Monday, 26 October 2015

To my little village ~1~

October 26, 2015 0 Comments



စိတ်လိုလက်ရ အတွေးနယ်ချဲ့မိတဲ့နေ့တွေမှာဆိုရင်ဖြင့် ကိုယ့်စိတ်တွေဟာ ရွာလေးတစ်ရွာဆီ အပြေးအလွှားရောက်သွားတတ်တယ်..။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကစပြီး ရင်းနှီးပတ်သက်ခဲ့တဲ့ရွာလေးဟာ အဲဒီနှစ်များစွာအတွင်း အခြားအရာတွေပြောင်းလဲသွားခဲ့ပေမယ့် သူကတော့ ဘာတစ်ခုမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိခဲ့ ..။ ရွာလေးဘေးမှာ မြို့တွေလာတည်ကြသလို အပန်းဖြေဥယျာဉ်ကြီးတွေလည်း လာဖွင့်ကြတာပါပဲ ..။ လမ်းတွေဖောက် တံတားတွေဆောက်ခဲ့ကြပေမယ့် ရွာလေးကတော့ ယခုထက်ထိ ရွာအဆင့်သာ ရှိနေဆဲ ..။ အဲဒီရွာလေးမှာ ကိုယ့်ရဲ့ ဘိုးဘွားတွေ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့ကြသလို အခုအချိန်ထိလည်း ကိုယ့်ရဲ့ မိဘနှစ်ပါးစလုံး နေထိုင်ရပ်တည်နေကြဆဲ ..။ ကိုယ်ကလေးဘဝကတည်းက မွေးဖွားကြီးပြင်းခဲ့တဲ့ ကိုယ့်ရဲ့ ဇာတိကျေးရွာကလေးဟာ ရှမ်းရိုးမတောင်တန်းကြီးတွေရဲ့ အခြေမှာ တည်ရှိပါတယ်..။ တောင်တန်းတွေပေါ်ကနေ စီးကျလာတဲ့တောင်ကျရေတွေကို စုစည်းထားတဲ့ ဆည်တစ်ခုဟာ ကိုယ်မမွေးခင်ကတည်းက ရွာထိပ်မှာတည်ရှိနေပြီး မူလတန်းပထဝီဝင်သင်ခန်းစာမှာ ဆည်အမည်တွေဖတ်ရတိုင်း ကိုယ်ရဲ့ရွာအမည်တပ်ထားတဲ့ဆည်ကို မှတ်မှတ်ရရရှိခဲ့ဖူးတယ်..။ မြန်မာနိုင်ငံမှာရှိတဲ့ ရှားရှားပါးပါးဆည်တွေထဲမှာ ကိုယ့်ရွာကဆည်လဲ တစ်ခုအပါအဝင်ဖြစ်လို့ သင်ခန်းစာထဲမှာတောင် ထည့်သင်ရတယ်ဆိုပြီး ကလေးအတွေးနဲ့ ဂုဏ်ယူခဲ့ဖူးတယ်...။

ဆည်ကနေ အောက်ဘက်နည်းနည်းဆင်းလိုက်ရင် သူငယ်တန်းကနေ လေးတန်းအထိ ကိုယ်တက်ခဲ့တဲ့ မူလတန်းကျောင်းကလေး တည်ရှိပါတယ်...။ မူလတန်းကျောင်းနေစဉ်အရွယ်က အဖေနဲ့အမေဟာ ကျောင်းအပ်ချိန်တစ်ခုမှာပဲ တစ်ယောက်မအားရင် တစ်ယောက် ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့ပေမယ့် အခြားကလေးတွေလို ကျောင်းကြိုကျောင်းပို့ မလုပ်ပေးနိုင်ခဲ့..။ စားဝတ်နေရေးအတွက် မိဘနှစ်ပါးစလုံးရုန်းကန်ကြရတဲ့ ကိုယ့်ရဲ့ ငယ်ဘဝကျောင်းနေအရွယ်ဟာ လူကြီးမိဘတွေ ဂရုတစိုက်ကြိုပို့လုပ်ပေးတာမျိုး မရှိခဲ့ဘဲ အားတင်းကာ တစ်ယောက်တည်း ကျောင်းသွားကျောင်းပြန်လုပ်ခဲ့ရတယ်...။ တခါတလေ ကြောက်တတ်တဲ့နေ့မျိုးမှာ ကဗျာတွေအကျယ်ကြီးရွတ်ပြီး အိမ်ကို ကဆုန်ပေါက်ပြေးပြန်တာလည်း ရှိလားရှိရဲ့ ...။ အချိန်တော်တော်များများမှာတော့ ကိုယ့်ထက်တစ်တန်းပဲကြီးတဲ့ အစ်မနဲ့အတူတူ ကျောင်းသွားလေ့ရှိခဲ့ပေမယ့် ကစားမက်တဲ့ကိုယ်ဟာ ကျောင်းပြန်ချိန်တိုင်း တစ်ယောက်တည်းဖြစ်လို့နေခဲ့တယ်....။ ကျောင်းဆရာ၊ ဆရာမတွေနဲ့ မရင်းနှီး မသိကျွမ်းတဲ့ မိဘတွေဖြစ်ပေမယ့်လည်း နှစ်စဉ်ဆုပေးပွဲတိုင်းမှာတော့ အဖေ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်ကတော့ အမြဲတက်လို့ရအောင် ကိုယ်က ပညာရေးမှာ ကံကောင်းခဲ့တယ်...။

ခြေတံရှည်ပျဉ်ထောင်အိမ်ကြီးရဲ့ အိမ်အောက်ရယ် အိမ်ရှေ့ကွင်းပြင်ရယ်ဟာ ကိုယ်နဲ့ အစ်မအတွက်တော့ ပျော်စရာကစားကွင်းကြီးတစ်ခုပါပဲ ..။ ကလေးဘဝမှာ မြေကြီးပေါ်မှာ ဆော့လို့ရသမျှ ကစားနည်းပေါင်းစုံကို အိမ်ဘေးက ရွယ်တူကလေးတွေနဲ့ အတူတူ ကစားခဲ့ဖူးတယ် ...။ ညနေရောက်တိုင်း အိမ်ပေါက်စေ့က ကလေးတွေကို လိုက်စုရုံးပြီး အိမ်ရှေ့ခေါ်လာကာ တောရွာက ကလေးတွေ ကစားလေ့ရှိတဲ့ နည်းပေါင်းစုံကို အပူအပင်ကင်းမဲ့စွာ ကစားခဲ့ကြတယ်...။ အချို့ညနေတွေမှာ အိမ်နောက်ဘက်က ရေမရှိတဲ့ချောင်းထဲသွားပြီး ရှိစုမဲ့စုရေအိုင်လေးတွေကို တွေ့အောင်ရှာကာ အဘွားမွေးထားတဲ့ ဘဲတွေကို ကျောင်းတဲ့အလုပ်လည်း လုပ်ခဲ့ဖူးတာပဲ..။ အိမ်ရှေ့က ခံတက်ပင်ပေါ် အဘိုးက တက်ကာ ခံတက်ရွက်နုတွေ ခူးခြွေပေးတိုင်း အဘွားနဲ့အတူ ပျော်ပျော်ပါးပါး ကောက်ခဲ့ဖူးတယ်...။ ခံတက်ရွက်နုနုလေးတွေဘဲ သေချာရွေးပြီး အရွယ်ညီညီလေးတွေစည်းကာ ထိပ်ကိုတိနေအောင် ဖြတ်ပြီး လှပသပ်ရပ်စွာ စီရီနေတဲ့အဘွားကို အလုပ်ရှုပ်ရန်ကောလို့ တွေးထင်ရင်း ဘေးနားကနေ ကူလုပ်ပေးလေ့ရှိခဲ့တာပါပဲ ..။ အဘိုးကိုယ်တိုင် ဖန်တီးထားတဲ့ ဆန်ဆေးရေ၊ နနွင်း၊ ထမင်းစေ့နဲ့ ဆားတို့ကို သေချာရောနယ်ထားတဲ့ အရည်ထဲမှာ ခံတက်ရွက်စည်းလေးတွေကို သေချာစီထည့်ထားတဲ့ စဥ့်အိုးလေးဟာ ကိုယ်နဲ့ အစ်မအတွက် တစိမ့်စိမ့်စောင့်ကြည့်စရာ အာလာဒင်မီးခွက်တစ်ခုအလားပါပဲ ..။

