Tuesday, 25 November 2014

Momiji++ Yakiniku++ Ginkgo++

November 25, 2014 4 Comments
"Momiji တွေ အရောင်ပြောင်းတာ သွားကြည့်ကြမယ်"
သူငယ်ချင်းဖြစ်သူက အဲလိုပြောလာတော့ .... စိတ်ထဲအထူးတဆန်းဖြစ်ကာ "ဘာတွေရှိလို့ သွားကြည့်ကြတာလဲ" လို့ ပြန်မေးမိပါတယ်...။
"ဒီလိုပဲလေ... Momiji တွေ ဆောင်းဦးမှာ အရောင်ပြောင်းတာ တစ်ပင်လုံးနီရဲပြီး အရမ်းလှတယ်..။ အဲဒီလို သဘာဝအလှကို ခံစားကြတာပေါ့" လို့ သူမက ပြန်ဖြေပါတယ်...။
"ဟင်င်င်င်... အဲဒီလိုကို တကူးတက သွားကြည့်ပြီး အလှအပကို ခံစားကြတာလား" ဆိုပြီး မကြားဖူးတဲ့ အကြောင်းအရာတစ်ခုအတွက် ကိုယ့်မှာ အံ့သြခဲ့ရပါတယ်....။
Momiji ဆိုတာ ဂျပန်မေပယ်လ်ပင်တွေကို ဂျပန်လိုခေါ်တဲ့နာမည်ပါ...။ အရွက်က ဥရောပ၊ ကနေဒါ စတဲ့ အနောက်နိုင်ငံက Maple ပင်တွေထက် ပိုသေးတယ်...။ အဲဒီမှာလိုပါပဲ... ဆောင်းဦးရောက်ရင် စိမ်းရာကနေ၀ါ၊ ၀ါရာကနေ ပန်းရောင်၊ အဲဒီကနေ တစ်ပင်လုံးနီရဲ၊ နည်းနည်းကြာလာတဲ့အခါ .. ဆောင်းရောက်ရင်တော့ အရွက်တွေခြောက်ပြီး အားလုံးကြွေကုန်ကြတာပါ...။

ဟိုယခင်.. ဂျာမနီမှာကျောင်းတက်စဉ်ကတော့ Maple တွေ အရောင်ပြောင်းတာ၊ ကြွေကျကုန်တာ စတာတွေဟာ သဘာဝအတိုင်း ပြောင်းလဲနေကျဖြစ်စဉ်ဆိုပြီး ထူးထူးဆန်းဆန်းထင်မှတ်ကာ အလှအပကို တကူးတက သွားခံစားဖို့ ဘယ်သူမှ စိတ်မကူးကြသလို ကျမလဲပဲ လည်ပတ်လေ့မရှိခဲ့ပါဘူး..။ အာရှသူပီပီ ကျောင်းကိုအသွား လမ်းတစ်လျှောက်တွေ့ရတဲ့ Maple ရွက်တွေကို တခါတလေ ဓါတ်ပုံရိုက်တာလောက်နဲ့ မှတ်တမ်းတင်တတ်ရုံသာ...။ ဒါတောင် အဲဒီလို အပင်တွေ၊ ပန်းတွေကို ဓါတ်ပုံရိုက်လွန်းလို့ သူငယ်ချင်းတွေကြားထဲ ကျမက အထူးအဆန်းလို ဖြစ်နေတတ်ခဲ့ပါသေးတယ်..။
Germany မှာတုန်းက Maple တွေ အရောင်ပြောင်းပြီး ကြွေနေတာတွေ ရိုက်ထားခဲ့တာတွေပေါ့ ..။ အဲဒါတွေလည်း ကျောင်းဝန်းထဲက သွားရင်းလာရင်း ရိုက်ထားခဲ့တဲ့ပုံတွေပါ..။

အခု ဂျပန်ရောက်တော့ Momiji တွေ အရောင်ပြောင်းချိန်ရောက်ရင် အဲဒီအပင်တွေ အများကြီးရှိတဲ့နေရာ၊ အရောင်ပြောင်းမယ့်အချိန် စတာတွေကို အင်တာနက်ထဲမှာရှာ၊ တစ်ဆင့်စကားတစ်ဆင့်နားနဲ့လည်းပြောကြနဲ့... အရောင်တွေ အလှဆုံးဖြစ်တဲ့အချိန်၊ နေရာကို သွားပြီး ဓါတ်ပုံတွေရိုက်၊ ရှုခင်းတွေကြည့်စတာတွေကို တကယ့်ကို recreation and relax အတွက် ရည်ရွယ်ချက်ရှိရှိကို သွားလာလုပ်ကိုင်ကြတာကို ကျမအနေနဲ့တော့ အထူးအဆန်းဖြစ်ပြီး တွေ့မြင်နေရပါတယ်..။ နောက်ထပ်လာဦးမှာပါ..။ အုမဲပန်းဖြူဖြူတွေ၊ ချယ်ရီပန်းတွေပွင့်တဲ့အချိန်၊ နှင်းတွေကျတဲ့အချိန် တကူးတက အလှအပကို ခံစားဖို့ အားလုံးအလုပ်ရှုပ်ကြပြန်ဦးမယ်....။

Momiji တွေ အများကြီးရှိတဲ့ နာမည်ကြီး Temple တစ်ခုမှာ အနီရောင်တွေ အများဆုံးပြောင်းတဲ့အချိန်က လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေပုံပါ..။ လူတွေအများကြီး တန်ုးစီပြီး လှည့်ပတ်ကြည့်ရှုခံစားနေကြတာ ရွာက ဘုရားပွဲပြန်ရောက်သွားသလိုပါပဲ ..။ ရွာက ဘုရားပွဲဆိုရင်တောင် လူတွေအများကြီး မတိုးချင်လို့ ဘယ်တော့မှ သွားလေ့မရှိတဲ့ကျမက အခုတော့ မြင်ဖူးနေကျ Maple တွေ အရောင်ပြောင်းတာကို လူတွေကြားတိုးဝှေ့ကြည့်ရှု ဓါတ်ပုံမှတ်တမ်းတင်နေမိနေလေရဲ့ ..။ ရောက်တဲ့ဒေသရဲ့ ဓလေ့ထုံးစံတစ်ခုကို လိုက်မိနေတဲ့ သဘောပဲဆိုပါတော့..။ သဘာဝကိုချစ်တဲ့ကျမက ဖန်တီးတာတာမဟုတ်တဲ့ သဘာဝအလှအပတွေကို ချစ်တာကြောင့်လည်း ပါပါတယ်..။






နောက်ပြီးတော့ Ginkgo ပင်တွေ အဝါရောင်ပြောင်းတာလည်း တော်တော်လှပါတယ်..။ Ginkgo ပင်တွေက ဟိုးရှေးရှေးကမ္ဘာဦးအစကတည်းက တည်ရှိလာတဲ့အပင်မျိုးစိတ်ဆိုတော့ ရှေးအကျဆုံးအပင်ဆိုပြီး ဂျာမနီမှာတော့ အမြတ်တနိုးဖြစ်ကြပါတယ်..။




နောက်တစ်ခု ဒီက အစားအသောက်တွေထဲ ပေါ်ပြုလာဖြစ်နေတာတစ်ခုက ကိုရီးယားနဲ့ဆင်တူ အသားကင်ပါ..။ ဂျပန်လို Yakiniku (ယာကိနိခု) လို့ ခေါ်ပါတယ်..။ ဆိုင်တစ်ခုနဲ့တစ်ခု ဈေးကတော့ မတူပေမယ့် ရောင်းတဲ့ပုံစံချင်းတော့ ဆင်တူကြပါတယ်..။ အများအားဖြင့် တစ်ယောက်ချင်းစီကို မိနစ် (၉၀) စားမယ်ဆိုရင် ဂျပန်ယန်း ၁၅၀၀ လောက် ပျမ်းမျှပေးရပါတယ်..။ အချို့ဆိုင်တွေကတော့ ၂၀၀၀ လောက်ထိ ပေးရတတ်ပါတယ်...။ မိနစ် (၉၀) အတွင်း ကိုယ်စားနိုင်သလောက် စားလို့ရပါတယ်..။ မိနစ် (၁၂၀) စာလည်း ရှိပါတယ်..။ ဒါပေမယ့် စားမယ်ဆိုရင် မိနစ် (၉၀) ဆိုတာလည်း အချိန်ကြာတဲ့အတွက် အဲဒါကလည်း သင့်လျော်ပါတယ်..။ ယန်း ၂၀၀၀ လောက်ပေးရတယ်ဆိုရင် menu ၅၀ လောက် စားလို့ရတယ်ဆိုတော့ တော်တော်အမယ်စုံပါတယ်..။ အဲဒီထက်ဈေးကြီးမယ်ဆိုရင် အမျိုးပေါင်း ၁၀၀ ကျော်လောက် စားလို့ရပါတယ်..။ ဒါပေမယ့်လည်း လူတစ်ယောက် တစ်ခါစားတာ အမျိုးပေါင်း ၅၀ တောင် ကုန်အောင် မှာမစားနိုင်ပါဘူး....။




