Friday, 31 October 2014

♥Challenged ♥October ♥Romance

October 31, 2014 3 Comments


အောက်တိုဘာ နောက်ဆုံးပတ်ထဲမှာ ခရီးသွားစရာ တစ်ခုရှိနေခဲ့တယ်..။ အချိန်တော်တော်ကြာမယ့် ခရီးဆိုပါတော့ ...။ အဲဒီအတွက် လိုအပ်တာတွေ ပြင်ဆင်နေရတာတွေနဲ့ တစ်လလုံး မနားခဲ့ရပါဘူး..။ ပင်ပန်းလွန်းပြီး ဖျားတောင် ဖျားခဲ့ပါသေးတယ်..။

သွားမှာက ရန်ကုန်ကနေ တဆင့်သွားမှာ ..။ တကယ်က မောင်က ရန်ကုန်မှာနေပြီး ကျမက နယ်မှာ နေတဲ့ သူ..။ မောင် ဆိုတာက ကျမချစ်သူကို ခေါ်တဲ့ နာမ်စားပေါ့ ♥♥ ကျမတို့  ၂ ယောက် ချစ်သူဖြစ်စကတော့ သူက “ကို” လို့ ခေါ်ဖို့ပြောတယ်..။ ဒါပေမယ့် ကျမက “မောင်” လို့ ခေါ်တာကို ပိုသဘောကျလို့ အမြဲတမ်း မောင်လို့ ခေါ်ဖြစ်ပါတယ်...။ နောက်တော့ မောင်လဲ ကျမနဲ့ စကားပြောရင် သူ့ကိုယ်သူ မောင်လို့ပဲ သုံးတော့တယ်..။ 

ကျမတို့လား....?? တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေပေါ့..။ ဒါပေမယ့် ကံတရားက အခုထိ နီးစပ်ခွင့်မပေးသေးဘဲ ဝေးနေကြဆဲပါပဲ ...။ တစ်ယောက်နဲ့တစ်ယောက် မိုင်ပေါင်းများစွာ အဝေးကြီးမှာ နေထိုင်ရပ်တည်ကြရင်း ကိုယ်စီဘဝတွေအတွက် ကြိုးစားရုန်းကန်နေကြဆဲ ..။ နားလည်မှုအပြည့်ပါတဲ့ အချစ်တစ်ခုကို ၂ နှစ်ကျော်ကျော်တည်ဆောက်အပြီးမှာတော့ ယုံကြည်မှုက တစ်ဆင့်တိုးလာတဲ့အခါ “မောင်” က ကျမချစ်သူပါလို့ တစ်လောကလုံးကို ကြေငြာဖို့ ကျမမှာ သတ္တိအပြည့်ရှိလာခဲ့ပါပြီ ...။ နောက်တိုက်ဆိုင်တာတစ်ခုက မောင်နဲ့ကျမနဲ့က မောင်နှမလို့ ထင်ရလောက်အောင် ရုပ်ချင်းအရမ်းဆင်ကြပါတယ်... ^)^ ^(^