ညနေရောက်တိုင်းတော့ ကိုယ်နဲ့ အစ်မအတွက် စိတ်ညစ်စရာ အချိန်ရောက်လာပြီလို့ တွေးမိရလောက်အောင် ခြံထဲမှာ အဖေစိုက်ထားတဲ့ ရှောက်ပင်၊ သံပုရာပင်၊ ဆူးပုတ်ပင်၊ ကွမ်းပင် စတဲ့ သီးပင်စားပင်တွေကို ရေလောင်းတဲ့အလုပ် စရပါတယ်..။ ဆူးပုတ်ရွက်တွေလာဝယ်တဲ့သူရောက်လာရင်တော့ အစ်မနဲ့ ကိုယ်ဟာ တစ်လှည့်စီ ခူးပေးရင်း ကျောင်းမုန့်ဖိုးအတွက် စုကြရပါတယ်...။ ကျောင်းပိတ်ရက်တွေမှာတော့ ကိုယ်တို့နှစ်ယောက်ဟာ အဖေ့ရဲ့ ရွာမှာစိုက်ထားတဲ့ လယ်တောထဲကို ထမင်းထုပ်ကိုယ်စီကိုင်ရင်း အလည်လိုက်သွားလေ့ရှိကြပါတယ်..။ အလုပ်လုပ်တဲ့အမေ့အတွက် နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်အောင် ပါရမီဖြည့်ပေးခဲ့တဲ့အဖေဟာ ကိုယ်တို့ငယ်ဘဝမှာတော့ သူသွားလေရာ ခေါ်သွားလေ့ရှိခဲ့ခြင်းက အဖေနဲ့ သားသမီးတွေရဲ့ သံယောဇဉ်ကို ပိုလို့တိုးစေခဲ့သလိုပါပဲ ...။ မိသားစုကို ငဲ့ညှာမှုသိပ်မရှိဘဲ ယောက်ျားဝါဒီကို ကျင့်သုံးလေ့ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အဖေကတော့ တစ်မူခွဲထွက်ပြီး မိသားစုကို အလေးပေးဂရုစိုက်တာကြောင့် အများရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် အခုအချိန်မှာဆိုရင် မပူမပင်မကြောင့်မကြနေရခြင်းက အဖေနဲ့အမေရဲ့ တစ်စိတ်တစ်ဝမ်းတည်း ကြိုးစားခဲ့မှုကြောင့်သာ မဟုတ်ပါလား...။

Wednesday, 14 October 2015

>> Current >>Mood

October 14, 2015 2 Comments
ခုတလောမှာ .... လောကကြီးနဲ့ အဆက်ပြတ်သလို ဖြစ်နေတယ်..။ ဖြစ်ဆို Facebook မသုံးဖြစ်တာ လနဲ့ချီ ကြာနေခဲ့ပြီလေ .....။ အဲဒီအခါ သူငယ်ချင်းတွေ အားလုံးနဲ့လည်း အဆက်ပြတ်သွားခဲ့တယ် ...။ Viber မှာ သူငယ်ချင်းအရင်းတွေကြား စကားဝိုင်းဖွဲ့ပြောကြတဲ့အခါမှာလည်း ကိုယ်ဟာ အမြဲလိုလို silent ဖြစ်နေမိတယ်....။ ဘာဖြစ်လို့ တိတ်တိတ်ကလေးဖြစ်နေတာလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးလာခဲ့တော့ ငါ ခဏကိုယ်ယောင်ဖျောက်နေချင်လို့ပါလို့ ပြန်ဖြေဖြစ်တယ်...။ ကိုယ့်ကို ပြောင်းလဲသွားတယ်လို့ သူက ဆက်ပြောပြန်တယ် .....။ တိတ်ဆိတ်လွန်းလို့ အချို့သူငယ်ချင်းတွေဆိုရင် ကိုယ် ခဏတဖြုတ်စကားဝင်ပြောတဲ့အခါ ထူးဆန်းသလို ဖြစ်လို့နေတယ် ..။ သူတို့ကို စိတ်ဆိုးစိတ်ကောက်နေလို့ပဲလားလို့ အထင်ရှိတဲ့ သူငယ်ချင်းတချို့ကတော့ တပြန်စိတ်ဆိုးပြီး ကိုယ့်ကို အခေါ်အပြောမလုပ်ကြတော့ပြန်ဘူး....။

ဘယ်အခြေအနေပဲရောက်ရောက် မောင်ကတော့ ကိုယ့်ဘေးနားမှာ ရှိနေပေးပါတယ် ....။ ကိုယ်ထင်ထားတာထက် သူဟာ ကိုယ့်အပေါ်မှာ ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်...။ မောင်က ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်အပေါ်မှာ အများကြီးနားလည်ပေးဖို့ ကြိုးစားရှာတယ်....။ အကြောင်းအရာမည်မည်ရရမရှိဘဲ ကိုယ်စိတ်တိုတဲ့အခါ .... ကိုယ်စိတ်ပြေလာအောင်တတ်နိုင်သလောက် သူကြိုးစားလေ့ရှိတယ်....။

Facebook မသုံးဖြစ်ပေမယ့်လည်း ဖုန်းဖွင့်ဖြစ်တဲ့အခါတိုင်း ကိုယ် စူးစိုက်ကြည့်မိတဲ့အရာက Google maps ဖြစ်လို့နေတယ်....။ ကိုယ်ငယ်ငယ်က ကျင်လည်ခဲ့တဲ့ ဇာတိမြေကို လိုက်ရှာပြီး အလွမ်းတွေကို ဖြေလျော့သလိုဘဲ တခါတလေ ဂျာမနီက ကိုယ့်ရဲ့ ဒုတိယတက္ကသိုလ်နဲ့ ကိုယ်နေခဲ့တဲ့အဆောင်လေးကို ကြည့်နေမိတယ်...။ အခုအချိန်မှာ ဘာကို အလွမ်းဆုံးလည်းလို့မေးလာခဲ့ရင် မြန်မာပြည်မဟုတ်ဘဲ ဂျာမနီမှာကုန်ဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝလို့ဖြေရင် ကိုယ့်ကို ပိုရန်ကောလို့ အထင်ရှိနိုင်ပေမယ့် တကယ့်ခံစားချက်တစ်ခုပါပဲ ...။ အဲဒီတုန်းက လူလတ်ပိုင်းအရွယ် ဘဝရဲ့ အတက်ကြွဆုံးအရွယ်ဖြစ်သလို သူငယ်ချင်းတွေဆိုတာလည်း နိုင်ငံမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူကြပေမယ့် စစ်မှန်တဲ့ခင်မင်မှုတွေပဲ ကြုံခဲ့ရတယ်...။ကိုယ်ဟာ ကျောင်းတက်ရုံကလွဲလို့ ဘာအပူအပင်မှ မရှိခဲ့ဘူး..။ အားလပ်ချိန်တွေဟာ ရာသီအလိုက်ပွင့်လေ့ရှိတဲ့ အလေ့ကျ ပန်းပွင့်လေးတွေကို လျှောက်ကြည့်ရင်း ဓါတ်ပုံရိုက်ရင်း စာတွေရေးရင်း ကုန်ဆုံးခဲ့တယ်..။ တခါတလေ သီချင်းတွေ နားထောင်ရင်း သီချင်းတွေဆိုရင်း စာတွေဖတ်ရင်း ကိုယ့်ဘဝဟာ ပျော်စရာအတိပြီးနေသလိုပါပဲ ...။

