေါ့..။ လူတွေက သူ့အပေါ်မှာ ဆန့်ကျင်ကောင်းဆန့်ကျင်မှာဖြစ်ပေမယ့်လည်း လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အမိန့်မျိုးနဲ့ ခိုင်းစေတဲ့အခါ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ..လိုက်လုပ်စေတဲ့ အမိန့်အာဏာမျိုး ဖြစ်ပါတယ်..။ နောက်တစ်ခုက Coercion လိုမျိုး အမိန့်အာဏာနဲ့ အတင်းအကြပ်စေခိုင်းတာမျိုးတော့မဟုတ်ဘူး..။ ဒါပေမယ့် တစ်ဖက်လူရဲ့ စိတ်ကို ပြောင်းလဲသွားအောင် တံစိုးလက်ဆောင်တွေနဲ့ စွဲဆောင်ပြီး သိမ်းသွင်းတာမျိုးပေါ့..။ အဲဒီအခါ တစ်ဖက်လူက ဖီဆန်ချင်ကောင်း ဖီဆန်မှာဖြစ်ပေမယ့်လည်းပဲ မက်လုံးတွေကို မက်မောပြီး လိုက်လျောတာမျိုးဖြစ်ပါတယ်.။ သူတို့ ၂ ခု က ဆင်တူတယ်ဆိုရာမှာ တစ်ဖက်လူက ဖီဆန်ချင်ပေမယ့် တစ်သွေးတစ်သံတစ်မိန့်နဲ့ အတင်းအကြပ်ဖြစ်စေ၊ မက်လုံးပေးပြီးဖြစ်စေ သူ့ရဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ပါဝါ အမျိုးအစားမျိုးဖြစ်ပါတယ်..။
နောက်အမျိုးအစားတစ်ခုက ယုံကြည်မှုပါ...။ တစ်ဖက်လူကို အတင်းအကြပ်စေခိုင်းလို့လည်းမဟုတ်ဘူး၊ ဘာမှလည်း မက်လုံးမပေးပဲ သူ့ကိုယုံကြည်တာတစ်ခုနဲ့တင်.. ဖီဆန်မှုမရှိဘဲ လိုက်နာဆောင်ရွက်တဲ့ သြဇာမျိုးပါ...။ ကျမတို့ဆီမှာဆိုရင်တော့ ပထမ ၂ မျိးကို အာဏာပါဝါလို့ခေါ်ပြီး Trust ကိုတော့ သြဇာပါဝါလို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်...။

အဲဒါနဲ့ ကျမရေးတဲ့အကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်ချင်တာလည်းဆိုရင် ကျမက အရာအားလုံးကို အရိုးရှင်းဆုံး၊ သဘာဝအကျဆုံး၊ အမှန်ကန်ဆုံးကိုပဲ ကြိုက်ပါတယ်..။ ဥပမာ စကားပြောတာကအစ စိတ်ထဲကမပါဘဲ အခြားသူသဘောကျလောက်အောင် ရွှန်းရွှန်းဝေ ပေါက်ပေါက်ဖောက်နေတတ်တာမျိး၊ ကိုယ့်ရဲ့ သဘာဝအလှအပကိုဖုံးလွှမ်းသွားအောင် Over makeup ပြင်ဆင်တာမျိုး၊ အလုပ်တစ်ခုကို အရိုးရှင်းဆုံးလုပ်လို့ရပေမယ့် စကားတစ်ခုကို အရိုးသားဆုံးပြောလို့ရပေမယ့် လူတွေအထင်ကြီးအောင် တန်ဆာဆင် ဖွဲ့နွဲ့ပြီး ကွေ့ဝိုက်ပြောနေတာမျိုး စသဖြင့် အများကြီးရှိပါသေးတယ်...။ အဲဒါမျိုးတွေကို ကြိုက်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး..။

ကျမစာရေးတယ်ဆိုတာမှာလည်း စိတ်ထဲက မပါဘဲနဲ့ ခင်မင်မှုအရဖြစ်စေ၊ အားနာလို့ဖြစ်စေ၊ မကောင်းတတ်လို့ဖြစ်စေ လာဖတ်နေရမှာမျိုးကို ကျမက အားနာတတ်ပါတယ်..။ အဲဒါကြောင့် ကျမရေးတဲ့စာတွေကို သူငယ်ချင်းတွေကို ငါတော့ ရေးပြီးပြီ.. ဖတ်ကြည့်ကြည့် ဘာညာနဲ့ Coercion သဘောမျိုးလည်း မတိုက်တွန်းဘူး...။ ဘာမက်လုံးမှလည်း မပေးဘူး....။ ဖတ်ချင်ရင် ရအောင်ရှာပြီး ဖတ်ချင်သူက ဖတ်လိမ့်မယ်ဆိုတဲ့ Trust တစ်ခုတည်းပေါ်မှာပဲ ပုံအပ်ထားပါတယ်..။ အဲဒီအခါ အတင်းအကြပ်လည်း မတိုက်တွန်း၊ ဘာမက်လုံးမှလည်း မပေးထားတဲ့ နေရာတစ်ခုမှာ တမင်ဘဲဖြစ်စေ၊ မျက်စေ့လည်လမ်းမှားပြီး ရောက်လာတာပဲဖြစ်စေ၊ ကျမကို ခင်မင်လို့ပဲဖြစ်စေ ရောက်ရှိဖတ်ရှုသူများအားလုံးကို ကျမက တန်ဖိုးထားပါတယ်...။ အားလုံးဟာ စိတ်ထဲက အရင်းခံနဲ့ပဲ ဘာအနှောင်အဖွဲ့မှမရှိဘဲ trust တစ်ခုတည်းနဲ့သာ ဖတ်ကြသူများဖြစ်လို့ အခုမြင်ရတဲ့ တစ်သိန်းကျော်သော ဂဏန်းများဟာ Net value တွေသာဖြစ်ပါတယ်...။