ဟိုးးးအရင်အချိန်ကာလတွေတုန်းကတော့ ကျမဆိုတာ ချစ်သူမရှိဘဲ တစ်ယောက်တည်းသီးသန့်နေတယ်လို့ လူတိုင်းထင်ရလောက်အောင် ကျမက ချစ်သူကို လူတွေရှေ့ဘယ်တော့မှ ချမပြခဲ့ပါဘူး....။ လူကိုယုံကြည်လို့ ရပေမယ့် ကိုယ်စီမံဖို့မဖြစ်နိုင်တဲ့ လောကဓံတရားကို ကျမကြောက်တယ်လေ...။ မတော်တဆ မောင်နဲ့ ဝေးသွားခဲ့ရင် ပြောဆိုဝေဖန်လာမယ့် ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကို ရင်မဆိုင်ချင်တဲ့အခါ လူတွေရှေ့မှာ မောင့်အကြောင်း တစ်လုံးမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေ လာခဲ့ပါတယ်...။ အဲဒီအချိန်တွေကြားထဲမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ မတူညီတာတွေကို ညှိနှိုင်းအဆင်ပြေဖို့ ကြိုးစားလိုက်နဲ့ပဲ မောင်နဲ့အတူတူ တစ်ဘ၀လုံးလက်တွဲသွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်..။ ဘာကြောင့်လဲဆိုရင် ကျမကို သိတဲ့သူတချို့သိပြီးဖြစ်တဲ့အတိုင်း ကျမရဲ့ ပညာရေးက အဆုံးမသတ်သေးဘဲ ဆက်ကြိုးစားနေဦးမှာ ဆိုတော့ မောင့်ဘက်က မိသားစုတစ်ခုကို အမြန်အကောင်အထည်ဖော်ချင်ပြီဖြစ်တဲ့အခါ သဘောထား ကွဲလွဲတာတွေ ဖြစ်ခဲ့ကြပါသေးတယ်...။ ခုတော့လည်း အဲဒီလို သဘောထားမတူညီတာတွေ ပြီးဆုံးသွားလို့ အချိန်ကာလတစ်ခုကို သတ်မှတ်နိုင်ခဲ့ပါပြီ ...။ အဲဒီအချိန်ကာလအတွင်း ဖြစ်ပျက်မယ့်အရာတွေကတော့ ကျမတို့ လိုက်မမီနိုင်တဲ့ ကံတရားကလွဲရင် နှစ်ယောက်စလုံးမှာ သစ္စာတရားကို လက်ကိုင်ထားလို့ ကိုယ်စီရပ်တည်မှုကို အခြေကျဖို့ တည်တည်ငြိမ်ငြိမ်ကြိုးစားနေရုံပါပဲ ...။ 

ခရီးသွားဖို့ ယူသွားဖို့ ပစ္စည်းတွေက သွားခါနီး တစ်ပတ်လောက်အထိ ဘာမှမပြင်ဆင်ခဲ့ရသေးပါဘူး...။ အဖေရယ် အမေရယ်နဲ့ အတူ တစ်ရက်တော့ သယ်သွားမယ့် အစားအသောက်တွေ အတွက် ဈေးဝယ်ထွက်ဖြစ်ခဲ့တာကလွဲလို့ပေါ့..။ အဲဒါကြောင့် ကျမလိုအပ်တာတွေ ပြင်ဆင်ပေးဖို့အတွက် သွားခါနီး ၃ ရက်လောက်အလိုမှာ မောင်ရောက်လာခဲ့ပါတယ်...။ သယ်သွားမယ့် Luggage တွေထဲမှာ အ၀တ်အစားတွေကို ကျမဘာသာထည့်ပြီး အစားအသောက်တွေကိုတော့ မောင်က သေချာထည့်ပေး ပါတယ်...။ ထပ်ပြီး လိုမယ့်ပစ္စည်းတွေ သူကိုယ်တိုင်လိုက်ဝယ်တယ်..။ ပစ္စည်းတွေကို သေချာထုပ်ပိုးပြီး သူကိုယ်တိုင်ထည့်ပေးတယ်...။ သေချာတာက မောင်က ကျမထက် စနစ်တကျရှိတယ်..။ ကျမဆိုရင် ဖြစ်သလိုထုပ်ပိုးပြီး ထည့်ချင်သလိုထည့်မှာဖြစ်ပေမယ့် မောင်က သေချာ အစီအစဉ်တကျ ပြင်ဆင်ပေးခဲ့တယ်...။ ကျမကတော့ ဘေးနားကနေပဲ မောင် ပြင်ဆင်ပေးတာကို နည်းနည်းပါးပါးကူပေးပြီး အေးအေးသက်သာပဲ နေနေခဲ့တယ်..။ ခရီးဝေးသွားမှာဆိုတော့ ကျမ ပင်ပန်းလို့ မဖြစ်ဘူးလေ..။