အခုရော အဆင်မပြေတာများရှိလို့လားလို့ မေးလာခဲ့ရင် မည်မည်ရရမရှိပေမယ့် အရင်လို ပျော်ရွှင်တက်ကြွနေတတ်တဲ့ အပူအပင်မရှိတဲ့ မိန်းမငယ်လေးတစ်ယောက်တော့ မဟုတ်တော့ပြန်ဘူး ....။ စာတွေအတွက် မိသားစုအတွက် ချစ်သူအတွက် သူငယ်ချင်းအပေါင်းအသင်းတွေအတွက် နောက်ဆုံး အကြီးကြီးပြောရရင် နိုင်ငံအတွက် ပူပန်သောကတချို့ကို ထမ်းပိုးနေတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်လို့နေတယ် ...။ စိတ်ကအရင်ရောက်နေပြီး လူကတော့ အမြဲလိုလိုနောက်ကျနေတတ်လို့ မြင်ရတဲ့သူတွေအတွက်တော့ ကိုယ့်ပုံစံဟာ တည်ငြိမ်မနေဘဲ ပြာယာခပ်နေတာသာ တွေ့နေမယ်ထင်ပါတယ်....။ အသက်ရလာတာနဲ့အမျှ ပိုပြီးတည်ငြိမ်မလာဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ ပြာယာနေတဲ့ကိုယ့်ပုံစံက မရင့်ကျက်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...။















ဟိုးတချိန်က နှင်းဆီပုံတွေ သူငယ်ချင်းတစ်ယောက်ဆီကနေ ကြည့်မိရင်း အဲဒီနေရာကို ရောက်ဖူးချင်လိုက်တာလို့ စိတ်ကူးယဉ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က အခုတော့ နှင်းဆီတွေရှိတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေပေမယ့် သူတို့ရဲ့ အလှအပကို အပြည့်အဝ မခံစားမိခြင်းက အသက်အရွယ်ရဲ့ ကွာခြားမှုကြောင့် ဖြစ်ပါလိမ့်မယ်.....။

Thursday, 6 August 2015

Cat Cafe ^^

August 06, 2015 2 Comments


တစ်ရက်က ဂျပန်မှာ ခေတ်စားနေတယ်ဆိုတဲ့ ကြောင်ကဖေးကို ရောက်ဖူးအောင် သွားခဲ့တယ် ....။ မြေပုံထဲမှာ မရအရရှာပြီး မရောက်ရောက်အောင် သွားကာ ကော်ဖီသွားသောက်ကြပါ တယ်...။ ကြောင်ကဖေးက ကြောင်လေးတွေကို ဦးစားပေးပြချင်တာဖြစ်တာမို့ ဝင်ကြေးကပဲ ယန်း ၉၀၀ ပေးရပါတယ်..။ မြန်မာငွေနဲ့ဆိုရင် ကိုးထောင်လောက်ပေါ့ ...။ ကော်ဖီကတော့ မှာချင်လည်းရတယ်..။ မမှာလည်း ကိစ္စမရှိပါဘူး..။ Optional ပါတဲ့ ...။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် မောမောပန်းပန်း နဲ့ ရောက်ခဲ့တာဆိုတော့ iced coffee တစ်ခွက်စီတော့ သောက်ဖြစ်ကြပါတယ်...။ ကော်ဖီကတော့ သိပ်ဈေးမကြီးပါဘူး..။ ယန်း ၂၀၀/ ယန်း ၃၀၀ လောက်ပါပဲ ...။




ဂျပန်မှာ ကြောင်ကလေးတွေ၊ ယုန်ကလေးတွေကို ဆိုင်ထဲမှာထားပြီး ဧည့်သည်တွေ၊ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်တဲ့ အထူးအဆန်းကော်ဖီဆိုင်လေးတွေ ခုနောက်ပိုင်းမှာ ခေတ်စားလာပါသတဲ့ ....။ ဒီကော်ဖီဆိုင်လေးကိုလဲ ကြောင်ချစ်တဲ့ ညီမလေးတစ်ယောက်က အင်တာနက်ကနေ ရှာတွေ့ရင်းကနေ ကျောင်းနဲ့ သိပ်မဝေးတဲ့နေရာဖြစ်တာရယ်၊ စက်ဘီးနဲ့ သွားလို့အဆင်ပြေတာရယ်၊ ထူးထူးခြားခြားဆိုင်လေးတွေရောက်ဖူးချင်တာရယ်ကြောင့် သွားဖြစ်ခဲ့တာပါ ...။ စာရေးနေကျ ကျမကတော့ Blog မှာ မှတ်တမ်းတင်ထားချင်တဲ့ ရည်ရွယ်ချက်ကတော့ အဓိကပေါ့လေ....။

ဆိုင်လေးထဲကို မဝင်ခင် လက်ကို အရင်ဆေးကြရပါတယ်..။ လက်ဆေးတဲ့ ဘေစင်မှာလည်း ကြောင်ပုံလေးတွေနဲ့ အလှဆင်ထားသလို ဆိုင်တံခါးအပေါက်မှာရော ဘေးဘက်တွေမှာရော ကြောင်ရုပ်ကလေးတွေ၊ ဓါတ်ပုံလေးတွေနဲ့ အလှဆင်ထားတယ်..။ ဝင်ဝင်ချင်းမှာ သောက်ချင်တဲ့အအေး၊ ကော်ဖီမှာရင်း ဆိုင်ဝန်ထမ်းတွေက Dos and Don’ts တွေကို ရှင်းပြပါတယ်...။ အဓိကက ကြောင်တွေအိပ်နေရင် သွားနှိုးတာမျိုး၊ ပြေးလွှားသွားလာနေတဲ့ကြောင်လေးတွေကို ဖမ်းတာမျိုး ပွေ့တာမျိုး မလုပ်ရပါဘူးတဲ့..။ ကြောင်လေးတွေကို ကိုင်တာတော့ ခွင့်ပြုပါတယ်...။

ကြောင်လေးတွေက စုစုပေါင်း ၁၃ ကောင်ရှိပြီး နာမည်လေးတွေက ကော်ဖီဆိုင်နဲ့ လိုက်ဖက်အောင် ပေးထားတာ ချစ်စရာ တော်တော်ကောင်းပါတယ်...။ ကြောင်လေးတွေအားလုံး ဝတုတ်နေကြပြီး ပိန်သေးသေးတစ်ကောင်တော့ တွေ့တာမှာ သူက အသွက်ဆုံးပါပဲ ...။ သူတစ်ကောင်ပဲ တစ်ဆိုင်လုံး ပတ်သွားပြီး ပြေးလွှားဆော့ကစားနေတာ တွေ့ရတယ်..။ ကြောင်လေးတွေနာမည်တွေက အင်္ဂလိပ်လိုဆိုရင် milk, choco, mocha, nuts, vanilla စသဖြင့် အဲဒီစကားလုံးလေးတွေကို ဂျပန်အခေါ်အဝေါ်နဲ့ နာမည်မှည့်ထားတာပါ ..။ အားလုံးထဲမှာ choco ဆိုတဲ့ကြောင်လေးတစ်ကောင်ပဲ ရှားပါးအဖိုးတန်တဲ့ကြောင်မျိုးဖြစ်ပြီး ကျန်တဲ့ကြောင်ကလေးတွေအားလုံးက လမ်းဘေးက စွန့်ပစ်ကြောင်လေးတွေချည်းပါပဲတဲ့..။ ဂျပန်မှာရှိတဲ့အခြားကြောင်ကဖေးတွေမှာဆိုရင် အဖိုးတန်တဲ့ကြောင်တွေပဲထားလေ့ရှိပေမယ့် ဒီဆိုင်ကတော့ လမ်းဘေးက စွန့်ပစ်ခံကြောင်ကလေးတွေရဲ့ဘဝကို မြှင့်တင်ပေးချင်တဲ့ရည်ရွယ်ချက်ကြောင့် အဲဒီကြောင်ကလေးတွေပဲ တမင်ထားခြင်းဖြစ်ပါသတဲ့...။ 