ဘာပဲဖြစ်ဖြစ်ပေါ့လေ......... စာရေးတာကတော့ ပျော်စရာဝါသနာတစ်ခုပါပဲ ...။ လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်စေသလို အသိပညာ ဗဟုသုတတွေလည်း တိုးပွားစေပါတယ်..။ ဘာကြောင့်လဲဆိုရင် စာရေးတဲ့အခါ အကြောင်းအရာတစ်ခုခု ထည့်ရေးချင်တယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး အမှန်ကန်ဆုံးဖြစ်အောင် စာတွေရှာဖတ်ပြီး confirm လုပ်ရသေးတာမျိုးလည်း ရှိတယ်လေ...။ ကိုယ့်အတွေ့အကြုံတွေလည်း ဝေမျှခွင့်ရတယ်၊ တစ်ခုခု စိတ်ထဲမှာ ခံစားနေရတာရှိရင်လည်း ခံစားချက်တစ်ခုအဖြစ် ဖန်တီးပြီး စာရေးပြီး ဖြေဖျောက်လို့ရတယ်....။ အများကြီးပါပဲ ...။ အရေးကြီးဆုံးတစ်ခုက စာရေးရတာကို ကျမပျော်တယ်....။ နောက်ဆုံးအဖြေက ဒါပါပဲ :D :D

Wednesday, 21 January 2015

ဟိုဟို .....ဒီဒီ

January 21, 2015 1 Comments


အခုတလော စာရေးချင်တဲ့ Mood ပျောက်ချင်သလိုလို ဖြစ်နေပြန်တယ်...။ ရေးစရာအကြောင်းလည်း မယ်မယ်ရရမရှိသလို တစ်နေ့ပြီးတစ်နေ့ ပုံစံခွက်ထဲမှာလို လှုပ်ရှားနေတော့ ဘာမှ ထူးဆန်းထွေလာလည်း မတွေ့မိဘူးလေ..။ ရောက်ခါစရက်တွေတုန်းကတော့ မရောက်ဖူးတဲ့နေရာတွေ လျှောက်လည်၊ လျှောက်စား နဲ့ အရာအားလုံးက အသစ်အသစ်တွေဖြစ်နေတာကိုး....။

Language
အခုလောလောဆယ် ဂျပန်စာကို စကားပြောတတ်ဖို့ ဦးစားပေးသင်နေတယ်..။ Youtube က Tutorial တွေလည်း အဆက်မပြတ်လေ့လာတယ်..။ ဒီမှာက Daily life အတွက် ဂျပန်စကားက မဖြစ်မနေပြောတတ်ဖို့လိုတာဆိုတော့ အသည်းအသန်ကို သင်နေရပါတယ်..။ အရေးအဖတ်အတန်းတော့ Registration မမီလိုက်လို့ မတက်ဖြစ်သေးဘူး...။ ဒါပေမယ့် နောက်လလောက်တော့ စတက်တော့မယ်..။ မရေးခင်ကတည်းက သူတို့ စာလုံးရှုပ်ရှုပ်ထွေးထွေးတွေမြင်ပြီး နည်းနည်းတော့လန့်တယ်..။ တကယ်တမ်းသင်ရင်တော့ ဘယ်လိုဖြစ်မယ်တော့ မသိသေးပါဘူး...။ ဂျပန်စကားမတောက်တခေါက် ရွတ်တိုင်း ဂျာမာန်စကားတွေပဲ သတိရတယ်...။ ဂျာမာန်စာကိုလည်း မမေ့အောင် သေချာပြန်လေ့လာ ချင်တယ်..။ ဒါပေမယ့် အဲဒီအတွက်တော့ အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ်..။ ဂျပန်စာနဲ့တင် လုံးလည်ချာလည်ဖြစ်နေပြီလေ..။ ဘာသာစကားမှာ အင်္ဂလိပ်စာကတော့ လုံးဝယုံကြည်မှုရှိပါတယ်..။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် Four skills လုံးကို အသုံးချနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုတော့ ထင်တာပဲ ...။ တကူးတကကြီး ထပ်လေ့လာဖို့မလိုသေးဘူးဆိုပေမယ့် အင်္ဂလိပ်လိုရေးတဲ့အခါတိုင်း ပြောတဲ့အခါတိုင်းတော့ အမှားမပါအောင် သတိထားနေရတုန်းပါပဲ...။ ဒါတောင် မှားတဲ့အခါလည်း မှားနေသေးတာပါပဲ ...။ ဘာပဲဖြစ်ဖြစ် Language တွေလေ့လာရတော့ အသက်ကြီးတဲ့အခါ မေ့တတ်တဲ့ရောဂါဖြစ်နိုင်ချေ နည်းသွားတာပေါ့နော..။