နောက်တော့ အဖေရယ်အမေရယ် အဒေါ်ရယ်နဲ့ အတူ မောင်ရယ် ကျမရယ် ရန်ကုန်ကို ထွက်လာဖြစ်တယ်...။ မသွားခင် တစ်ရက်မှာ မောင်က ကျမစားချင်တဲ့ မြန်မာအစားအစာတွေ အကုန်လိုက်ဝယ်ကျွေးတယ်..။ ရန်ကုန်မြို့ထဲမှာ နေရာအနှံ့လျှောက်သွားရင်း စားချင်တာတွေ လျှောက်စား တယ်..။ အိမ်ပြန်ခါနီးမှ ညစာစားဖို့ ဆိုင်ထဲအ၀င် ကျမ ခြေခေါက်လဲပါလေရော..။ အရင်က တစ်ခါလဲဖူးတုန်းက ၂ ရက်လောက် လမ်းမလျှောက်နိုင်ပဲ ဖြစ်ခဲ့ဖူးတော့ ၂ ယောက်လုံး တော်တော်စိတ်ပူ သွားတယ်..။ မောင်က ချက်ချင်းဆေးဝယ်ပြီး ဆိုင်ထဲမှာ ကျမခြေထောက်ကို ဆေးလိမ်းပေးတော့ ပူထူနေတာနဲ့ ၂ ယောက်လုံး ပတ်ဝန်းကျင်ကို သတိမထားမိဘူး..။ ပြီးမှ ဘေးကိုကြည့်လိုက်တော့ ကျမခြေထောက်ကိုကိုင်ပြီး ဆေးလိမ်းပေးနေတဲ့ မောင့်ကို ဆိုင်ထဲက တခြားသူတွေက ထူးဆန်းသလို ကြည့်နေကြတယ်လေ...။ ထားပါတော့ ... ဒါက ဖျတ်ကနဲ ကြော်ငြာဝင်တာ :D

ညအိပ်တော့ အမေက ဆေးလိမ်းပေးပြီး ခြေထောက်ကို ကျပ်စည်းပေးတယ်...။ အဖေရော အမေရော အဒေါ်ရောက နောက်တစ်ရက် ခရီးသွားရင် ကျမခြေထောက် ထောက်နိုင်ပါ့မလားလို့ စိုးရိမ်တကြီးနဲ့ပေါ့ ..။ မောင်ကလည်း စိုးရိမ်ပြီး သက်သာရဲ့လားလို့ ခဏခဏဖုန်းဆက်မေးတယ်..။ ကံကောင်းစွာနဲ့ပဲ မနက်ရောက်တော့ ကျမ ခြေထောက်တော်တော်သက်သာသွားခဲ့တယ်..။ အမေနဲ့ မောင့်ရဲ့ ဂရုတစိုက်ဆေးလိမ်းပေးမှုကြောင့် ဖြစ်မှာပေါ့ ^^

သွားမယ့်နေကျတော့ လေဆိပ်မှာ မိသားစုတွေရော၊ မောင်ရော လိုက်ပို့တယ်..။ မောင်က Visitor card ၀ယ်ပြီး အတွင်းထဲထိ အိတ်တွေလိုက်သယ်ပေးတယ်...။ Boarding pass ထုတ်ပြီး အပေါ်ထပ်ထိလည်း မောင်လိုက်လို့ရတယ်လေ...။ Immigration ကိုဖြတ်ပြီး Gate ထိ မောင်လိုက်ပို့ တယ်...။ Gate မှာ Security check အတွက် ကျမ တန်းစီနေတဲ့အခါ အတွင်းထဲ ၀င်ခါနီးထိ မောင်က ဘေးနားမှာ နေပေးခဲ့ပြီး အောက်ကို ပြန်ဆင်းသွားတယ်...။ တဖြည်းဖြည်းဝေးသွားတဲ့ မောင့်ကျောပြင်ကိုကြည့်ရင်း အလွမ်းတွေက ချက်ချင်း အသက်ဝင်လာကာ အဲဒီအလွမ်းတွေနဲ့ နှစ်တော်တော်ကြာ အဖော်ပြုရဦးမှာပါလားလို့ တွေးမိရင်း မျက်ရည်တော့ မကျမိခဲ့ပါဘူး..။ ခွဲခွာခြင်းက အကြိမ်ရေများလာတဲ့အခါ မျက်ရည်ဆိုတာ ကျမအတွက် မလိုအပ်တော့တာ ကြာခဲ့ပြီလေ...။ ဆက်သွယ်ရတာ လွယ်ကူနေတဲ့ ခေတ်ကြီးထဲမှာ အနေဝေးရင်သွေးအေးသွားလိမ့်မယ် ဆိုတဲ့ ဆိုရိုးစကားက ဟိုးရှေးရှေးမှာ ကျန်ခဲ့ပြီကိုးးး...။
+++++++++++