မိနစ် (၉၀) အတွင်း အမျိုးပေါင်း ၅၀ ထဲမှာ အသားမျိုးစုံအပြင် Icecream, soup, dessert စတာတွေလည်း အများကြီးပါပါတယ်..။ သဘောကတော့ ဘူဖေးပါပဲ ..။ ဒါပေမယ့် မှာထားတဲ့အစားအသောက်တွေ ကုန်အောင် မစားရင် အလေးချိန်ပြန်ချိန်ပြီး အလဟဿ      ဖြုန်းတီးပစ်တဲ့အစားအစာတွေအတွက် ပိုက်ဆံ ထပ်ပေးရတာပဲ ဖြစ်ပါတယ်..။ အဲဒီလို စည်းကမ်းချမှတ်ထားတဲ့အခါ ကိုယ်စားနိုင်သလောက်ပဲ ယူစားပြီး ဘယ်သူမှ ပိုလျှံအောင် မဖြုန်းတီးကြတော့ဘူးပေါ့..။ ဒါကတော့ ဂျာမနီမှာလည်း အဲလိုစနစ်ပါပဲ...။ မှာထားတာတွေ ကုန်အောင် မစားနိုင်ရင် ဒါဏ်ရိုက်တဲ့ဆိုင်တွေ တော်တော်များပါတယ်..။ ရည်ရွယ်ချက်က resources တွေ မဖြုန်းတီးစေချင်တာပါ..။ ကိုယ်တွေက အဲဒီလို ဖြုန်းတီးစားသောက်နေတုန်းမှာ အချို့နိုင်ငံ၊ နေရာတွေမှာ အစာမစားရလို့ ငတ်နေသူတွေ တပုံကြီးရှိနေတယ်လေ..။

ဂျပန်မှာရော၊ ဂျာမနီမှာရော အဲဒီအစားစားတာနဲ့ပတ်သက်တဲ့ဓလေ့ကတော့ တော်တော်တူပါတယ်..။အစားအသောက်မှာ စည်းကမ်းရှိတာကို ဆိုလိုတာပါ..။ လူဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ ကိုယ်စားနိုင်တဲ့အတိုင်းအတာ ပမာဏကို ချင့်ချိန်မှန်းဆတတ်ပါတယ်..။ အဲဒါကြောင့် ကိုယ်စားနိုင်သလောက်သာ ပန်းကန်ထဲထည့်ပြီး ထည့်သမျှအရာကို ကုန်အောင်စားခြင်းက အစားအသောက်အပေါ်မှာ လေးစားရာရောက်စေပါတယ်..။ အဲဒီအကျင့်က စွဲနေတတ်တဲ့ကျမက မြန်မာနိုင်ငံရောက်တော့လည်း ဘယ်လောက်ပဲ မကြိုက်တဲ့၊ မကောင်းတဲ့အစားအစာပဲဖြစ်ဖြစ် ပန်းကန်ထဲထည့်မိပြီဆိုရင်တောင် ကျမ မကုန်ကုန်အောင် စားလေ့ရှိပါတယ်..။ စားသောက်ဆိုင်သွားရင်လည်း ဟင်းပွဲတွေ အများကြီးကို လူမြင်ကောင်းအောင် တထိုင်တည်း မမှာတတ်ဘဲ စားနိုင်သလောက်သာ မှာစားတတ်တာ အကျင့်ဖြစ်လို့နေပါပြီ...။ မှာသမျှကိုလည်း အားလုံးကုန်အောင် စားတတ်တာလည်း အကျင့်ဖြစ်နေပါပြီ...။ အိမ်က မိသားစုကိုလည်း အဲဒီအကျင့်စရိုက်ကို ပြောပြပြီး အစားအသောက်မဖြုန်းတီးဖို့၊ လောဘမကြီးဖို့၊ အစားအစာကို လေးစားဖို့ ပြောပြပြီး အလေ့အကျင့်လုပ်ပေးခဲ့ပါတယ်..။ ဒါဟာ ကပ်စေးနည်းတာ၊ ချွေတာတာမဟုတ်ဘဲ စည်းကမ်းရှိတာပါ...။
++++++++++++++++++++

Thank you for your kind visit!!!! See you later :* :)

Wednesday, 19 November 2014

Wait me pls ~~~ (2)

November 19, 2014 2 Comments


ကျမဘ၀ရဲ့ ပထမဆုံးတက္ကသိုလ်ကိုတက်နေချိန် ကျောင်းသူဘ၀က ဘ၀ရဲ့ ပျော်စရာအကောင်းဆုံး အချိန်တွေထဲက အစိတ်အပိုင်းတစ်ခုပါပဲ ..။ ယောက်ျားလေး၊ မိန်းကလေးခွဲခြားမှုတွေမရှိဘဲ သူငယ်ချင်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ မောင်နှမလို သံယောဇဉ်နဲ့ချစ်ကြတဲ့ သူငယ်ချင်းတွေ၊ ရယူလိုမှုမရှိဘဲ စေတနာ အပြည့်နဲ့ ဆရာ၊ ဆရာမတွေကြားမှာ ဘ၀က ပျော်စရာအတိပြီးခဲ့ပါတယ်..။ အပြင်ကျူရှင်ဆိုတာမရှိတဲ့ ထူးခြားလှတဲ့တက္ကသိုလ်မှာ စာသင်ခန်းထဲက ဆရာဆရာမတွေရှင်းပြတဲ့ လက်ချာချိန်တွေတက်ရင်း နားမလည်ရင် သူငယ်ချင်းအချင်းချင်း အပြန်အလှန်ရှင်းပြရင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီနေထိုင်ခဲ့ကြ ပါတယ်..။ သူငယ်ချင်းတွေကြားထဲမှာ ကျမထက်အသက် (၃) နှစ်ကြီးပေမယ့် ကျမလောက် ဉာဏ်မကောင်း တဲ့သူငယ်ချင်းတစ်ယောက်ကို စာနဲ့ပတ်သက်ရင် အမြဲအကူအညီပေးခဲ့ရတယ်..။ သူ့အပြင် အခြား သူငယ်ချင်းတွေလည်း စာနဲ့ပတ်သက်လို့ အကူအညီလိုရင် ကျမအမြဲကူညီပေးလေ့ရှိခဲ့ပါတယ်..။ စာမေးပွဲနီးရင် အဆောင်ရှေ့မှာ Notes လာတောင်းတဲ့သူငယ်ချင်းတွေ မုန့်လေးတွေကိုင်ပြီး ရောက်ရောက် လာလေ့ရှိပါတယ်..။ 

မိန်းကလေးအဆောင်က ညနေ ၆ နာရီဆိုပိတ်တာဖြစ်တဲ့အတွက်ကြောင့် ညရောက်ပြီဆိုရင် သူငယ်ချင်း တတွေ မုန့်ပူပူနွေးနွေးစားချင်တဲ့ စိတ်တွေက မရိုးမရွဖြစ်လာလေ့ရှိပါတယ်..။ ဒါပေမယ့်လည်း အတန်းထဲက ယောက်ျားလေးသူငယ်ချင်းတွေရဲ့ အလှည့်ကျမုန့်တွေဝယ်လာပေးတတ်တဲ့ စေတနာက ကျမတို့ရဲ့ အငတ်အာသာကို ပြေစေခဲ့ပါတယ်.။ ကျမရဲ့ သူငယ်ချင်းကတော့ ညတိုင်းလိုလို အဆောင်စောင့် အဘကနေတစ်ဆင့် အကြော်၊ ထပ်တရာ၊ ပလာတာ၊ မုန့်လင်မယား၊ ပေါက်စီ၊ မုန့်ဟင်းခါး စသဖြင့် သူလက်ဖက်ရည်သွားသောက်ရင်း ၀ယ်လာလေ့ရှိခဲ့ပါတယ်...။ သူဝယ်လာတိုင်း အတန်းထဲက မိန်းကလေး သူငယ်ချင်းတွေအားလုံးအတွက် ညီတူညီမျှဝယ်ပို့ပေးလေ့ရှိပါတယ်..။ အဲဒါကြောင့် ကျမအပြင် အခြား မိန်းကလေးသူငယ်ချင်းတွေအားလုံးက ဘက်မလိုက်တတ်တဲ့သူ့စိတ်ဓါတ်ကို ချစ်ကြပါတယ်..။ ဘယ်သူမှ မုန့်လာမပို့တဲ့ညဆိုရင်တော့ လက်ဖက်သုပ်၊ မြင်းခွာရွက်သုပ်၊ ခရမ်းချဉ်သီးသုပ်စတဲ့ အသုပ်မျိုးစုံ ၊ ခေါက်ဆွဲခြောက်ထုပ်မျိုးစုံ၊ ရှိရှိသမျှ မုန့်မျိုးစုံကို မရိုးအောင်လုပ်စားကြပါတယ်..။ ကျမအခန်းက အမြဲ ပင်တိုင်အခန်းပါ..။ အခန်းထဲမှာ သီချင်းစာအုပ်မျိုးစုံ၊ ဂစ်တာ၊ DVD စသဖြင့် မျိုးစုံအောင် ထားပြီး သောင်းကျန်းလေ့ရှိခဲ့ကြပါတယ်..။ ဒါပေမယ့်လည်း အချိန်တန်ရင်တော့ စာတော့ ပုံမှန်လုပ်ကြ ပါတယ်..။