Studying
ကျောင်းမှာ မနက် ၁၀ နာရီလောက်ကနေ ည ၉ နာရီလောက်အထိနေပြီး ကျောင်းစာတွေ လုပ်ဖြစ်တယ်..။ အတန်းရှိတဲ့ရက်လည်း အတန်းတက်၊ Seminar တွေတက်၊ ပြီးတော့ အခန်းထဲမှာ စာလုပ်လေ့ရှိပါတယ်..။ ဒီမှာက ဂျာမနီနဲ့မတူဘဲ ကျောင်းသားတွေအတွက် Facility အပြည့်ပေးထားတော့ ကျောင်းမှာနေရတာ အိမ်မှာနေရတာထက် သက်သောင့်သက်သာရှိသလို အိမ်မှာထက်တော့ စာပိုလုပ်ဖြစ်တယ်လေ..။ ဂျာမနီမှာကတော့ PhD ကျောင်းသားတွေအတွက်ပဲ ကိုယ်ပိုင်စာကြည့်ခန်းပေးပြီး Master, Bachelor တန်းတွေအတွက် အခန်းမပေးတော့ အဲဒီကျောင်းသားတွေက ကျောင်းမှာစာလုပ်ချင်ရင် Common room or library တွေမှာ လုပ်ရလေ့ရှိတယ်..။ ဒီမှာတော့ phd, Master ကျောင်းသားတွေအတွက် အခန်းသီးသန့်ပေးထားပြီး Bachelor တန်းတွေအတွက်တော့ သူတို့ paper ရေးတဲ့ နောက်ဆုံးနှစ်တစ်နှစ် အတွက် အခန်းပေးပါတယ်..။ ဆိုတော့ ကျောင်းသားတော်တော်များများက တော်တော်နောက်ကျတဲ့ အထိ ကျောင်းမှာနေပြီး စာလုပ်လေ့ရှိပါတယ်..။ Microwave oven, coffee maker, basin စသဖြင့် အစားအသောက်ပြင်ဆင်စရာတွေလည်း အားလုံး စီစဉ်ပေးထားတယ်ဆိုတော့ တော်တော်အဆင်ပြေပါ တယ်..။

Reading
ဒီရောက်မှ အပြင်စာတွေလည်း တော်တော်ဖတ်ဖြစ်ပါတယ်..။ ကျောင်းက ည ၉ နာရီလောက်ပြန်ရောက်ရင် စားသောက်၊ ရေမိုးချိုးပြီးရင် မြန်မာပြည်က TV လိုင်းတွေကြည့်ရင်း စာဖတ်ဖြစ်ပါတယ်..။ ဟိုတစ်လောက အထိ ဆက်တိုက်ဖတ်ပြီးသွားခဲ့တာက ဆရာမဂျူးရဲ့ စာအုပ်တွေပါ..။ ငယ်ငယ်က ဖတ်ခဲ့ပြီးသားတွေပေမယ့် အခုပြန်ဖတ်တော့ အသစ်တွေလိုဖြစ်နေတယ်...။ ငယ်ငယ်ကတော့ ဖတ်သာဖတ်သာ ဘာမှသိပ်မသိခဲ့ဘူး...။ အခုပြန်ဖတ်မှ ဆရာမရဲ့စာအုပ်တိုင်းလိုလိုက Living together ကို ထည့်ရေးလေ့ရှိတာကို တွေ့မိတယ်...။ အခုနောက်ဆုံးထွက်တဲ့စာအုပ် ဆုံနေရက်နဲ့ လွမ်းလေခြင်း အထိပဲဆိုပါတော့ ....။ ပင်လယ်နဲ့တူသော မိန်းမများ ဆိုတဲ့ စာအုပ်ထဲက ဆရာမပေးချင်တဲ့ message ကို အရမ်းသဘောကျတယ်..။ “လောကမှာ လူ ၂ မျိုး ၂ စားရှိတယ်တဲ့..။ လောကနဲ့ ပတ်ဝန်းကျင်က ပြု ပြင်ပြောင်းလဲပေးတာကို ခံလိုက်ရတဲ့လူစားမျိုးက တစ်မျိုး..။ နောက်တစ်မျိုးကတော့ လောကနဲ့ပတ်ဝန်းကျင်ကို ပြု ပြင်ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ လူတွေပဲ” ဆိုတဲ့အကြောင်းပါ..။ အခုလောလောဆယ် ဖတ်နေတာက ဦးနုရဲ့ မိတ္တဗလဋီကာကိုရယ်၊ ဆရာမြသန်းတင့်ရဲ့ လေရူးသုန်သုန်ရယ်ပါ.။ လေရူးသုန်သုန်က ဖတ်နေတာနှစ်ပေါင်းကြာခဲ့ပြီ...။ နည်းနည်းဖတ်လိုက်၊ ထားလိုက်နဲ့ ပြီးတဲ့အထိ တစ်ခါမှ မဖတ်ဖြစ်သေးဘူး..။ ဒီတစ်ကြိမ်တော့ ပြီးအောင်ဖတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်..။