ကြောင်ကလေးတွေကို သေသေချာချာ သန့်ရှင်းပေးထားကာ အိမ်သာ၊ ရေသောက်ရန်နေရာ စသဖြင့် စည်းကမ်းတကျထားတာကြောင့် ကြောင်နံ့တော့ လုံးဝမရပဲ တိတ်ဆိတ်အေးချမ်းလှတဲ့နေရာလေးမှာ ကြောင်ကလေးတွေနဲ့ ဆော့မြှူကစားရင်း တဒင်္ဂစိတ်အမောတွေတော့ ပြေပျောက်လန်းဆန်းသွားတာပါပဲ...။ အဲဒီဆိုင်ကို လာလေ့ရှိတဲ့ဧည့်သည်များကတော့ ကြောင်ချစ်တတ်သူတွေ၊ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားသူတွေ များပါတယ်.....။ 












 ဒီကော်ဖီဆိုင်လေးရဲ့ webpage လေး အင်တာနက်မှာရှိပါတယ်....။ 

Sunday, 5 July 2015

٭ ♥٭ Star Festival @2015 ٭♥٭

July 05, 2015 0 Comments


နှစ်တိုင်း ဇူလိုင်လထဲရောက်ရင် ဂျပန်မှာ Star Festival ဆိုတာ ကျင်းပကြပါသတဲ့ ...။ ကျင်းပတဲ့ရက်ကတော့ ဒေသတစ်ခုနဲ့တစ်ခု မတူကြပေမယ့် ပုံမှန်အားဖြင့် ဇူလိုင်လ ၇ ရက်နေ့နောက်ပိုင်းကစကြတယ်တယ်လို့ ဆိုပါတယ် ...။ ဒါပေမယ့် ကျမတို့ကျောင်းရဲ့ International Exchange Section က ဇူလိုင် ၁ ရက်နေ့မှာ စပါတယ်...။ International Students တွေအတွက် Japan Culture ကို လေ့လာလို့ရအောင် ရုံးမှာပဲ Small Festival လေးတစ်ခုကို လုပ်ပေးပါတယ်...။
Star Festival လို့အမည်ပေးရတာက ကောင်းကင်ကြီးထဲမှာ Vega နဲ့ Altair လို့ခေါ်တဲ့ ကြယ်လေးနှစ်ပွင့်ဆုံတဲ့အချိန်ဖြစ်တာကြောင့်လို့ သိရပါတယ်...။ ပုံမှန်အားဖြင့် နဂါးငွေ့တန်းက အဲဒီကြယ်နှစ်လုံးကို  ခွဲထားလေ့ရှိပြီး တစ်နှစ်မှာ ဇူလိုင်လရဲ့ ၇ ရက်မြောက်နေ့မှာပဲ ဆုံခွင့်ရှိတာကြောင့် ကြယ်နှစ်ပွင့်ဆုံတွေ့တဲ့အထိမ်းအမှတ်နေ့အဖြစ် Star Festival လို့ ခေါ်တွင်ခြင်း ဖြစ်ပါသတဲ့ ...။ အင်တာနက်မှာရှာဖတ်ကြည့်ရင်တော့ အဲဒီဓလေ့က တရုတ်ကနေဆင်းသက်လာတာဖြစ်ပြီး ကြယ်နှစ်ပွင့်နဲ့ပတ်သက်တဲ့ ဒဏ္ဏာရီပုံပြင်တွေလည်း အများကြီးရှိပါတယ်...။

ပွဲတော်ကျင်းပချိန်မှာ လမ်းတွေပေါ်မှာဆိုရင်တော့ ဝါးပင်တွေမှာ စက္ကူရောင်စုံတွေ ချိတ်ဆွဲအလှဆင်ပြီး တော်တော်လှပါတယ်...။ စက္ကူပိုင်းလေးတွေမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုတောင်းကိုရေးပြီး ဝါးပင်လေးတွေမှာ ချိတ်ဆွဲကြပါတယ်..။ အဲဒီဝါးပင်ကိုတော့ Wish Tree လို့ ခေါ်ပါတယ်...။ အဝတ်အစားကတော့ ဂျပန်ရိုးရာ နွေရာသီ ကီမိုနိုဝတ်စုံကို ဝတ်လေ့ရှိတယ်...။ အဲဒီဝတ်စုံကို ဂျပန်လို Yukata လို့ခေါ်ပြီး အဓိပ္ပာယ်ကတော့ Summer Kimono လို့ ခေါ်ပါတယ်...။ အရင်ကတော့ ဂျပန်မိန်းမပျိုကလေးတွေ ဆုတောင်းရင် စက်ချုပ်ကျွမ်းကျင်ဖို့၊ စာရွက်အရုပ်ခေါက်ကျွမ်းကျင်ဖို့ ဆုတောင်းလေ့ရှိကြပြီး ယောက်ျားလေးတွေကတော့ လက်ရေးလှဖို့ ဆုတောင်းတွေ ရေးလေ့ရှိကြပါသတဲ့...။



ကျောင်းကလုပ်ပေးတဲ့ပွဲမှာတော့ Wish tree လေးပြင်ဆင်ပေးထားတယ်...။ စာရွက်ရောင်စုံအပိုင်းလေးတွေမှာ ဘောလ်ပင်နဲ့ပဲ ကိုယ်တောင်းချင်တဲ့ ဆုကိုရေးပြီး အဲဒီအပင်လေးမှာ စက္ကူကြိုးလေးနဲ့ ချိတ်ဆွဲရပါတယ်....။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ကီမိုနိုဝတ်စုံကို ဆရာမတွေ၊ ဝန်ထမ်းတွေက ဝတ်ပေးပါတယ်...။ တကယ်တော့ ကျမအကြိုက်ဆုံးအရောင်က အစိမ်းရောင်ပါ..။ အဲဒါကြောင့် ဆုတောင်းရေးတဲ့အခါမှာ အစိမ်းရောင်စာရွက်ကိုပဲ ရွေးပြီး ရေးပါတယ်..။ အခုလောလောဆယ် ကြိုက်နေမိတဲ့အရောင်က အနီရောင်ဖြစ်နေပါတယ်..။ အနီရောင်ရဲ့ အဓိပ္ပာယ်ဖြစ်တဲ့ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ theme ကိုကြိုက်နေမိတာပါ ..။ အဲဒါကြောင့် ကီမိုနိုရွေးတော့ အနီရောင်ကိုပဲ ရွေးဝတ်ဖြစ်ပါတယ်..။ ကီမိုနိုဝတ်တဲ့အခါ ခါးမှာပတ်ရတဲ့ ခါးပတ်လိုမျိုးနဲ့ နောက်မှာ ဖဲပွင့်အကြီးကြီးပုံစံကို Obi လို့ ခေါ်ပါတယ်...။ Obi အရောင်ရွေးခိုင်းတော့ အနီရဲရဲအရောင်ဟာ ကျမအကြိုက်ဆုံးအရာဖြစ်နေပြန်ပါတယ်...။