ဒီလိုနဲ့ပဲ ... နောက်ဆုံးနှစ်ကိုရောက်လာတော့ စာတွေက ခက်လာသလို ကျမသူငယ်ချင်းကို စာရှင်းပြရတာ လည်း အချိန်တွေပိုစိပ်လာခဲ့ပါတယ်..။ အမြဲလိုလို ကျက်စာဆိုရင် သူ့ကိုရှင်းပြရင်း ကျမက ပြန်ကျက်စရာ မလိုဘဲ အလွတ်ရနေပြီဆိုရင်တောင် သူကနားမလည်သေးပါဘူး။ တွက်စာတွေဆိုရင်လည်း သူ့ကိုရှင်းပြရလွန်းလို့ စာမေးပွဲဖြေချိန်ထိ ကျမကပြန်ကြည့်စရာမလိုအောင် ရှင်းလင်းသွားပေမယ့် သူက လယ်တယ်တယ်ပဲ ဖြစ်နေတတ်ပြန်ပါသေးတယ်..။ သူကပဲ ဉာဏ်မကောင်းတာလား၊ ကျမကပဲ စာရှင်းပြတာ ပါရမီမပါတာလားတော့ မသိပါဘူး..။ နောက်ဆုံးနှစ်အတွက်တင်ရမယ့် စာတမ်းခေါင်းစဉ် လည်း ကျမက သူ့အတွက်ရွေးပေးရုံမက references တွေပါ အဆင်သင့်ရှာပေးတာတောင် သူက ရေးရမှာ ပျင်းနေတဲ့သူမျိုး..။ ဒါပေမယ့် ကိုယ့်ဘာသာရေးဆိုပြီး အဲတစ်ခုကိုတော့ ကျမ မရေးပေးခဲ့ပါဘူး..။ စာမေးပွဲနီးချိန်တိုင်း စာတွေအော်ပြီးကျက်တတ်လွန်းလို့ အသံနာလေ့ရှိတတ်တဲ့ ကျမအတွက် Mybacin ကဒ်ကလေးတွေ သူအမြဲဝယ်လာပေးတတ်ပါတယ်..။ နေမကောင်းရင် သူငယ်ချင်းတစ်ယောက်လိုသာမက အစ်ကိုတစ်ယောက်လို ပြာယာခတ်ပြီး သူစိတ်ပူကာ တတွတ်တွတ်ဆူနေတတ်ပြန်ပါတယ်..။ ကျမစားချင် တာမှန်သမျှ သူက အမြဲဝယ်ကျွေးချင်ခဲ့သလို ကျမအတွက် အပြင်ဗဟုသုတစာအုပ်တွေ အမြဲလက်ဆောင် ၀ယ်ပေးတတ်ပါတယ်..။ သူပေးခဲ့တဲ့ စာအုပ်တွေထဲမှာ မှတ်မှတ်ရရရှိခဲ့တဲ့ စာအုပ်တွေက ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ပေါ်လီယာနာ၊ Who moved my cheese နဲ့ Zig Zigglar ရဲ့ See you at the top ကို ဘာသာပြန်ထားတဲ့ ထိပ်ဆုံးမှာ တွေ့ကြမယ် ဆိုတဲ့ စာအုပ်တွေပါ..။ အခြားစာအုပ်တွေတော့ အများကြီး ပါပဲ..။ ဥပမာ ဦးနုရဲ့ မိတ္တဗလဋီကာ၊ ပြီးတော့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဆိုတဲ့စာအုပ်နဲ့ အခြား ဘာသာရေးစာအုပ်တွေ၊ အခြား ပညာရပ်ပိုင်းနဲ့ပတ်သက်တဲ့စာအုပ်တွေ စသဖြင့်ပေါ့..။ ပေါ်လီယာနာကို ဖတ်ကြရင်း တစ်ခုခုအဆင်မပြေ၊ စိတ်ညစ်စရာတွေတွေ့ကြတိုင်း ဒါလည်းကောင်းတာပါပဲ ဆိုတဲ့စကားကို လက်ကိုင်စွဲရင်း စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ဖယ်ရှားပစ်ခဲ့ကြဖူးတယ်..။ See you at the top ဆိုတဲ့ စာအုပ်ထဲက လူတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘ၀ဆိုတာ တစ်ယောက်တည်း ထီးတည်းအောင်မြင်တာ ကိုပြောတာမဟုတ်ဘဲ.. ပညာရေး၊ အလုပ်အကိုင်၊ မိသားစုဘ၀၊ လူမှုရေးဘ၀၊ စီးပွားရေးစတာတွေကို အချိုးညီညီဟန်ချက်ညီအောင်လုပ်ကိုင်ရင်း အောင်မြင်တဲ့အလုပ်အကိုင်တစ်ခုရယ်၊ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစု ဘ၀ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနိုင်မှ အောင်မြင်တယ်ဆိုတဲ့ ဖွင့်ဆိုချက်က မှန်ကန်တယ်ဆိုတာကို မှတ်မှတ်ရရရှိခဲ့ကြတယ်..။ နောက်ပိုင်းတော့ စာရေးရင်၊ ဖုန်းပြောရင် See you at the top ဆိုတဲ့စကားနဲ့ အဆုံးသတ်နှုတ်ဆက်တဲ့အထိ အဲဒီတက်ကျမ်းစာအုပ်ကို သဘောတကျရှိခဲ့ပါတယ်..။ အခုနောက်ပိုင်း ကျမ အလွန်မကြိုက်တဲ့စာရေးဆရာတစ်ယောက်က အဲဒီစကားလုံးကို သူ့ကိုယ်ပိုင်စကားလုံးလိုလို တွင်တွင် သုံးနေကတည်းက ကျမ အဲဒီစကားလုံးကို ယောင်လို့တောင် မဟတော့ပါဘူး..။ နောက်တစ်ချက်က ကျမတို့ ထိပ်ဆုံးမှာတွေ့ကြဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခု ရောက်သွားတာကြောင့်လည်း ဖြစ်ပါတယ်။