Blogging, Writing
တစ်ရက်တော့ မောင်က message ပို့လာတယ်....။ ပိုကာတွေ သိပ်မကစားနဲ့နော်တဲ့...။ ဘာပြောချင်တာပါလိမ့်ဆိုပြီး စဉ်းစားကြည့်မှ သူက ကျမ Blog ကို ဝင်ဖတ်သွားပြီး တစ်ရက်က ဂျပန်က ဖဲကစားတဲ့အကြောင်း ရေးထားတဲ့ Post ကို ဖတ်ပြီး စနေတာကိုး..။ သူ့ကို ဝင်မဖတ်နဲ့..၊ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်ရေးချင်လို့ပါ ဆိုပြီး ပြောထားတာ မရဘူး..။ အလုပ်ရှုပ်နေတဲ့ကြားထဲက မရမက ဝင်ကြည့်ပြီး ဘာတွေရေးနေလဲဆိုတာ Check သွားတယ်လို့ ဆိုသေးတာ..။ သူငယ်ချင်းတွေကလည်း တစ်ယောက်ကနေ တစ်ယောက်ကို ပျံ့နှံ့ကုန်ရင်း ကျမရဲ့ Blog က ရင်းနှီးတဲ့သူတော်တော်များများလည်း သိကုန်ပါပြီ...။ ကိုယ့်ဘာသာ လူမသိသူမသိ တိတ်တိတ်ကလေး စာရေးချင်တာကို ရေးမရတော့ဘူး...။ ရပ်သိရွာသိကို ဖြစ်လို့...။ တကယ်က ဟိုးကတည်းက ပြောဖူးသလိုပဲ..၊ ကျမက စာရေးချင်လို့ကိုရေးတာ၊ ရေးနေရရင် ပြီးတာပဲ ...။ ကျန်တာက သူ့အလိုလို ဆက်ဖြစ်လာလိမ့်မယ်..။

Movies
ဇာတ်ကားတွေတော့ သိပ်ကြည့်လေ့မရှိပါဘူး...။ စာပဲ အေးအေးဆေးဆေးဖတ်ချင်တာဆိုတော့ ဇာတ်ကားဆိုတာဖွင့်ထားလည်း ၁၅ မိနစ်ပြည့်အောင် မကြည့်ဖြစ်တော့ ဖွင့်ကိုမဖွင့်တော့တာ..။ ဒါပေမယ့် တစ်ရက်က ဂျပန်စကားပြော နားထောင်ချင်လို့ ဂျပန်ဇာတ်ကားလေးတစ်ခုကို Facebook မှာ တွေ့တာနဲ့ကြည့်မိတယ်..။ ကလေးလေး ၂ ယောက်နဲ့ ခွေးမလေးမိသားစုအကြောင်းရိုက်ထားတာပါ...။ ဇာတ်ကားနာမည်က A tale of Mari and three puppies တဲ့..။ ဂျပန်မှာ ၂၀၀၄ တုန်းက လှုပ်ခဲ့တဲ့ ငလျင်တစ်ခုမှာ တစ်ကယ့်အဖြစ်အပျက်တစ်ခုကို ရိုက်ထားတာလို့ပြောပါတယ်...။ ကြည့်မိတာက ညမှာကြည့်မိတာ၊ ဇာတ်ကားတစ်ကားလုံးလိုလို သနားဖို့ကောင်းတာနဲ့ ငိုလိုက်တာ နောက်တစ်ရက်ကျောင်းသွားတော့ မျက်လုံးတွေကို မို့ဖောင်းလို့လေ...။ ကျမက ခွေးလေးတွေကို ချစ်တာကြောင့်လည်း ပိုခံစားမိတာလားတော့ မသိပါဘူး...။ အဲဒါနဲ့ တစ်ဆက်တည်း ဂျပန်က ခွေးဘူတာက ဟာချီကိုဆိုတဲ့ ခွေးကလေးရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ထားတဲ့ ဇာတ်ကားလည်း ကြည့်မိရင်း အဲဒီညကတော့ သနားပြီး မျက်ရည်တွေပဲ ကျနေတော့တာပါပဲ...။ 

 ကြည့်ချင်ရင် Youtube မှာ ဇာတ်ကား ၂ ကားစလုံးအတွက် Full movie ရှိပါတယ်...။


Wednesday, 14 January 2015

ရေတမာနဲ့ ခရေတည်ရာဆီ ..(၃)

January 14, 2015 1 Comments


ကြာတော့ ကြာခဲ့ပါပြီ...။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က နေရာတစ်ခုဟာ အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလွန်မြောက်လာခဲ့ပေမယ့်လည်း အတွေးထဲမှာ၊ အိပ်မက်ထဲမှာ၊ စိတ်ကူးထဲမှာ၊ စကားတွေထဲမှာ၊ စာတွေထဲမှာ မှတ်မှတ်ရရနေရာယူထားနိုင်ဆဲ ....။

အဖြူရောင်ချစ်ခြင်းတွေ ဖြစ်တည်ရင့်သန်ခဲ့ရာ နေရာတစ်ခု၊ အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိအောင် လှေကားထစ်ခုအဖြစ် ရပ်တည်ပေးခဲ့တဲ့နေရာတစ်နေရာဟာ ရင်ထဲမှာ ထာဝရ သက်ဆုံးတိုင် မပျောက်မပျက်တည်ရှိနေမှာ အသေအချာပါ...။