ပြီးတော့ စက္ကူရုပ်ခေါက်နည်းသင်ပေးတဲ့အခါ ကျမအကြိုက်ဆုံးအရောင်ဖြစ်တဲ့ အနီရောင်နဲ့ အစိမ်းရောင်စာရွက်လေးတွေ ရွေးပြီးခေါက်ဖြစ်ပါတယ်..။ ဘာအရုပ်ကို သင်စေချင်သလဲဆိုတော့ ကြိုးကြာငှက်ရုပ်လေးတွေကို သင်ချင်တယ်ဆိုတဲ့အခါ Paper Crane ခေါက်နည်းကို သင်ပေးပါတယ်...။ တကယ်တော့ ကျမဘဝရဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်တဲ့ မြန်မာနိုင်ငံက တက္ကသိုလ်မှာ Bechelor တန်း တက်စဉ်က ကြိုးကြာငှက်ရုပ်တွေ အများကြီးခေါက်ဖူးပြီး အခန်းမျက်နှာကျက်မှာ ချိတ်ဆွဲအလှဆင်ခဲ့ဖူးတယ်..။ အချိန်တွေကြာလာတဲ့အခါ မေ့သွားပြီး အခုတော့ မခေါက်တတ်တော့ပြန်ပါဘူး..။ ဒါပေမယ့် အခုတော့ ဒီပွဲတော်မှာ ပြန်သင်ဖြစ်တာကြောင့် ကျွမ်းကျွမ်းကျင်ကျင် ပြန်ခေါက်တတ်သွားပါပြီ ....။ 



ပြီးတော့ အားလုံးစုပြီး Tea making ပွဲလုပ်ပါတယ်...။ လက်ဖက်ရည်ပြင်တဲ့အခါ တစ်ဖွဲ့က အချိုပွဲစားနေစဉ်မှာ အခြားအဖွဲ့က စားနေတဲ့အဖွဲ့အတွက် လက်ဖက်ရည်ပြင်ဆင်ပေးရပါတယ်...။ Green tea (Matcha) အမှုန့်ကို စုတ်တံနဲ့ ဖျော်တဲ့အခါ ပတ်ချာလည်ဖျော်တာမဟုတ်ဘဲ Back and Forth ရှေ့နောက် မွှေရပါတယ်...။ ရေနွေးပန်းကန်က တစ်ဖက်မှာပန်းပုံပါပြီး မွှေနေစဉ်မှာ ပန်းပုံကို ကိုယ့်ဘက်မှာ ထားရပါတယ်...။ အမြှုပ်တွေ ညီညီညာညာထွက်လာအောင် မွှေပြီးပြီဆိုရင် ကိုယ်နဲ့ မျက်နှာချင်းဆိုင်က ဧည့်သည်ရဲ့ရှေ့ကို လက်ဖက်ရည်ခွက် ကမ်းပေးတဲ့အခါ ကိုယ့်လက်ထဲမှာအရင် ပန်းပုံကို သူ့ဘက်ပေါ်အောင် လှည့်ပေးရပါတယ်..။ သောက်တဲ့သူကလည်း ကျေးဇူးတင်ကြောင်းပြောပြီး လက်ဖက်ရည်သောက်ဖို့ ခွက်ကို လက်တစ်လက်ပေါ်မှာတင်ပြီး အခြားလက်တစ်ဖက်နဲ့ထိန်းကာ ပန်းပုံကို အရှေ့ကိုပေါ်အောင် ပြန်လှည့်ပြီးမှ ဘာမှမကျန်အောင် အားလုံးမော့သောက်ရပါတယ်...။ အချိုပွဲကတော့ ဂျပန်ရိုးရာအချိုမုန့်ဖြစ်ပြီး Sweet Bean ကို ထည့်ပြီးလုပ်ထားတာကြောင့် တော်တော်ချိုတဲ့ မုန့်ချိုပဲဖြစ်ပါတယ်...။



သူတို့ရဲ့ ရိုးရာဓလေ့တွေကို မပျက်အောင် ထိန်းသိမ်းထားရှိပြီး ဘယ်လောက်ပဲ တိုးတက်နေပါစေ မျိုးချစ်စိတ်ပြင်းထန်တဲ့ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို သေချာထိန်းသိမ်းထားရှိ တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ကတော့ ဂျပန်နိုင်ငံဟာ စံပြနိုင်ငံတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်...။

Sunday, 21 June 2015

Today's Feelings ~~~

June 21, 2015 0 Comments
ဒီနေ့ တနင်္ဂနွေနေ့ပေမယ့် ကျောင်းမှာလုပ်နေတဲ့ Conference တစ်ခုမှာ Student Staff လုပ်နေတော့ မနက်အစောထရတယ်..။ ပုံမှန်ဆိုရင်တော့ ပိတ်ရက်ဆိုရင် မနက် ၈ နာရီလောက်မှ နိုးဖြစ်ပေမယ့် ဒီနေ့တော့ အလုပ်လုပ်ရမှာဆိုတော့ မဖြစ်မနေ ထဖို့လိုအပ်တယ်လေ..။ ညက အိပ်မက်စုံရာကြည့်တာက ၁၂ နာရီခွဲကျော်မှ ပြီးတယ်..။ ဒီမှာက မြန်မာနိုင်ငံထက် ၂ နာရီခွဲစောတာဆိုတော့ သူတို့ဆီက ၁၀ နာရီက ဒီမှာ ၁၂ နာရီခွဲနေပြီ..။ ဒါပေမယ့်လည်း မြန်မာပြည်ပြန်တုန်းက ကြည့်လက်စဆိုတော့ Grand Final ပွဲလည်း နီးလာပြီဖြစ်တာနဲ့ weekend တိုင်း အိပ်ရေးပျက်ခံပြီး ကြည့်ဖြစ်နေတာ..။

ကျောင်းကို မနက် ၉ နာရီအရောက်သွားရမှာဆိုတော့ ၇ နာရီခွဲမှ နိုးတာနဲ့ ပြူးပြူးပြာပြာပြင်ဆင်ပြီး အပြေးသွားရတယ်...။ Morning session က ၁ နာရီမှပြီးမှာဆိုတော့ မနက်စာလည်း အပြေးအလွှားစားခဲ့ရသေးတယ်..။ မဟုတ်ရင် လူတွေကြားထဲလည်း မရှောင်ပဲ ဗိုက်က ဂွီဂွမ်နဲ့ ထမြည်တတ်လွန်းလို့လေ..။ ၈ နာရီခွဲမှအိမ်က အထွက်မှာ မိုးကမရွာသေးပေမယ့် အိမ်နဲ့ မလှမ်းမကမ်းအရောက်မှာ မိုးပေါက်တွေ အများကြီးကျလာတယ်..။ သွားရမယ့် နေရာက နည်းနည်းလှမ်းတော့ စက်ဘီးစီးရင်း ထီးစောင်းတာ မကျွမ်းကျင်ပေမယ့် မရအရဆောင်းနေရင်း တစ်ကိုယ်လုံးလည်း စိုရွှဲလို့..။ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး ကျောင်းဝန်းတစ်နေရာမှာ စက်ဘီးကို ထားခဲ့လိုက်ပြီးတော့ ခြေကျင်ပြေးရတယ်..။