ဒီလိုနဲ့ပဲ ကျောင်းပြီးလို့ အောင်စာရင်းထွက်ချိန်မှာ ကျမက ဂုဏ်ထူးတွေအများကြီးနဲ့ အထူးအောင် နဲ့ အောင်ခဲ့ပေမယ့်  သူကတော့ ဂုဏ်ထူးအနည်းငယ်နဲ့သာ အောင်မြင်ခဲ့ပါတယ်..။ ပညာရေးကို လိုက်စားလိုစိတ်မရှိတော့တဲ့ သူ့အတွက်တော့ ဂုဏ်ထူးနဲ့အောင်တယ်ဆိုတာနဲ့တင် တော်တော်ထူးချွန်နေပြီ လို့ ပြောပါတယ်..။ ကျောင်းပြီးလို့ အချိန်သိပ်မကြာခင်မှာပဲ ကျမနိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါပြီ.။ ပထမဆုံး လျှောက်ဖြစ်တာက TICA (Thailand International Cooperation Agency) က ပေးတဲ့ Scholarship ပါ..။ တက်ချင်လွန်းလို့ရယ်မဟုတ်ပါပဲ.. အကြောင်းတိုက်ဆိုင်တော့ လျှောက်ဖြစ် သွားတာပါ..။ အဲဒီအတွက် research proposal တွေရော၊ အမှတ်စာရင်းစသဖြင့် Document တွေ စုံအောင်တင်ခဲ့ပြီး သိပ်မကြာခင်မှာ ရေးဖြေ၊ နှုတ်ဖြေ ဖြေရပါတယ်..။ ရေးဖြေက တကယ်တော့ TOEFL ဖြေရပါတယ်..။ ကျမက အင်္ဂလိပ်စာသာ လေ့လာနေပေမယ့် TOEFL ရယ်၊ IELTS ရယ်ဆိုပြီး ရည်ရွယ်လေ့လာခဲ့တာမဟုတ်လေတော့ စာမေးပွဲခန်းထဲရောက်မှာ TOEFL ဖြေရတာပါလားလို့ သိပြီး ကိုယ့်မှာရှိတဲ့ အင်္ဂလိပ်စာလေးနဲ့ပဲ ရသလောက်ဖြေခဲ့ပါတယ်...။ Listening ကတော့ အကျင့်သိပ်မ ရှိတော့ ကောင်းကောင်းမဖြေနိုင်ခဲ့ပါဘူး..။ နောက်တစ်ရက်ကျတော့ အင်တာဗျူးဖြေရ ပါတယ်..။ English Fluency ရယ်၊ ပညာရပ်ပိုင်းဗဟုသုတတွေ ရယ် မေးတာတော့ ကောင်းကောင်းဖြေနိုင် ခဲ့ပါတယ်..။ ဒီလိုနဲ့ Listening မှာ ကောင်းကောင်းမဖြေနိုင်ခဲ့တဲ့အပြင် ပထမဆုံးအတွေ့အကြုံဆိုတော့ ရမှာမဟုတ်လောက် ပါဘူးလို့ပဲ ဘာမှစုံစမ်းမေးမြန်းခြင်းမရှိဘဲ ဒီအတိုင်းသာ နေနေခဲ့ပါတယ်..။ အဲဒါအပြင် ကျမအလုပ်လည်း ၀င်လုပ်နေခဲ့ပါပြီ..။ 


ဒါပေမယ့် တစ်ရက်တော့ မထင်မှတ်ထားဘဲ ကျမဆီကို မေးလ်ဝင် လာပါတယ်..။ ကျမလျှောက်တဲ့ တက္ကသိုလ်ကိုရတဲ့အကြောင်းနဲ့ TICA Scholarship ကိုရတဲ့အကြောင်း၊ နောက်ဆုံးရောက်ရမယ့်ရက်၊ ဗီဇာလျှောက်ဖို့ ဘာတွေပြင်ဆင်ရမယ်၊ ဘာညာနဲ့ပေါ့..။ TICA က ပေးတဲ့ Monthly Scholarship fee က တော်တော်နည်းပါတယ်..။ တစ်လကို ထိုင်းဘတ် ၇၀၀၀ လောက်ပဲ ပေးတာပါ..။ မထင်မှတ်ဘဲ လျှောက်လိုက်မိတဲ့တက္ကသိုလ်တစ်ခုက လက်ခံစာရတော့ ကျမအတွက် လက်ရှိလုပ်နေတဲ့ အလုပ်ရယ်၊ ရလာတဲ့အခွင့်အရေးရယ်၊ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်ထပ် ဒီထက်ကောင်း တဲ့ အခွင့်အရေးတွေရလာနိုင်မယ့်အခြေအနေရယ် စသဖြင့် ဆုံးဖြတ်ရခက်ခဲတဲ့အခြေအနေ  တစ်ခု ဖြစ်ခဲ့ ပါတယ်..။ အဲဒါအပြင် ကျမကိုလည်း အခြားနိုင်ငံကြီးတွေက ကျောင်းတွေကို သွားတက်နိုင်အောင် လုပ်နိုင်ရက်သားနဲ့ ဘာကြောင့် နီးနီးနားနားမှာပဲ တက်မှာလဲ ဘာညာစသဖြင့် သူငယ်ချင်းတွေ၊ စီနီယာတွေကလည်း ပြောကြတာပေါ့..။ အတွေ့အကြုံကလည်းမရှိ၊ အသက်ကလည်းငယ်သေးတော့ သွားရမလား၊ မသွားရဘူးလားဆိုတာ ချက်ချင်းတိတိကျကျ မဆုံးဖြတ်နိုင်လောက်အောင် ကျမတွေဝေနေ ခဲ့ပါတယ်..။ 

++++++++++++@@@@@++++++++++++++


စာကြွင်း +++ :)))

:-) တကယ်က ဒီလောက်အသေးစိတ်ရေးဖို့ စိတ်မကူးထားပေမယ့်လည်း Keyboard ပေါ်တင်မိတဲ့ လက်ချောင်းတွေ သွားရာနောက်လိုက်ရင်း အလိုလိုရေးနေမိရာက ကျမဘ၀ဇာတ်ကြောင်းစုံတော့မယ်..:)
စာရေးရင် သူ့အလိုလို စိတ်ထဲကနေ ထွက်လာနေတဲ့စကားလုံးတွေကို လက်ချောင်းတွေက အလိုလိုရိုက်ပြီးသား ဖြစ်နေတတ်တဲ့ သဘာဝကြောင့် ဘာမှ edit မလုပ်ဖြစ်တော့ပါဘူး...........။ 

Saturday, 15 November 2014

Wait me pls ~~~

November 15, 2014 7 Comments


အချိန်က ၂၀၀၆ ခုနှစ်ရဲ့ ရက်တစ်ရက်...။
အဲဒီရက်တစ်ရက်မှာ ၀တ္ထုတချို့တလေကို ဖတ်စပြုနေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်က သူမအကြိုက်ဆုံး စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဆရာမ “ဂျူး” ရဲ့ အသစ်စက်စက်ဝတ္ထုတစ်အုပ်ကို ဖတ်ချင်လွန်းလို့ အိမ်နဲ့ မနီးမဝေးက စာအုပ်အငှားဆိုင်လေးမှာ သွားငှားလာခဲ့တယ်...။ စာအုပ်လေးရဲ့ နာမည်က “စောင့်နေမယ်လို့ မပြောလိုက်ဘူး” တဲ့...။ မဖတ်ခင်အချိန်ထိတော့ ဘာကြောင့် စောင့်နေမယ် လို့ မပြောလိုက်တာလည်းလို့ ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်ရဲ့ အတွေးနဲ့ မချင့်မရဲဖြစ်နေမိခဲ့ ပါသေးတယ်..။ တကယ်ဆို သူမဘက်ကသာ စောင့်နေမယ်လို့သေချာပြောလိုက်ရင် သူတို့နှစ်ယောက် တချိန်မဟုတ်တချိန် ပြန်တွေ့ကြပြီး ပျော်စရာနိဂုံးတစ်ခုဖြစ်မှာလို့ မဖတ်ခင်တော့ တွေးနေမိခဲ့တယ်...။ ဖတ်ပြီးသွားချိန်မှာတော့ ကြိုးစားမှုတွေနဲ့အတူ မျှော်လင့်ချက်တပွေ့တပိုက်နဲ့ ကောင်မလေးတစ်ယောက်က ပျံသန်းဖို့အတောင်ပံတွေ အပြည့်ရှိလာတဲ့ အချိန်မှာ ကောင်းကင်ကြီးမှာ လွတ်လွတ်လပ်လပ်ပျံသန်းသွား မှာဖြစ်လို့ မရေမရာနဲ့ စောင့်မျှော်နေတဲ့အလုပ်တစ်ခုကို လုပ်မှာမဟုတ်ဘူးဆိုတဲ့ သူမဖက်ကနေ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုအတွက် ထပ်တူပျော်ရွှင်နေခဲ့မိတယ်...။ ပြီးတော့ သူမလည်း အောင်မြင်စွာ ပျံသန်းသွားနိုင်ပါစေလို့ တိတ်တိတ်လေးဆုတောင်းပေးရင်းပေါ့..။