"ငါတို့ အတူတူပျော်ရွှင်ခဲ့ကြတယ်..။ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေလည်း အတူတူကြုံခဲ့ဖူးတယ်..။ ရန်တွေဖြစ်ခဲ့ကြဖူးတယ်..။ စာတွေအတူတူ ကျက်ခဲ့ဖူးတယ်...။ သီချင်းတွေ အတူတူ အော်ဆိုခဲ့ကြဖူးတယ်..။ စိန်ပန်းနီရဲရဲတွေကို ငေးကြည့်ရင်း နွေနေ့လည်ပူပူထဲမှာ စာမေးပွဲအတွက် ရတက်ပွေခဲ့ကြဖူးတယ်..။ ငုပန်းဝါဝါတွေကိုမြင်ယောင်ရင်း ကျောင်းဖွင့်မယ့်ရက်ကို လက်ချိုးရေတွက် ခဲ့ကြဖူးတယ်...။ ပိုက်ဆံတွေ အပြန်အလှန် ချေးငှားကြသလို .. မုန့်တွေ အပြန်အလှန် ဝယ်ကျွေးခဲ့ကြဖူးတယ်..။ ကောင်မလေးချောချောလေးတွေနောက် တကောက်ကောက်လိုက်ကြည့်ဖူး သလိုပဲ ကောင်လေးသန့်သန့်လေးတွေမြင်ရင်လည်း  အတူတူလိုက်ငေးခဲ့ကြဖူးတာပဲ..။ ယောက်ျားလေး၊ မိန်းကလေးရယ်လို့ ခွဲခြားမှုမရှိဘဲ သူငယ်ချင်းဆိုတဲ့စိတ်တစ်ခုမှာ ချစ်ခြင်းတွေဟာ အဖြူရောင်တွေချည်းသာ ဖြစ်ခဲ့ကြတယ်..."

"သတိရတယ်.." "သူငယ်ချင်းတွေကို လွမ်းလိုက်တာ" .. "အရင်ကအချိန်တွေကို ပြန်တမ်းတတယ်" ဆိုတဲ့ သူငယ်ချင်းအချို့ရဲ့ စကားတွေကြားမှာ အတိတ်ကာလဟာ အတွေးထဲ ပြန်ရောက်လာခဲ့ တယ်....။ ဒီနေရာလေးမှာ ရှင်သန်ရပ်တည်ကြစဉ်ဘဝကတည်းက တစ်ဦးအခက်အခဲရှိရင်၊ တစ်ခုခုအဆင်မပြေတာကြုံလာရရင် အားလုံးဝိုင်းဝန်းဖြေရှင်းကြတဲ့ဓလေ့ဟာ မြန်မာနိုင်ငံမှာ Team Work ဆိုတာ ရှိနေပါသေးတယ် ဆိုတဲ့အကြောင်း ငါတို့ သက်သေပြနိုင်ခဲ့တာပဲ မဟုတ်လား...။

"ငါတို့ကျောင်းတုန်းက ဆိုခဲ့ဖူးတဲ့သီချင်းတချို့ မှတ်မိသလောက်ပြန်ပြောပြပါ" ဆိုတော့ အဆိုတော် Alex ရဲ့ သီချင်းတွေဖြစ်တဲ့ မြတ်နိုးခွင့်၊ သူငယ်ချင်းချစ်သူ၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေ၊ အငဲရဲ့ ထပ်မဝေးဘူး၊ ဂန္တဝင်မြောက်အိမ်အပြန်ဆိုတဲ့သီချင်းတွေနဲ့ လေးဖြူရဲ့ သီချင်းတော်တော်များများကို သူမှတ်မိသမျှ ပြောပြလာတယ်...။ ဒီနေ့ မှတ်မှတ်ရရ "ထပ်မဝေးဘူး" ဆိုတဲ့ သီချင်းကိုပြန်နားထောင်မိတဲ့အခါ... ငါတို့အားလုံးအတူတူ ဂစ်တာတီးတဲ့သူကတီးပြီး ဆိုတဲ့သူက ဝိုင်းအော်ဆိုကြတဲ့ မီးပုံဘေးနားက သူငယ်ချင်းတစ်သိုက်ကို ပြန်မြင်ယောင်လာတယ်...။

"ပြန်ဆုံဖြစ်ကြရင် .... ကြက်သားကာလသားချက် ပြန်ချက်ကျွေးရမယ်" ဆိုတော့ စားချင်တာစား၊ လိုချင်တာ ရနေတဲ့ ဘဝတွေမှာ တောထဲက မပြည့်မစုံနဲ့ ချက်ရတဲ့ ဟင်းတစ်ခွက်ကို တမ်းတနေသေးတာလားလို့ စသလို နောက်သလို ပြောဖြစ်ကြတယ်..။ "မဟုတ်ပါဘူး... တကယ်ကတော့ အဲဒီအချိန်က စေတနာကိုသာ ပြန်လိုချင်တာ" ..။ လောက်လောက်ငင မစားနိုင်လို့ အခြားသူတွေကို ဝှက်ပြီး ခိုးစားကြတဲ့ ရယ်မောစရာအဖြစ်တွေကို ပြန်ခံစားချင်မိတာ....။