ရောက်တော့ presentation တွေ စခါနီးနေပြီ။ လုပ်ရမယ့်အလုပ်က Time keeper။ အချိန်မှတ်ပေးပြီး ဘဲလ်တီးပေးရတာ..။ conference တက်ဖို့ registration လုပ်ဖို့ရာက မြန်မာပြည်ပြန်နေတုန်းဖြစ်တာကြောင့် နောက်ကျသွားတာနဲ့ ကျောင်းရောက်တော့ student staff အနေနဲ့ ဝင်လုပ်လို့ရတယ်ဆိုတာနဲ့ပဲ လုပ်ဖြစ်သွားတာ..။ ဂျပန်စကားက သိပ်မရသေးတော့ စကားတွေပြောရမယ့်နေရာကို ရှောင်ပြီး အလုပ်ကို ခွဲပေးလိုက်တော့ ကျမရဲ့အလုပ်က presentation အချိန်တွေကို control လုပ်ပေးရတဲ့ time keeper ဖြစ်သွားတယ်..။ အိပ်ငိုက်တတ်တဲ့သူနဲ့ အချိန်မှတ်တဲ့အလုပ်နဲ့မှ တည့်တည်းတိုးတော့တာဆိုတော့ လူတွေရှေ့ငုတ်တုတ်ထိုင်၊ timer ကို သေချာကြည့်နဲ့ မနည်းမျက်လုံးပြူးထားရတော့ ပြီးလဲပြီးရော ဗိုက်ကလည်းဆာ၊ အိပ်ငိုက်ချင်တာ ကောင်းကောင်းမငိုက်ရတော့ ခေါင်းတွေချာချာလည်အောင် နောက်နေရင်း သူငယ်ချင်းတွေနဲ့ နေ့လည်စာစားကြတယ်..။

ပြီးတာနဲ့ အလုပ်ပြီးပြီဆိုတော့ lab မှာ ခဏနားပြီး စာလုပ်ဖို့အတွက် ပြန်လာခဲ့တယ်..။ စားခဲ့တာက တရုတ်ဆိုင်ဆိုတော့ ခရုဆီတွေ၊ အချိုမှုန့်တွေထည့်ချက်ထားတာနဲ့ပဲ အိပ်ချင်စိတ်က ပိုတက်လာနေခဲ့တယ်..။ အခန်းထဲရောက်ရောက်ချင်းပဲ facebook ကို ခဏကြည့်လိုက်တော့ Fathers' Day အတွက် post တွေ အများကြီးပဲ တန်းစီတွေ့လိုက်ရတယ်..။ အဲတော့မှ ဒီနေ့က ဇွန်လတတိယပတ်ရဲ့ တနင်္ဂနွေဖြစ်တာကြောင့် အဖေများနေ့ဆိုတာ အမှတ်ရပြီး အဖေ့ကိုလည်း သတိရမိတော့တယ်..။

တနင်္ဂနွေနေ့ဆိုတော့ ဒီနေ့ Lab ကို အခြားကျောင်းသူကျောင်းသားတွေ မလာတာနဲ့ပဲ အခန်းထဲမှာ စာမလုပ်ခင် ခဏလောက်အိပ်ဦးမယ်ဆိုပြီး ပြင်နေတုန်း Viber ကနေပြီး အဖေ့ဆီက ဖုန်းလာတယ်..။ တကယ်ကတော့ အဖေက အဖေများနေ့ဆိုတာ သိလို့ခေါ်တာဖြစ်မှာ..။ အရင်ဆုံးမေးမိတာက ယုန်လေးနေကောင်းရဲ့လားအဖေ ဆိုပြီးတော့ပေါ့..။ ယုန်လေးဆိုတာ ကျမရဲ့ အချစ်ဆုံးခွေးဖြူကလေးရဲ့နာမည်။ သူ့အမွှေးတွေက အဖြူရောင်တွေချည်းဖြစ်နေပြီး ငယ်ငယ်လေးတုန်းက ယုန်လေးနဲ့တူလို့ ယုန်လေးလို့ခေါ်ရင်း အဲနာမည်တွင်သွားတာ..။ သူအိမ်ကိုရောက်လာပုံက နည်းနည်းတော့ ရှုပ်တယ်..။ သေချာတာက အဖေကိုယ်တိုင် ကျမအတွက် သွားဝယ်ပေးခဲ့တာ..။ ဒါပေမယ့် ဘယ်သူဝယ်ပေးခဲ့တယ်ဆိုတဲ့ ပဟေဠိကရှိသေးတော့ နောက်မှ စာရေးတဲ့တနေ့ ရှင်းပြပါဦးမယ်..။ အမေပြောသလို ဖုန်းဆက်ရင် လူတွေနေကောင်းလားအရင်မမေးဘူး၊ သူ့ယုန်လေးပဲ အရင်သတိရတယ် ဆိုပြီး ပြောနေကျဖြစ်ပေမယ့် စိတ်က လူတွေကိုတော့ စိတ်ချပြီးသားဆိုတော့ ယုန်လေးကိုပဲ အပြင်ထွက်သွားမလား၊ အစားမှားစားမလား စိုးရိမ်ပြီး မေးဖြစ်ခဲ့တာ..။


အဖေက သတိတရနဲ့ ဖုန်းဆက်ပေမယ့် ထွေရာလေးပါးတွေပဲ ပြောဆိုဖြစ်ရင်း အဖေနေ့မို့ အဖေ့ကို ကန်တော့ပါတယ်၊ သတိရပါတယ်ဆိုတဲ့ စကားတွေတော့ မပြောဖြစ်ခဲ့ဘူး..။ အဖေနဲ့ဖုန်းပြောပြီးပြီးချင်းပဲ သူငယ်ချင်းတစ်ယောက်စီက Message လာတယ်..။ သူ့အဖေက အဖေနေ့ဆိုတာသိလို့ထင်တယ်၊ သူ့ဆီကို မှတ်မှတ်ရရဖုန်းဆက်လာတော့ အံ့သြကြည်နူးသွားမိတယ်တဲ့။ တကယ်ဆို သားသမီးတွေအနေနဲ့ ငါတို့က အရင်ဆုံးမှတ်မှတ်ရရဆက်သင့်တယ်မလားတဲ့..။ ငါတို့ တော်တော်ဆိုးတာပဲ ဆိုပြီး ပြောလာတယ်..။ မဟုတ်ပါဘူးလို့၊ တကယ်က ပါးစပ်က ဖွင့်မပြောကြပေမယ့် ငါတို့က မိဘတွေစိတ်ချမ်းသာအောင် ဂုဏ်ယူရအောင် အမြဲကြိုးစားနေတဲ့ သားသမီးတွေမဟုတ်လား လို့ ပြန်နှစ်သိမ့်လိုက်တယ်..။