ငယ်ငယ်ကတော့ မြန်မာမိဘတွေရဲ့ ထုံးစံအတိုင်း အဖေနဲ့အမေက အပြင်စာတွေ အထူးသဖြင့် အချစ်ဝတ္ထုတွေဖတ်တာ လုံးဝမကြိုက်တော့ အချစ်လုံးချင်းဝတ္ထုတွေနဲ့ မရင်းနှီးခဲ့ဘူး...။ မှတ်မှတ်ရရ ပထမဆုံးရင်ထဲထိရောက်တဲ့ အချစ်ဝတ္ထုတစ်အုပ်က ဆရာမ ဂျူးရဲ့ ‘အမှတ်တရ’ ဆိုတဲ့ စာအုပ်ကလေးပါ..။ အဲဒီစာအုပ်ကလေးကို ၆ တန်းလောက်ကနေ ၁၀ တန်းထိ မခွဲဘဲအတူတူကျောင်းတက်လာပြီး ဆယ်တန်းမှာ ကျသွားခဲ့တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်နဲ့ သူ့အစ်မကို study guide ပြန်လုပ်ပေးရင်း တစ်ရက်တော့ သူ့အစ်မက ဖတ်ဖြစ်အောင်ဆိုကာ ငှားပေးလိုက်ရင်းကနေ ဖတ်ဖြစ်သွားခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက အဲဒီစာအုပ်က ဆရာမရဲ့ ပထမဆုံးလုံးချင်းမှန်းလည်း မသိ၊ ဆရာမဆိုတာ ဘယ်လိုလူမျိုးလည်းတောင် သေချာမသိသေးဘဲ နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်တဲ့ စာအုပ် ခပ်နွမ်းနွမ်းလေးကို ၂ ခါလောက်ပြန်ဖတ်ခဲ့မိတယ်..။ ဖတ်ရင်းလည်း ရင်ထဲမှာ နင့်နင့်သည်းသည်း ခံစားနေခဲ့ရတယ်..။ နောက်တော့ အဲဒီအချိန်က စာအုပ်အငှားဆိုင်တွေ ခေတ်ရှိနေသေးတဲ့အချိန်ဆိုတော့ စာအုပ်ဆိုင်မှာ ဆရာမဂျူးရဲ့ စာအုပ်တွေကို အကုန်လုံး ငှားဖတ်ဖြစ်ခဲ့တယ်..။ ဆယ်တန်းအောင်ပြီးခါစ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန်၊ စာကြည့်စရာမလိုတော့ပေမယ့် Study Guide တစ်ယောက်အဖြစ် တနေကုန် မနက် ၆ နာရီလောက်ကနေ ည ၁၀ နာရီလောက်အထိ လုပ်နေချိန်ဆိုတော့ အားချိန်မရှိပေမယ့် မရှိရှိတဲ့အချိန်လေးမှာ စာအုပ်တွေ ဖတ်ဖြစ်ခဲ့တယ်..။ စာအုပ်အထွက်ကျဲတဲ့ ဆရာမရဲ့ စာအုပ်တွေက လပိုင်းလောက်အတွင်းပဲ ဖတ်လို့ပြီးသွားတဲ့အတွက် စာအုပ်အသစ်ထွက်ဖို့အရေး အမြဲလိုလို လက်ချိုးရေရင်း စောင့်နေတဲ့သူတွေထဲမှာ ကျမတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့တယ်..။

အဲဒီလိုနဲ့ ၂၀၀၆ ခုနှစ်ရဲ့ ရက်တစ်ရက်မှ ထွက်လာတဲ့ စာအုပ်တစ်အုပ်ကို ထွက်ထွက်ချင်းဖတ်ချင်မိခဲ့ကာ ဖတ်ပြီးတော့ အဓိက ဇာတ်လိုက်မလေး အေသင်ကို အားကျတာမဟုတ်ဘဲ သူမရဲ့ role model ဖြစ်တဲ့ "ခက်" ဆိုတဲ့ အမျိုးသမီးကို အေသင်နဲ့အတူတူ အားကျကာ ခက် လိုမျိုး နိုင်ငံခြားမှာ ပညာသင်ချင်တဲ့သူ တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ချင်ခဲ့မိတယ်..။


တကယ်တော့ ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားတွေက တစ်ခုခုဆိုရင် စွဲထင်ကျန်ရစ်နေတတ်စမြဲပါ..။ ခပ်ငယ်ငယ်အရွယ်က ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်၊ ကြားခဲ့ဖူးတဲ့ပုံပြင်၊ အကြောင်းအရာ စတာတွေက မှတ်ညဏ်ကောင်းလွန်းတဲ့ ငယ်ရွယ်သူတွေရဲ့ မသိစိတ်ထဲမှာ စွဲထင်ကျန်ရစ်နေတတ်တာ သဘာဝပဲလေ..။ ငယ်ငယ်က ဆရာမရဲ့ စာတွေကို ဖတ်ရင်း နိုင်ငံခြားက Conference တွေ၊ Seminar, Workshop တွေကို သွားတက်လေ့ရှိတဲ့ ပညာတတ်မိန်းမတစ်ယောက်ရဲ့ သရုပ်ဟာ ကျမရဲ့ သိစိတ်မှာရော၊ မသိစိတ်မှာပါ မသိမသာ စွဲထင်နေခဲ့တယ်..။ နယ်မြို့ကလေးတစ်မြို့နားက ရွာလေးတစ်ရွာမှာနေတဲ့ သာမာန်မိဘနှစ်ပါး ကနေ မွေးလာတဲ့သူတစ်ယောက်အနေနဲ့ အဲဒီလို အမျိုးသမီးတွေရဲ့ ဘ၀က ကိုယ်နဲ့ လားလားမှ မသက်ဆိုင်လောက်အောင် မြင့်မားလွန်းတယ်လို့ မသိစိတ်ထဲမှာ အမြဲလိုလိုတွေးနေမိတတ်ပြန်သေး တယ်..။ ဘာကြောင့်ဆိုရင် အနီးအနားမှာက ဆယ်တန်းကို မအောင်လို့ ငါးနှစ်ခြောက်နှစ် ဆက်တိုက်ဖြေနေရသူတွေ၊ ကံကောင်းလို့ အောင်သွားရင်တောင် အောင်မှတ်လေး ပွတ်ကာသီကာနဲ့ မန္တလေးအဝေးသင်တက္ကသိုလ်လောက်ကိုသာ လက်လှမ်းမီတဲ့သူတွေ၊ အချို့လည်း အဝေးသင်တောင် မတက်နိုင်ကြဘဲ မိဘလက်ငုတ်လက်ရင်းအလုပ်တွေသာ ၀င်လုပ်ရင်း ဘ၀တက္ကသိုလ်ထဲမှာပဲ ကျင်လည်နေကြသူတွေသာ ပေါများလှတဲ့နေရာတစ်ခုမှာ ဆယ်တန်းဆိုတာ အောင်ဖို့ အတော်ခက်ခဲတဲ့ အခြေအနေတစ်ခုပါလားလို့ စွဲနေခဲ့တာဖြစ်ပါတယ်..။ 

ကျမရဲ့ အဲဒီအတွေးတွေကို ချေဖျက်ပေးလိုက်သူက ကျမနဲ့ အသက် ၂ နှစ်ကွာပေမယ့် အတန်းတစ်တန်းထဲသာ ကွာတဲ့ ကျမအစ်မပါ..။ အစ်မက ဆယ်တန်း ကို နှစ်ချင်းပေါက် ဂုဏ်ထူးတစ်ခုနဲ့ အောင်ခဲ့ပါတယ်..။ အဲဒီအခါ အဲဒီလိုအောင်မြင်မှုမျိုး ရှားပါးလှတဲ့ရွာမှာ အဖေက ၀မ်းသာလွန်းလို့ အစ်မရဲ့ အောင်မြင်မှုအထိန်းအမှတ်အဖြစ် အိမ်မှာ အလှူလုပ်ပေးတော့ အစ်မကို အားကျစိတ်တွေ ဖြစ်ခဲ့ရတယ်..။ ကျမလည်း အစ်မလိုကြိုးစားရင်ဖြစ်မှာပဲ၊ သူများတွေပြောသလောက် ဆယ်တန်းဆိုတာ မခက်ခဲပါဘူးလို့ စိတ်ထဲမှာ ပြန်စွဲသွားတော့ ဘာသာစုံဂုဏ်ထူးနဲ့အောင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်..။ အဲဒီအချိန်မှာ ကျမက ဆယ်တန်းတက်နေပြီလေ..။ 