ဘယ်မေ့နိုင်ပါ့မလဲ ....။ သံယောဇဉ်တွေက လွယ်လွယ်နဲ့ဖြစ်တည်လာခဲ့ကြတာမှမဟုတ်တာ...။ အရင်အချိန်တွေက ဓါတ်ပုံတွေပြန်မြင်မိတိုင်း ငါကတော့ ခုထိပုံစံမပြောင်းသေးဘူးလို့ .... သိသိနဲ့ ငြင်းနေတတ်ဆဲ...။ ကိုယ်ကလွဲရင် အားလုံး စိတ်ရော ကိုယ်ရော ပြောင်းလဲ ရင့်ကျက်သွားပြီလို့ ထင်နေမိဆဲ ....။ ကိုယ့်ပုံစံကိုကြည့်ပြီး တော်တော်လူရည်လည်လာပြီလို့ ပြောတဲ့သူတွေကို သူတစ်ယောက်ကတော့ ခုထိစိတ်ထားဖြူစင်ဆဲလို့ သတ်မှတ်ထားတဲ့ သူငယ်ချင်းအချို့လည်း အနားမှာ ဝန်းရံလို့ လိုအပ်ရင် ကူညီဖေးမဖို့ အဆင်သင့်ရှိနေကြဆဲ ...။

ဒီလိုနဲ့ပဲ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ..... လူငယ်ဘဝကနေ လူလတ်ပိုင်းအရွယ်ကို ရောက်ရှိလို့ ဘဝမှာ ကိုယ်စီရုန်းကန်နေကြဆဲပါပဲ .....။

Thursday, 8 January 2015

Ups and Downs ~~

January 08, 2015 2 Comments


မနေ့က ဂျပန်စာအတန်းမှာ refreshment အချိန်ရောက်တော့ ဆရာမက ဗဟုသုတအနေနဲ့ ဂျပန်ရိုးရာ card game တစ်ခုကို ကစားစေခဲ့ပါတယ်...။ ဒီကစားနည်းက နှစ်သစ်မှာ ပျော်ရွှင်ဖို့ ကစားတဲ့ဂိမ်းလို့လဲ ပြောပါတယ်...။ ကျမတို့ဆီက ဖဲကစားနည်းနဲ့ နည်းစနစ်တူမတူတော့ ကျမ သေချာတော့ မသိပါဘူး..။ ဘာကြောင့်ဆို ကျမက ဖဲကစားနည်းနဲ့ တော်တော်ကို အလှမ်းဝေးတော့ ဘာမှ မသိလို့ပါ ..။ ဂျပန်မှာလည်း ဖဲကစားနည်းက အမျိုးမျိုးရှိတာဆိုတော့ အခု ဆရာမနဲ့ကစားကြတာကတော့ အားလုံးအလွယ်တကူနားလည်လွယ်တဲ့ အရိုးဆုံးနည်းပဲဖြစ်မယ် ထင်ပါတယ်...။ ဂျပန်စကားက ရေရေလည်လည်မပြောတတ်သေးတော့ သေချာလည်း မမေးတတ်ဘူးလေ..။ ဆရာမကလည်း အင်္ဂလိပ်လို ပြောတော့ပြောတတ်မှာဖြစ်ပေမယ့် ဂျပန်လိုပဲ ပြောလေ့ရှိပြီး အင်္ဂလိပ်လို ပြောလေ့မရှိပါဘူး..။ 

ကစားနည်းကတော့ ထုံးစံလိုပဲ ဖဲချပ်တွေဝေပြီး မွှေပြီးတာနဲ့ ကစားတဲ့သူတွေအားလုံး တစ်ယောက်ကို ၂ ပုံစီပုံပါတယ်..။ ဘယ်သူက အရင်လှန်ရမလဲဆိုတာကိုတော့ စက္ကူရယ်၊ ကပ်ကြေးရယ်၊ ကျောက်တုံး ရယ် ရွေးတဲ့နည်းနဲ့ ရွေးချယ်ပါတယ်..။ ဖဲချပ်တွေမှာ တွေ့ရတာက သာမာန်လူယောက်ျားပုံရယ်၊ မင်းသမီး (သို့မဟုတ်) အမျိုးသမီးကဗျာဆရာမပုံရယ်၊ သာမာန်ဗုဒ္ဓဘာသာဘုန်းကြီးပုံရယ်နဲ့ special monk ခေါ်တဲ့ ဘုန်းတော်ကြီးတဲ့ ဘုန်းကြီးပုံရယ်ဆိုပြီး ၄ မျိုးပါဝင်ပါတယ်..။ ကဒ်တိုင်းမှာ သက်ဆိုင်ရာပုံတွေနဲ့အတူ ကဗျာလေးတွေလည်း ရေးထားပါတယ်..။ ပုံမှန်ကစားနည်းကတော့ ကဗျာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အဆက်ကိုရှာဖတ်ရတာလို့ ဆိုပါတယ်..။ ဒါကလည်း ဂျပန်စာဖတ်တတ်တဲ့သူမျိုးနဲ့မှ အဆင်ပြေတာဆိုတော့ အခုကျမတို့ကစားတဲ့ကစားနည်းက အခုနောက်ပိုင်းကာလတွေမှာ ကစားလာကြ တာပါတဲ့..။