အဖေများနေ့ဆိုတော့ ငယ်ငယ်ကလေးတည်းက အဖေ့ရဲ့ ဂရုတစိုက်ရှိမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြန်သတိရမိတယိ..။ ကျောင်းမတက်ခင် ကလေးသေးသေးလေးဘဝတုန်းက အဖေအလုပ်သွားရင် အဖေ့စက်ဘီးရဲ့ ရှေ့မှာ ခုံလေးချိတ်ပြီး ကျမကလိုက်ကာ အစ်မကတော့ နောက်ကခုံမှာ အဖေ့ကိုဖက်ပြီး လိုက်လေ့ရှိတယ်...။ အမေ့အလုပ်က အိမ်မှာဆိုတော့ အမေအလုပ်ကို ဖြောင့်ဖြောင့်လုပ်နိုင်အောင် ကလေးနှစ်ယောက်ကို အဖေပဲ အလုပ်တစ်ဖက်နဲ့ ထိန်းလေ့ရှိခဲ့တယ်..။ ကျောင်းနေတဲ့အခါ အခြားနေ့တွေတော့ အဖေရော အမေရော ကျောင်းကို လိုက်လေ့မရှိပေမယ့်  ကျေင်းအပ်တဲ့ရက်တိုင်းတော့ ကျမကို အဖေ့ရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်စေပြီး အစ်မကိုတော့ စက်ဘီးသေးသေးလေး စီးခိုင်းကာ ကျောင်းလိုက်အပ်ပေးလေ့ရှိခဲ့တယ်..။ ကိုးတန်း ဆယ်တန်းမှာ ကျူရှင်တွေကို ညဘက်တွေထိ တက်ရတဲ့အခါ စက်ဘီးတစ်စီးနဲ့ အဖေက လိုက်ပို့၊ လိုက်ကြိုလုပ်ပေးခဲ့တယ်..။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့ အချို့နေ့တွေမှာ ဆိုင်ကယ်နဲ့ အဖေကိုယ်တိုင် ကျမကို ကျောင်းလိုက်ပို့ပေးခဲ့တယ်..။ အလုပ်ထဲရောက်တော့လည်း တခါတလေ အဖေကိုယ်တိုင် ဆိုင်ကယ်နဲ့ လာကြိုခဲ့တယ်....။ အခုတော့ ကျမသွားချင်တဲ့နေရာတွေ၊ သုတေသနလုပ်ချင်တဲ့ တောရွာတွေဘက်ကို ကားတစ်စီးနဲ့အဖေကိုယ်တိုင် လိုက်ပို့ခဲ့တယ်...။ ကျမ နိုင်ငံရပ်ခြားကို သွားရလေ့ရှိတဲ့အခါ လေဆိပ်အထိ အဖေကိုယ်တိုင် မပျက်မကွက် ပို့တတ်ခဲ့တယ်..။ သွားနေကျဖြစ်နေပြီမို့ ကျမအတွက် ဝမ်းနည်းအားငယ်စိတ်ဆိုတာ မရှိတော့ဘဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ခွဲခွာခဲ့ပေမယ့် ကျန်နေခဲ့သူတွေရင်ထဲ ဘယ်လိုခံစားနေခဲ့ရမလဲ သိပ်မတွေးဖြစ်ခဲ့ဘူး...။ အိမ်မှာက အများအားဖြင့် ကျမကသာ ချန်ထားရစ်သူဖြစ်တာကြောင့် ကျန်တဲ့သူတွေရဲ့ ခံစားချက်ကို သိပ်ပြီး ကိုယ်ချင်းမစာတတ်ခဲ့ဘူး..။ သူငယ်ချင်းတွေကတော့ အားပေးပါတယ်..။ ကြိုးစားတဲ့ နင့်အတွက် မိဘတွေက ဂုဏ်ယူနေမှာပါတဲ့.၊ သူတို့ ဝမ်းမနည်းလောက်ပါဘူးတဲ့လေ..။ အတောင်အလက်စုံလာတဲ့အခါ ကောင်းကင်ကြီးမှာ ပျံသန်းစပြုနေပြီဖြစ်တဲ့ ငှက်တစ်ကောင်အတွက် အသိုက်ဟောင်းကတော့ အစဉ်အမြဲကြိုဆိုနေမှာပါပဲ ....။ ပျံသန်းရင်း အတောင်ညောင်းလာတဲ့အခါ နားခိုမယ့်နေရာဟာလည်း ဒီအသိုက်ပဲဖြစ်တာကြောင့် မိဘတွေအနေနဲ့ ဝမ်းနည်းစိတ်တော့ ဖြစ်နေမယ်မထင်မိပါဘူး....။ အသံကြားချင်တဲ့အခါ သတိရတဲ့အခါ ချက်ချင်းပြောဆို ဆက်သွယ်နိုင်အောင် ကွန်ယက်တွေက ကောင်းလာပြီဖြစ်တဲ့အတွက် အနေဝေးပေမယ့်လည်း နီးနီးလေးလို ခံစားမိဆဲပါပဲ ....။

Friday, 5 June 2015

5th JUNE >>2015

June 05, 2015 0 Comments
လွန်ခဲ့သော ၃ နှစ်မတိုင်ခင်အထိ ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ်သာ မှတ်မှတ်ထင်ထင်ရှိနေဖြစ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ခါပြောင်းလဲ သတ်မှတ်သည့် WED ၏ Theme များသည် ကျမအတွက်တော့ စိတ်ဝင်စားဖွယ်ရာများ ဖြစ်နေတတ်ခဲ့သည်။ လက်ရှိကာလ ကမ္ဘာတစ်ဝှမ်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿ     နာများကို မီးမောင်းထိုးပြလေ့ရှိသည့် WED ၏ ဆောင်ပုဒ်များသည် တစ်နှစ်ပြီးတစ်နှစ် မတူညီသကဲ့သို့ ထိုတစ်နှစ်ကုန်ဆုံးသွားပါက အဆိုပါပြဿ     နာများအား ကမ္ဘာကြီးကို အများဆုံးခြယ်လှယ်စိုးမိုးထားသည့် လူ့အဖွဲ့အစည်းက အပြီးတိုင်ဖြေရှင်းနိုင်ခဲ့လေသလားဆိုတာတော့ မသေချာခဲ့ပေ...။ အနည်းဆုံးတော့ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပြဿ     နာများကို ဖြေရှင်းဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်မည်ဖြစ်သည်..။

ယခုနှစ်အတွက် WED theme မှာတော့ "Seven Billions Dreams. One Planet. Consume with Care." ဆိုလိုရင်းမှာတော့ သက်ရှိအားလုံးအနေဖြင့် ကမ္ဘာ့သယံဇာတများပေါ်တွင် မှီခိုရပ်တည်နေရခြင်းဖြစ်သဖြင့် နောင်အနာဂတ်ကာလအထိ ရေရှည်ရပ်တည် အသုံးပြုနိုင်ရန် သဘာဝသယံဇာတများကို စနစ်တကျ အသုံးချနိုင်ရန် သတိပေးလိုရင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေမှာ တစ်နေ့တခြားတိုးပွားလာနေသဖြင့် ယခု ၇ ဘီလီယံမှသည် ၂၀၅၀ ခုနှစ်တွင် ၉.၆ ဘီလီယံအထိ တိုးပွားလာနိုင်မည်ဖြစ်ရာ ယခုသုံးစွဲသည့်နှုန်းအတိုင်းသာ သယံဇာတများကို သုံးစွဲသွားပါက ထိုအချိန်ရောက်လျှင် ယခုကမ္ဘာမျိုး ၃ လုံးခန့်ရှိမှသာ အားလုံးသုံးစွဲဖို့ လုံလောက်မည်ဖြစ်ပေသည်။ သို့ဖြစ်ရာ ကျမတို့အတွက် ကမ္ဘာကြီးက တစ်လုံးတည်းသာရှိသဖြင့် သဘာဝသယံဇာတများကို ဂရုတစိုက် စနစ်တကျ သုံးစွဲသင့်ကြောင်း WED က ထပ်ဆင့်အသိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ဆုံတွေ့ခဲ့သည့် လူငယ်တစ်ဦးကြောင့် ထိုအချိန်မှစကာ ဇွန်လ ၅ ရက်နေ့သည် ကျမအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သာမက လူတစ်ဦး၏ မွေးနေ့အဖြစ်ပါ မှတ်မှတ်ရရ ဖြစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့သည် မောင်နှင့် ကျမ အတွက် ဝမ်းနည်းစရာ ခွဲခွာချိန်တစ်ခုဖြစ်ခဲ့ဖူးသည်..။ ချစ်သူကို ထားရစ်ကာ နိုင်ငံရပ်ခြားသို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သောနေ့သည် မောင့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေခြင်းအတွက် ဝမ်းနည်းမှုက ပိုသာခဲ့သလေသလား မသိပေ..။ သို့သော် သေချာသည်က မောင့်ရှေ့တွင် ကျမ မျက်ရည်တစ်စက်မှ မကျခဲ့ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခွဲခွာနှုတ်ဆက်ခဲ့သည်သာဖြစ်သည်...။ ထိုနှစ်အတွက် မောင့်ကို ကျမပေးခဲ့သော လက်ဆောင်မှာ မောင် အင်မတန်သဘောကျ နှစ်သက်ကာ ယခုအချိန်အထိ အမြတ်တနိုး ဝတ်ဆင်ထားသည့် နာရီတစ်လုံးသာ ဖြစ်ခဲ့ပါသည်....။