အဲဒီလိုနဲ့ ဆယ်တန်းအောင်တော့ ရွာမှာတစ်ခါမှ မကြုံဖူးခဲ့တဲ့ ဂုဏ်ထူးတွေအများကြီးနဲ့ စာမေးပွဲအောင်တဲ့ ဘာသာစုံ ရမှတ်ပေါင်းက တစ်ဘာသာချင်းပျမ်းမျှ ၈၀ ကျော်ရတဲ့ ပထမဆုံးမိန်းကလေးတစ်ယောက်ဖြစ် လာခဲ့တယ်..။ ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ အဲဒီအချိန်က ဆေးတက္ကသိုလ်အမှတ်ကို ၄ မှတ်အလိုနဲ့ ကပ်လွဲသွားခဲ့ပါ တယ်..။ ရည်မှန်းချက်ကြီးကြီးမရှိလှတဲ့၊ မသိလှတဲ့ ကျမအနေနဲ့ ဆေးတက္ကသိုလ်နဲ့လွဲတာ ကို သိပ်တော့ ၀မ်းနည်းပက်လက်မဖြစ်လှပါဘူး..။ ဆေးကိုသာ တက်ဖြစ်ရင် နောက်ထပ်ဘွဲ့လွန်တွေ အတွက် စာတွေ အများကြီးကြည့်နေရမယ်၊ လုပ်ငန်းခွင်ထဲမှာလည်း စာတွေ ဆက်ဖတ်နေရဦးမယ်ဆိုတော့ စာကြမ်းပိုးဖြစ်ပြီး ပင်ပန်းတာပေါ့၊ အခုတက်မယ့်တက္ကသိုလ်ဆိုရင် ဘွဲ့လေးတစ်ဘွဲ့ရပြီးရင် စာဆက်ကြည့် စရာမလိုဘဲ အေးအေးဆေးဆေး နားနေလို့ရပြီဆိုပြီး စာကြည့်ရမှာ ပျင်းလှတဲ့ကျမက အဲလိုအတွေးနဲ့ ဖြေသိမ့်ခဲ့ပါတယ်..။ စက်မှုတက္ကသိုလ်တွေကလည်း ပိတ်ထားပြီး ကျမတို့နှစ်တွေမှာ GTC ပဲခေါ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလှတဲ့ကျမက B.E ထိရောက်အောင် မကြိုးစားနိုင်ဘဲ B.Tech လောက်မှာဘဲ ရပ်သွားရင် ဘွဲ့မရဖြစ်နေမယ်ဆိုပြီး Architect တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် GTC ကိုတော့ မလျှောက်ခဲ့ ပါဘူး..။ အဲဒီတော့ အဲဒီခေတ်ကာလက ဆေးတက္ကသိုလ်ပြီးရင် တက္ကသိုလ်ဝင်ခွင့်တွေထဲ ဒုတိယအမှတ် အမြင့်ဆုံးဖြစ်တဲ့ လူသိပ်မသိတဲ့ တက္ကသိုလ်တစ်ခုကို အလိုအလျောက်တက်ခဲ့မိပါတယ်..။ ရည်ရွယ်ချက် က တော်တော်ကြီးမားပါတယ်..။ ဘွဲ့တစ်ခုရရင် တော်ပြီ.၊ စာတွေကို နှစ်ရှည်လများ မဖတ်ချင်ဘူး၊ စာတွေနဲ့ တစ်သက်လုံး အဖော်မပြုချင်ဘူး လို့ ဖြစ်ပါသတဲ့..။


ကျမရဲ့ ဘွဲ့တစ်ခုရရင်တော်ပြီဆိုတဲ့ အတွေးက ဆရာမဂျူးရဲ့စာအုပ်တွေဖတ်ပြီး တဖြည်းဖြည်းပြောင်းလဲ လာခဲ့ပါတယ်..။ အဓိက ပြောင်းလဲပေးခဲ့တာက “စောင့်နေမယ်လို့ မပြောလိုက်ဘူး” ဆိုတဲ့ စာအုပ်လေးကို ဖတ်အပြီးမှာ ပြောင်းလဲသွားခဲ့ပါတယ်..။ မမခက်ကို အားကျခဲ့ပြီး အေသင်နဲ့အတူ သူ့လိုဖြစ်ချင်တဲ့စိတ်တွေ ၀င်လာခဲ့တယ်..။ ဘာကြောင့်ဆိုရင် သူတို့နှစ်ယောက်လုံးရဲ့ ဘ၀တွေက ကျမရဲ့ ဘ၀နဲ့ အများကြီးအလှမ်း ကွာလှတာ မဟုတ်တဲ့အတွက် အဲဒီစာအုပ်ဖတ်ချိန် စိတ်ထဲမှာ ငါလည်း ကြိုးစားရင် မမခက်လို ဖြစ်လာမှာပဲ လို့ တွေးနေမိခဲ့တယ်ထင်ပါတယ်..။ အဲဒါအပြင် ကျမရဲ့ အဲဒီအချိန် ဘ၀က အေသင်ထက်တောင် သာနေသေးတယ်လေ..။ မိသားစုဝင်တွေအများကြီးနဲ့ အလုပ်လုပ်ရင်း အဝေးသင်တက်နေရ တဲ့ အေသင့်လိုဘ၀မျိုးမဟုတ်ဘဲ မိဘပံ့ပိုးမှုအလုံအလောက်နဲ့ တက္ကသိုလ်ကျောင်းသူဘ၀ကို သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေချိန်ပါ..။ ဆရာတွေ ဆရာမတွေ ထဲမှာလည်း နိုင်ငံခြားပြန်တွေ၊ သွားနေဆဲသူတွေ တွေ့ရတဲ့အခါ သူတို့ကို ခက်နဲ့ ချိန်ထိုးအားကျခဲ့ ကာ ကျောင်းစာကို တဖြည်းဖြည်းကြိုးစားလာခဲ့ပါတယ်..။ အဲဒီအချိန်ကာလက ဘယ်သူမှ ပြောပြမယ့်သူ မရှိခဲ့ပေမယ့် Bachelor မှာ အမှတ်ကောင်းကောင်းရမှ နိုင်ငံခြားက မဟာဘွဲ့ကို လျှောက်ရင် ရဖို့ရာခိုင်နှုန်းပိုများတယ်ဆိုတာကို မှတ်ထားနေမိတဲ့အတွက် နှစ်တိုင်းအမှတ်ကောင်းကောင်း၊ အဆင့်ကောင်းကောင်းနဲ့အောင်အောင် ကြိုးစားခဲ့ပါတယ်..။ တစ်ဖက်ကလည်း အချိန်ရရင် ရသလို အင်္ဂလိပ်စာလည်း လေ့လာရင်းပေါ့..။ အဲဒီအချိန်ကာလက ကျောင်းသားလူငယ်တွေကြား ရေပန်းစားခဲ့တဲ့ The Best, Light English, English for All လိုမျိုး စာအုပ်တွေကို မလွတ်တမ်းဝယ်ဖတ်ရင်း ဘာသာပြန်ပြိုင်ပွဲတွေလည်း တခါတလေ ၀င်ပြိုင်ဖြစ်ပါတယ်..။ ကျမ တက္ကသိုလ်ကျောင်းသူဘ၀မှာ Facebook ဆိုတဲ့အရာမရှိခဲ့တာ တော်တော်ကံကောင်းတယ်ဆိုရမယ်..။ အားတဲ့အချိန်မှာ အပန်းဖြေစရာ များများစားစားမရှိဘဲ အဲဒီလို အင်္ဂလိပ်စာအုပ်တွေပဲ ဖတ်ဖြစ်နေခဲ့တာကိုး...။ ပညာရေးအတွက် ပထမဆုံး အုတ်မြစ်ချချိန်မှာ မရည်ရွယ်ပါဘဲ အခြေခိုင်အောင် ကြိုးစားမှန်းမသိကြိုးစားနေခဲ့တယ်...။

To be continued~~~

++++++++++++++++ ++++++++++++++++++++++


စာကြွင်း+++
တကယ်တမ်းတော့ ဒီနေ့ပိတ်ရက် စနေနေ့မှာ အိမ်သန့်ရှင်းရေးလုပ်၊ တစ်ပတ်စာ အ၀တ်တွေလျှော်၊ ဈေးဝယ် နဲ့ တစ်မနက်လုံးလှုပ်ရှားပြီးတဲ့အခါ စာဖတ်ဖို့သာ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်.။ ကျမကြိုက်တဲ့ ရသစာတစ်ခုခုဖတ်မယ်ဆိုပြီး E-Book တွေ မွှေနှောက်ရှာဖွေရင်းက ငယ်ငယ်က ဖတ်ခဲ့ပြီး စွဲထင်နေခဲ့တဲ့ ဆရာမရဲ့ စာအုပ်ကလေးကို ခဏ ပြန်ဖတ်ကြည့်မိခြင်းသာ...။ ဖတ်ရင်းနဲ့ အဲဒီစာအုပ်ကလေးကို ဖတ်မိချိန်ကာလက ခက် ဆိုတဲ့ အမျိုးသမီးတစ်ယောက်လို ဖြစ်ချင်စိတ်တွေ များခဲ့တဲ့ ကျမရဲ့ မျှော်လင့်ချက်အိပ်မက်တစ်ခုကို သတိရသွားမိတယ်..။
အဲဒါနဲ့ ရေးချင်စိတ်ပေါ်လာကာ Keyboard ပေါ်မှာ ခက်ကို အားကျစိတ်ဖြစ်ပေါ်ခဲ့ခြင်းက ကျမကို ကြိုးစားဖို့ အားတစ်ခုဖြစ်ခဲ့ကြောင်းလောက်သာ ရေးချင်ရုံသက်သက်ပါ..။ ရေးရင်းရေးရင်း ပြန်ဖတ်မိတဲ့အခါ ကိုယ့်ဂုဏ်ကိုယ်ဖော်ထားသလိုလည်း ဖြစ်နေမိပြန်ရဲ့ ...(တကယ်တော့ မရည်ရွယ်ခဲ့ပါဘူး...၊ ကျမက လိုအပ်ချက်တွေ အများကြီးနဲ့ ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးလျှောက်နေရဆဲ အမျိုးသမီးတစ်ယောက်သာ)
ဒါပေမယ့်လည်း ရေးထားတာတွေအားလုံးက အမှန်တရားတွေဖြစ်ခဲ့တဲ့အတွက် ပြီးဆုံးအောင် ဆက်ရေးပါဦးမယ်.....။