ကဒ်ကိုလှန်တဲ့အခါမှာ ယောကျာ်းပုံဆိုရင် သိမ်းလို့ရပါတယ်..။ မင်းသမီးကဒ်ရတယ်ဆိုရင် နောက်ကဒ် တစ်ခု ဆက်လှန်ခွင့်ရှိသလို အခြားသူစွန့်လိုက်တဲ့ကဒ်တွေကိုလည်း သိမ်းခွင့်ရှိပါတယ်..။ စွန့်လိုက်တဲ့ကဒ် ဆိုတာက ကိုယ်လှန်လို့ရလာတဲ့ကဒ်က သာမာန်ဘုန်းကြီးပုံဆိုရင် ကိုယ့်ဆီမှာအရင်ရှိနေတဲ့ကဒ်တွေရော ရလာတဲ့ကဒ်ရော အားလုံးကို စွန့်လိုက်ရတာပါ..။ အဲလိုဆိုတော့ အရာအားလုံးက ကံပေါ်ပဲ မူတည်နေတော့တာပေါ့..။ တစ်ကြိမ်မှာ မင်းသမီးကဒ်ကျလို့ အခြားသူပစ်လိုက်ရတဲ့ကဒ်တွေရော အားလုံး ကိုပိုင်ဆိုင်ရပြီး ကဒ်တွေအများကြီး ရသွားနိုင်ပေမယ့် နောက်တစ်ကြိမ်မှာ ဘုန်းကြီးကဒ်ကျလာရင်တော့ အားလုံးကို စွန့်ပစ်လိုက်ရမှာပါ..။ ကဒ်တွေအားလုံးထဲမှာ Special monk card က တစ်ခုပဲပါပါတယ်..။ တကယ်လို့ ကိုယ်လှန်လိုက်တဲ့ကဒ်က Special Monk card သာဆိုရင် စွန့်ထားတဲ့ကဒ်တွေရော အခြားသူတွေအားလုံးရထားတဲ့ကဒ်တွေရော အားလုံးကို ပိုင်ဆိုင်ရမှာပါ..။ ဆိုလိုတာက လှန်ထားပြီးသား ကဒ်တွေအားလုံးကို စားလိုက်ရတာပေါ့...။ ဂိမ်းတွေရဲ့ထုံးစံအတိုင်း နောက်ဆုံးမှာ ကဒ်အများဆုံး ရတဲ့သူက နိုင်တာပါပဲ ...။


အခုထိတော့ ဂျပန်ရိုးရာ ကဒ်ကစားနည်းကို ဗဟုသုတအနေနဲ့ ဝေမျှပေးတာပါ..။ အဲဒီကနေ ဆင့်ကဲရလာ တဲ့အတွေးက ဘဝဆိုတာ ကိုယ်ဖန်တီးပြု ပြင်လို့မရတဲ့ ကံတရားပေါ်လည်း မူတည်သေးတယ်ဆိုတဲ့ အကြောင်းပေါ့..။ ကစားနေရင်းနဲ့လည်း ဆရာမကပြောတယ်လေ..။ ကဒ်တွေအများကြီးပိုင်လိုက်ပြီ ဆိုရင် ပျော်နေပြီး မထင်မှတ်ဘဲ အားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရရင် ဟင်ကနဲဖြစ်သွားတော့ ဘဝဆိုတာလည်း ဒီလိုပါပဲ လို့ ပြောခဲ့တယ်..။  အနိမ့်အမြင့်တွေ၊ အချိုးအကွေ့တွေ၊ အလှည့်အပြောင်းတွေ နဲ့ကြုံတတ်တာ ဘဝပဲဆိုတော့ ဒါကိုနားလည်လက်ခံထားမယ်ဆိုရင် ဖြတ်သန်းရတဲ့ဘဝက တမျိုးတဖုံတော့ ပျော်စရာကောင်းနေပါလိမ့်မယ်..။ ဘဝက အမြဲတမ်း တူ ဖြစ်မနေသလို အမြဲတမ်းတော့လည်း ပေ ဖြစ်မနေပါဘူး..။  