၂၀၁၄ ဇွန်လ ၅ ရက်နေ့ကတော့ ၂၀၁၃ ခုနှစ်နှင့် ပြောင်းပြန်ဖြစ်ကာ မောင်က နိုင်ငံခြားရောက်နေ၍ ကျမက မြန်မာပြည်မှာ ရှိနေခဲ့ပါသည်...။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ ဘဝရည်မှန်းချက် စသည်ဖြင့် အရာအားလုံး မတူညီမှုများကြောင့် မောင်နှင့်ကျမ လမ်းခွဲဖို့ ကျမက ရည်ရွယ်ထားချိန်လည်း ဖြစ်သဖြင့် အဆက်အသွယ်မလုပ်တော့ချိန်လည်း ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ထိုနေ့တွင်တော့ မောင့်မွေးနေ့အဖြစ် မှတ်မှတ်ရရ သတိရနေခဲ့ရက်နှင့် နှစ်ဦးသား အဆက်အသွယ်လုံးဝပြတ်တောက်နေကြချိန် ဖြစ်ခဲ့သဖြင့် ထိုနေ့အတွက် မောင့်ကို ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ပါ ...။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီးချိန်မှာတော့ ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်ဖြစ်သည့် မောင့်မွေးနေ့နှစ်ပတ်လည်နေ့ကို တစ်ခေါက်ပြန်လည် ရောက်ရှိလာပြီဖြစ်ပါသည်...။ နားလည်မှုများစွာ ကြိုးစားတည်ဆောက်ခဲ့ရသည့် ချစ်ခြင်းတစ်ခုအတွက် ဝေးကွာခြင်းသည်လည်း ချစ်သူနှစ်ဦးအား ကွဲကွာစေရန် မစွမ်းသာတော့အောင် သံယောဇဉ်တို့က ခိုင်မာနေခဲ့ပြီဖြစ်ပါသည်...။ ၂၀၁၅ ခုနှစ် မောင့်မွေးနေ့တွင်မတော့ ဟိုယခင် နှစ်များနှင့် မတူညီစွာ မောင်ရော ကျမရော နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြခြင်းဖြစ်ပါသည်...။ ကျမဆီမှာ မနက်ခင်းအချိန်သည် မောင့်ဆီမှာ ညဖြစ်နေအောင် အချိန်က ၁၂ နာရီကျော် ကွာခြားပါသည်။ ကျမ၏ မနက်ခင်းများသည် မောင့်အကြင်နာစကားသံများနှင့် လွှမ်းခြုံနေစေသကဲ့သို့ မောင့်ရဲ့ ညအိပ်ခါနီးအချိန်များသည်လည်း ကျမ၏ စကားလုံးများဖြင့် ကုန်ဆုံးဖြစ်ခဲ့ပါသည်....။ ညတိုင်းညဥ့်နက်မှ အိပ်ရာဝင်သော ကျမအတွက် မနက်ခင်းကျောင်းသွားခါနီးတိုင်း ပြာယီးပြာယာစကားတွေ တရစပ်ပြောနေတာကို ဖုန်းတစ်ဖက်မှ မောင်က ရယ်မောကာ နားထောင်နေကျဖြစ်ပါသည်။ ဖုန်းမှ စပီကာဖွင့်ကာ အခန်းထဲမှာ လူးလာခေါက်တုန့်ပြန်ရင်း ကျောင်းသွားဖို့ ပစ္စည်းတွေ ကျောပိုးအိတ်ထဲထည့်၊ နေ့လည်စာပြင်ဆင်၊ မနက်စာစားသောက်နေချိန်များတွင် မောင်က ကျမဘေးနားမှာ ရှိနေသကဲ့သို့ စကားတွေ ဝိုင်းဖွဲ့နေကျဖြစ်ပါသည်...။ ထို့နောက်တော့ ကျောင်းသွားရာလမ်းတစ်လျှောက် စက်ဘီးနင်းရင်း နားကြပ်တပ်ကာ မောင်က သွားရာလမ်းတစ်လျှောက်လုံး လိုက်ပါလာသကဲ့သို့ ခံစားရသဖြင့် ကျမ၏ မနက်ခင်းကျောင်းသွားချိန်များသည် တစ်ဦးတည်း အထီးကျန်ခြင်းကို စိုးစဉ်းမျှ မခံစားရပေ ...။
တစ်နေ့လုံးတွင်မှ ကျမ၏အချိန် မနက်ခင်း မောင့်ဆီတွင်တော့ ညအချိန်တွင် ၁ နာရီကျော်ကြာ စကားပြောဆိုမှုများသည် ကျမတို့နှစ်ယောက်အတွက် အဖိုးမဖြတ်နိုင်သော အချိန်အပိုင်းအခြားတစ်ခုဖြစ်ပါသည်...။

ဒီနေ့ ချစ်သူရဲ့မွေးနေ့ ...
မောင့်မွေးနေ့တွင် မွေးနေ့လက်ဆောင်အဖြစ် မောင်တောင်းဆိုသည့်အတိုင်း မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ နံ့သာ၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ကို ဆက်ကပ်ပေးဖြစ်ခဲ့ပါသည်..။ ကျမ၏ ဖြည့်ဆည်းမှုတစ်ခုအတွက် မောင်က ကြည်နူးနေသောအခါ ကျမလည်း ထပ်တူပျော်ရွှင်နေခဲ့တာဖြစ်သည်..။
နောက်ထပ် မွေးနေ့လက်ဆောင်တစ်ခုက မောင်ဖတ်သည်ဖြစ်စေ မဖတ်သည်ဖြစ်စေ မောင့်အတွက် ကျမ၏ ဝါသနာတစ်စိတ်တပိုင်းကို လက်ဆောင်ပေးချင်ခဲ့သောကြောင့် ဒီနေ့တော့ Blog တွင် ပို့စ်တစ်ပုဒ် မဖြစ်မနေရေးဖြစ်ခဲ့ပါသည်...။ တကယ်တမ်းတော့ လောလောဆယ်တွင် စာတွေနှင့် ပိနေသောကြောင့် Blog post တွေရေးဖို့ Mood မဝင်သော်လည်း အမှတ်တရအဖြစ် ရေးလိုက်သော ပို့စ်တစ်ခုသည် ချစ်သူ၏ မွေးနေ့အတွက် မှတ်မှတ်ရရဖြစ်သွားလိမ့်မည် ဖြစ်ပါသည်။
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf
Seven Billion Dreams. One Planet. Consume with Care - See more at: http://www.unep.org/wed/about.asp#sthash.bAxdZ2jR.dpuf

Follow Us @soratemplates