Wednesday, 12 November 2014

_/\_ Pilgrimage _/\_

November 12, 2014 4 Comments
၁၁-၁၁-၂၀၁၄ ရက်နေ့က ဘုရားဖူးခရီးတစ်ခုသွားဖြစ်ပြန်တယ်...။ နိုင်ငံခြားသားကျောင်းသား ၊ ကျောင်းသူတွေအတွက် ကျောင်းကနေ အားလုံးစီစဉ်ပေးတဲ့ လေ့လာရေးခရီးတစ်ခုပါ..။ အခြားသူတွေအတွက်ကတော့ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုကို သွားလည်ရုံ သက်သက်ဖြစ်ခဲ့ပေမယ့် ကျမအတွက်တော့ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ နေရာတစ်ခုမှာ ဘုရားဖူးသွားခဲ့ရ သလို ကြည်နူးခဲ့ရပါတယ်..။

သွားခဲ့တဲ့နေရာက အိုဆာကာနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ နာရ (Nara) ဆိုတဲ့ ရှေးဟောင်းမြို့လေး တစ်မြို့ပါ..။ မြို့ကလေးက တောင်တွေတောတွေနဲ့ စိမ်းစိုနေပြီး ဗုဒ္ဓဘာသာ ထွန်းကားအားကောင်းခဲ့ကာ ဂျပန်နိုင်ငံမှာ ရှေးအကျဆုံး နဲ့ အကြီးဆုံး ဘုရားကျောင်းကြီးတွေရှိတဲ့ အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ပါ...။ ကားတွေ၊ လူတွေ၊ စက်ရုံတွေနဲ့ စက်မှုထွန်းကားမှုပြယုဂ်ကို မတွေ့ရဘဲ မြို့ကလေးထဲဝင်လိုက်တာ နဲ့ ကျေးလက်အငွေ့အသက်ကို ခံစားရတဲ့အပြင် ဘာသာတရားရဲ့ အရိပ်အောက်က စိတ်အေးချမ်းမှု ကိုလည်း တပြိုင်တည်း ခံစားရပါတယ်.။
အပေါ်ဆုံးက ပုံလေးထဲမှာ ပါတဲ့ စက္ကူ ရုပ်ကလေးက သမင်ပုံချိုး ထားတာပါတဲ့..။ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ Horyuji ဆိုတဲ့ ဘုရားကျောင်းကို သွားလေ့လာတော့ လိုက်ရှင်းပြပေးတဲ့ ဂိုက်အဒေါ်ကြီးက လက်ဆောင်ပေးလိုက်တာပါ..။ သွားခဲ့တဲ့နေရာအတော်များများ Tour Guide တွေက အသက်ကြီးကြီး ဦးလေးကြီး၊ အဒေါ်ကြီးတွေပဲ တွေ့ရပါတယ်..။ ကျမသွားဖူးတဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ တောင်အာဖရိက၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံတွေမှာလည်း Guide တွေက အသက်ကြီးသူတွေပဲ တွေ့ခဲ့ရပါတယ်..။ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ စာလေးတွေဖတ်ပြီး စကားပြော၊ ရှင်းပြကာ သက်သောင့်သက်သာလုပ်ရတဲ့အလုပ်တစ်ခုကို လူကြီးတွေကို ဦးစားပေးလုပ်စေတာလားလို့ အရင်ကတည်းက တွေးနေမိခဲ့တယ်..။ လူငယ်တွေဆိုတာက စွန့်စွန့်စားစား၊ ပြေးပြေးလွှားလွှား၊ ပင်ပင်ပန်းပန်းလုပ်ရင်း လှုပ်ရှားရုန်းကန်ချင်တဲ့ အရွယ်တွေဆိုတော့ အဲဒီလို အေးအေးဆေးဆေးအလုပ်မျိုး ကို စိတ်မဝင်စားကြတာလည်း ပါပါလိမ့်မယ်..။ မြန်မာနိုင်ငံမှာတွေ့ဖူးတဲ့ ဂိုက်ကိုကို၊ ဂိုက်မမများကတော့ တစ်မျိုးပေါ့လေ...။ အဲဒီသမင်ပုံချိုးထားတဲ့ အဓိပ္ပာယ်က နာရဆိုတဲ့မြို့လေးမှာ သမင်တွေပေါများလွန်းလို့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစားရှိတာကြောင့် သမင်ဆိုတာလည်း နာရရဲ့ အမှတ်အသား တစ်ခုကြောင့်လည်း ဖြစ်ပါသတဲ့...။

သွားခဲ့တာက ၂ နေရာဆိုတော့ ဒီနေ့တော့ Horyuji Temple က ပုံတွေပဲ တင်ပြီးတော့ နောက်ရက်တွေ မှ နောက်ထပ်ပုံတွေ ဆက်တင်ပါမယ်..။ ဘာကြောင့် ပုံတွေ အဲလောက်တင်ချင်တာလည်းဆိုရင် တစ်နေရာရာသွားရင် အမှတ်တရဓါတ်ပုံတွေရိုက်ချင်ပါတယ်..။ ရိုက်ခဲ့တဲ့ပုံတွေကို ဒီအတိုင်းသိမ်းထားရင် လည်း နှမြောစရာကောင်းတယ်၊ Facebook ပေါ်ကျတော့လည်း မတင်ချင်ဘူး၊ အဲဒီမှာ ဓါတ်ပုံတွေတင်တာ ဘယ်လိုမှ Feel မလာတော့ ဘယ်သူမှ သိပ်လာလေ့မရှိတဲ့ Blog မှာတင်တော့ ကိုယ့်ရဲ့ ပုံတွေ Share ချင်တဲ့စိတ်လဲပြေပျောက်သလို ကိုယ်မရောက်ဖူးတဲ့နေရာတွေကို စိတ်ဝင်စားတဲ့ အခြားသူတွေအတွက် လည်း လေ့လာခံစားလို့ရတာပေါ့နော်..။
 ဘုရားကျောင်းကို အ၀င်မှာ မူလတန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားလေးတွေ လေ့လာရေး လာနေတာနဲ့ ကြုံနေရပါသေးတယ်..။ သွားခဲ့တဲ့ တစ်လျှောက်လုံး ကလေးလေးတွေနဲ့ ရှောင်မလွတ်ခဲ့ ပါဘူး..။ 
 ဒါက ဘုရားကျောင်းရဲ့ အထိန်းအမှတ်ကျောက်စာတိုင်ပဲဖြစ်ပါတယ်..။ ဒီဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော် လောက်က တည်ဆောက်ထားခဲ့တာဖြစ်ပါသတဲ့..။