ဖြတ်သန်းခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ကျမကျင်လည်ဖြတ်သန်းနေတဲ့ အဝန်းအဝိုင်းလေးက ကျဉ်းကျဉ်းလေးပါ..။ အဲဒီ ပတ်ဝန်းကျင်ကျဉ်းကျဉ်းလေးထဲမှာ နွားခြေရာခွက်ထဲက ဖားသူငယ်လို ဘဝမျိုးဆိုပေမယ့် သံဝေဂရစရာ အဖြစ်အပျက်တွေကတော့ အမြဲလိုလို ကြုံတွေ့ခဲ့ရပါတယ်...။ အခြားသူတွေရဲ့ အဖြစ်အပျက်တွေ၊ ဘဝအလှည့်အပြောင်းတွေ မြင်ခဲ့ရတိုင်း သင်ခန်းစာတစ်ခုအဖြစ် အမြဲတမ်းမှတ်ထားမိပါတယ်..။ “လှံထမ်းလာတာကို မြင်ရတယ်၊ ကံထမ်းလာတာကို မမြင်ရဘူး” ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း ကိုယ့်မျက်မှောက်မှာတင် ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ ကို မြင်ရတဲ့အခါ ဘယ်အရာကိုမှ အမြဲတမ်းကိုယ်ပိုင်တယ်ဆိုတာကြီးကို စွဲမထားချင်တော့ပါဘူး..။ အနည်းဆုံး ဆယ်စုနှစ်တစ်ခုအတွင်းလောက်မှာကို ထိပ်ဆုံးကနေ အောက်ဆုံးကျသွားတဲ့သူမျိုးတွေ နဲ့ အောက်ဆုံးကနေ ထိပ်ဆုံးကို တက်သွားတဲ့သူမျိုးတွေကို မြင်ခဲ့ဖူးပါတယ်..။ အခြားသူတွေ ထက် မြင့်မားတဲ့အခြေအနေတုန်းက မောက်မာစွာ မာနကြီး စိတ်ကြီးဝင်ခဲ့သူမျိုးက အခြေအနေ အကြောင်းကြောင်းကြောင့် နိမ့်ပါးသွားရတာမျိုး၊ သူ့ထက် နိမ့်တဲ့သူတွေက သူ့ထက် တစ်နည်းနည်းနဲ့ သာသွားတာမျိုးတွေ ကြုံတွေ့ဖူးပါတယ်..။ တခါတလေ အခြေအနေအရပ်ရပ်ကြောင့် ကံတရားမျက်နှာ သာပေးမှုကြောင့် အမြင့်ကိုရောက်နေတဲ့အခါ အခြားသူတွေကို မတူသလို မတန်သလို ကိုယ်ကသာ အတော်ဆုံး၊ အချမ်းသာဆုံး၊ အလှဆုံး စသဖြင့် စိတ်ကြီးဝင်နေသူများကို တွေ့မိတဲ့ အခါလည်း လောကဓံနဲ့များကြုံတွေ့ရင် ဒီလိုပဲ ဆက်ပြီး စိတ်ထားနိုင်မလား ပူပန်နေတတ်ပြန်ပါသေးတယ်..။

ကြားခဲ့ဖူးတဲ့ စာတစ်ခုလည်း ရှိပါသေးတယ်..။ ဘဝဆိုတာ ကြိုတင်ရေးသားပြဌာန်းထားပြီးသား စာအုပ်တစ်အုပ်ဆိုပေမယ့် စာမျက်နှာကျော်ဖတ်ခွင့်မရှိတဲ့ စာအုပ်မျိုးလည်း ဖြစ်ပြန်ပါသတဲ့..။ တစ်နေ့တစ်မျက်နှာသာ ဖတ်ခွင့်ရှိတဲ့စာအုပ်တစ်အုပ်မှာ မနက်ဖြန်အတွက် ဘာတွေရေးထားသလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးမဟုတ်လား..။ လူတိုင်းကတော့ အကောင်းတွေချည်းပဲ လိုချင်ကြပေ မယ့် လောကဓံက တခါတရံ အဆိုးတွေလည်း ယူလာပေးတတ်ပါသေးတယ်...။ အဲလိုဆိုရင်တော့ တူဖြစ်တုန်းက နာနာထုခဲ့သူမျိုးဆိုရင် ပေဖြစ်ရင်လည်း ညည်းညူမနေဘဲ ကြိတ်ခံနိုင်ရမယ်၊ ရင်ဆိုင်နိုင်ရမယ်မဟုတ်လား...။ ဘာမှ အသေအချာ အတိအကျ မျှော်လင့်ထားလို့မရတဲ့ ဘဝဆိုတဲ့ အရာတစ်ခုမှာ ကိုယ်က အမြင့်တစ်နေရာရောက်နေတုန်းမှာ ဘာကြောင့် မောက်မာ စိတ်ကြီးဝင်၊ မာနတွေကြီးပြီး တူတစ်ခုလို ကျင့်ကြံနေစရာ လိုမလဲ ...။ ရုတ်တရက် နိမ့်ပါးသွားတဲ့ အခြေအနေရောက် သွားခဲ့ရင်ရော၊ အခက်အခဲ ဒုက္ခတွေ၊ အဆင်မပြေမှုတွေကို ခံနိုင်အောင်ကြိုးစားရင်း ပြန်လည်အားတင်း ရပ်တည်ဖို့ အရေးကြီးပါတယ်..။ 

တကယ်ကတော့ ဘဝဆိုတာ ဘာမှကြိုတင်တွက်ဆလို့မရတာကြောင့် လောကဓံအလှည့်အပြောင်းမှာ လိုက်ပါစီးမျောရင်း အကောင်းဆုံးတွေကို ရရှိလာတဲ့အခါမှာ အောက်ခြေလွတ်မသွားဖို့နဲ့ အဆိုးဆုံးတွေနဲ့ ရင်ဆိုင်လာရရင်လည်း အားငယ်စိတ်ဓာတ်ကျမနေဘဲ ပြန်တည့်မတ်ရပ်တည်ဖို့ပါပဲ ..။ တချိန်က ကြုံခဲ့တဲ့အဆိုးတွေက အချိန်တစ်ခုကျော်လာပြီးရင် အကောင်းဆုံးတွေဖြစ်ချင်လည်း ဖြစ်သွားတတ်တာပဲ မဟုတ်လား..။ ဒါက ဘဝပဲလေ....။

Follow Us @soratemplates