ဒီပုံထဲမှာတွေ့ရတဲ့ ရုပ်ထုတွေက ဘုရားကျောင်းကို အ၀င်မှာ ထုလုပ်ထားတာဖြစ်ပြီး ရွှံ့တွေနဲ့ ထုထားတာလို့ပြောပါတယ်..။ အပေါ်က တစ်ရုပ်ကတော့ ပျက်စီးသွားခဲ့လို့ ခန္ဓာကိုယ်ကို သစ်သားနဲ့ ပြန်ထုထားပါတယ်..။
 မြတ်စွာဘုရားရဲ့ ကြွင်းကျန်ရစ်တဲ့ ဓါတ်တော်၊ မွေတော်တွေနဲ့ ဌာပနာထားပြီး တည်ထားတဲ့ စေတီတော် ပါ..။ ဘုံ ၅ ဆင့်ရှိပါတယ်..။ အောက်ဆုံးဘုံရဲ့ လေးဖက်လေးတန်မှာ ဘုရားရုပ်တုတွေတည်ထားပြီး ကျမတို့ဆီက စေတီပုထိုးတွေလိုပဲ မြေကြီးထဲမှာ ဓါတ်တော်၊ မွေတော်တွေ ဌာပနာထားတည်ထားတာပါ..။
 ဒီပုံက စေတီရဲ့ လေးဖက်မှာ တည်ထားတဲ့ ဘုရားဆင်းတုပုံတော်တွေပါ..။ အထဲမှာ အစစ်တွေကို ဓါတ်ပုံရိုက်ခွင့်မပေးထားတော့ ဂိုက်အဒေါ်ကြီးရဲ့ စာအုပ်ထဲက ပြန်ရိုက်ထားရတာပါ..။
ဒီပုံက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အချိန်မှာ ဘေးနားက တပည့်သာဝကာတွေ ၀မ်းနည်းငိုကြွေးနေပုံကို ထုလုပ်ထားတဲ့ပုံဖြစ်ပါတယ်..။
ဒါက ရှေးခေတ်ကတည်းက ကိုရင်တွေ၊ ဘုန်းကြီးတွေကို စာချပေးတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ ဟိုးရှေးကတည်းကကျောင်းက မိုးကြိုးပစ်ပြီး မီးလောင်သွားလို့ သက္ကရာဇ် ၁၃၀၀ လောက်မှာ ရှေးတုန်းက ပုံစံနဲ့ထပ်တူကျအောင် အသစ်ပြန်ဆောက်ထားခြင်း ဖြစ်ပါတယ်တဲ့..။
ဒီစင်္ကြန်လမ်းလေးက ဘုန်းကြီးကျောင်းကနေ ဘုရားကိုသွားတဲ့လမ်းလေးပါ..။ ဘေးဘက်က တိုင်တွေက ဂျပန်မှာ အသုံးအများဆုံးသစ်မျိုးတစ်မျိုးဖြစ်တဲ့ Japanese Cypress ဆိုတဲ့အပင်က သစ်တွေပါတဲ့..။




 ဂျပန်မေပယ်လ်ပင်လေးတွေ နေရာတိုင်း အရောင်တွေပြောင်းလို့ ကဗျာဆန်ဆန်လှလိုက်တာာ။

Souvenir ရောင်းတဲ့ဆိုင်လေးတွေ..။
ယန်း ၅၀၀ ပေးရတဲ့ ကျောင်းက စီစဉ်ပေးတဲ့နေ့လည်စာ..။ ဂိုက်အဒေါ်ကြီးက သူ့လုပ်သက်က တော်တော် နုသေးတယ်ဆိုတော့ ဘယ်လောက်ကြာပြီလဲမေးတဲ့အခါ သူလုပ်တာ ၄ နှစ် ၅ နှစ်လောက်ပဲရှိသေးတာဆိုတော့ အင်္ဂလိပ်စကားကို ရေရေလည်လည် မပြောတတ်သေးပါဘူးတဲ့..။ အခြားသူတွေဆိုရင် ၁၀ နှစ် ၁၅ နှစ်ရှိကြပြီတဲ့..။ ဒါပေမယ့် သူလည်း ကြိုးစားပမ်းစား ရှင်းပြရှာပါတယ်..။ ကိုယ်တွေလည်း မရှင်းတာကို ဖြည့်တွေးရင်း နောက်ဆုံးတော့ အဆင်ပြေသွားတာပါပဲ..။

See you in next post !!!
Thanks for your visit!!! <3 <3

Friday, 7 November 2014

နန်းတော် ++

November 07, 2014 4 Comments
ပြီးခဲ့တဲ့ ၄ ရက်လောက်က ခမ်းနားကြီးကျယ်တယ်လို့ သူတို့သတ်မှတ်ထားကြတဲ့ နန်းတော်ကြီးတစ်ခုထဲ အလည်ရောက်သွားခဲ့တယ်...။ အဲဒီလို ရှေးဟောင်းအဆောက်အဦတွေ မမြင်ဖူးတဲ့သူတွေအတွက်တော့  ကြီးကျယ်ခမ်းနားချင် ခမ်းနားတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် ရှေးဟောင်းဗိသုကာ လက်ရာတွေ ပေါတဲ့နေရာတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက လာသူတစ်ယောက်အနေနဲ့တော့ ကိုယ့်နိုင်ငံက နန်းတော်တွေနဲ့ နှိုင်းယှဉ်ရင် သိပ်တော့ အံ့သြဘနန်း ဖြစ်စရာ မကောင်းလှပါဘူး..။

သွားခဲ့တာက Kyoto Imperial Palace လို့ခေါ်တဲ့ ဂျပန်ရှေးဟောင်းနန်းတော်ဟောင်းတစ်ခုဆီကိုပါ..။ ရှေးရှေးက ဂျပန်ဘုရင်အဆက်ဆက်က ရှေးကာလကတည်းကနေ ၁၈၆၈ ခုနှစ်အထိ စံမြန်းခဲ့ကြတဲ့ နန်းတော်လို့ ပြောပါတယ်..။ ၁၈၆၈ ခုနှစ်မှာတော့ နန်းတော်ကို တိုကျို မြို့ကို ပြောင်းရွှေ့သွားခဲ့ပါသတဲ့..။ ၁၈၅၅ မှာ တစ်ခါ ပြု ပြင်မှုတွေ လုပ်ခဲ့ပြီး အဲဒီနောက်ပိုင်းတော့ ရှေးမူမပျက် ထိန်းသိမ်းထားခဲ့တာပါတဲ့..။ 
နန်းတော်ထဲကို မရောက်ခင် ဘေးပတ်ပတ်လည်မှာ ရှိတဲ့ တံတိုင်းတွေကလည်း မြန်မာနိုင်ငံက ရှေးဟောင်း နေရာတွေလောက် ဗိသုကာလက်ရာ အနုမစိတ်လှပါဘူး..။ ဘေးနားပတ်ပတ်လည်မှာ သစ်ပင်သစ်တောတွေတော့ အုပ်ဆိုင်းနေအောင် ထိန်းသိမ်းထားပါတယ်..။

အပင်အချို့တော့ အရောင်တွေ ပြောင်းစပြု လာနေပါပြီ..။ 
ဒါက ပင်မ၀င်ပေါက်ဖြစ်ပါတယ်..။ နိုင်ငံခြားသားတွေ အတော်များများတော့ လာလေ့လာနေကြတာ တွေ့ခဲ့ရတယ်..။


ဒါတွေက ဂုဏ်သရေရှိ ဧည့်သည်တွေလာရင် စောင့်ဆိုင်းရတဲ့ အခန်းတွေတဲ့.။ ချယ်ရီ၊ ကြိုးကြာ၊ ကျား ဆိုပြီး အခန်း အမျိုးအစား (၃) မျိုး ရှိပါတယ်။

ဒီလှည်းက နွားနဲ့မောင်းတာဖြစ်ပြီး ၀န်ကြီးတွေ၊ လူကြီးမင်းတွေ စီးတဲ့လှည်းဖြစ်ပါသတဲ့..။ တစ်စီးမှာ လူ (၄) ယောက် စီးလို့ရပါတယ်..။

ဒီအဆောက်အဦကတော့ အခမ်းအနားတွေလုပ်လေ့ရှိတဲ့ နေရာပါတဲ့..။ 












ဥယျာဉ်က ဘွန်ဆိုင်းပင်တွေနဲ့ အလှဆင်ထားတာ ချစ်စရာကောင်းတယ်..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် သဘာဝအတိုင်း ကြီးပြင်းခွင့်မရတဲ့ အပင်လေးတွေကတော့ သနားစရာကောင်းပါတယ်.. >_<
Ekkkk,,, ရေးတာ မများပေမယ့် ပုံတွေ အတော်များသွားတော့ ပို့စ်က ရှည်သွားပြီ...။ ဒီမှာ နေနေစဉ်ကာလတွေမှာ သွားခဲ့တဲ့ ဖြစ်ခဲ့တဲ့ ကြုံတွေ့ခဲ့တဲ့အရာတွေအားလုံး မှတ်တမ်းတင်ထားချင်လို့ ရေးနေမိတာပါ..။ မဟုတ်ရင် နောက်ဆို နောက်ရောက်သွားပြီး အရာအားလုံးက မေ့သွားတတ်တော့ ဘာမှတ်တမ်းမှ မကျန်ခဲ့တတ်တာ ကြုံရပေါင်းများနေပြီလေ..။ အဲဒါကြောင့် သည်းခံပြီးသာ ဖတ်ပေးကြပါလို့ ...။ Diary Post တွေတော့ များလာပါလိမ့်မယ်...။

Follow Us @soratemplates