အခုလားးးး.....
ကျမချစ်တဲ့ မိသားစုရယ်၊ မောင်ရယ်နဲ့ အဝေးကြီးက နိုင်ငံတစ်ခုရဲ့ မြို့တစ်မြို့မှာ luggage ထဲက မောင်ကိုယ်တိုင်ထည့်ပေးလိုက်တဲ့ အစားအသောက်တွေကို နေရာချထားနေရင်း အလွမ်းတွေကို စာစီမိတယ်ဆိုပါတော့ ...။



ချယ်ရီတွေ မပွင့်သေးပေမယ့် အရောင်တွေစုံလာတော့မယ့် ဆောင်းဦးကာလရဲ့ ကြည်နူးစရာမြင်ကွင်းတွေအကြား ... ကျမကတော့ ဘယ်နေရာရောက်ရောက် ပျော်နေတာပါပဲလေ...။ သေချာတာက နောက်သုံးနှစ်အကြာမှာ ကျမလွမ်းနေရဦးမယ့် သက်မဲ့အရာတွေထဲ မြို့ကလေးတစ်မြို့ ထပ်တိုးလာဦးမယ်ဆိုပါတော့ ...။



Actually, this post is personally dedicated to my beloved fiancé <3

++++++++++++
မြတ်ကြည်ရဲ့ Challenge post တစ်ခုဖြစ်တဲ့ October favorites ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျမရဲ့ အနှစ်သက်ဆုံးက ဘာလဲဆိုတာ ခန့်မှန်းမိလောက်ပါရဲ့ ....။

Saturday, 18 October 2014

#Saturday #Something #Small

October 18, 2014 3 Comments


ရေးနေဆဲ ပို့စ်တွေ ၄ ခုလောက်ရှိနေပေမယ့် ဘာတစ်ခုမှ အဆုံးမသတ်ဖြစ်သေးပါဘူး..။ အဲဒီထဲမှာ ရေးပြီးလုဆဲဆဲ ပို့စ်တစ်ခုက စာရေးဆရာတစ်ယောက်ကို ဝေဖန်ရေးဖြစ်နေတယ်..။ စာမျက်နှာ ၃ မျက်နှာလောက်ရိုက်ပြီး ရေးပြီးမှ သူများအကြောင်းရေးထားတဲ့ ပို့စ်ကို Blog မှာ မတင်ချင်တော့လို့ ဒီအတိုင်းပဲ ထားလိုက်တော့တယ်..။ ကိုယ်တိုင်ကလဲ အမှားကင်းတဲ့ ပြီးပြည့်စုံတဲ့သူမှ မဟုတ်တာလေနော်...။ အမြည်းပြောပြရရင်တော့ ထိပ်ဆုံးမှာတွေ့ကြမယ့် စာရေးဆရာကြီးရဲ့ စာပေဟောပြောပွဲတစ်ခုမှာ တွေ့မိတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းအမှားတချို့ကို ရေးထားမိတာ...။ အထူးသဖြင့် Noun နဲ့ verb မှားသုံးတာ၊ amazed vs Amazing လိုမျိုး အသုံးတွေကို လွဲသုံးတာ၊ တချို့ မရှိတဲ့စကားလုံးတွေကို ရေရွတ်တတ်တာ (ဥပမာ Complaint လို့ပြောချင်တာကို Complainment လို့ ရွတ်နေတာမျိုး) စသဖြင့် အတော်များများပါပဲ...။ ဒီလောက်နဲ့ တော်ပါပြီ..။
 Saturday Items #Latte #Sandwich #Pizza

ဒီနေ့စနေနေ့ဆိုတော့ ပို့စ်တစ်ခုမဟုတ်တစ်ခု တင်ဖို့ ဆုံးဖြတ်ထားပါတယ်..။ တကယ်က ပြီးခဲ့တဲ့ရက်တွေကတည်းက ရေးနေခဲ့ပေမယ့် ပြောခဲ့သလို ဘာတစ်ခုမှ အဆုံးမသတ်နိုင်လောက်အောင် အလုပ်တွေ ပိနေလို့လေ..။ ဒီနေ့တော့ ရေးနေဆဲ ပို့စ်တွေနဲ့ မဆိုင်တဲ့ ရောက်တတ်ရာရာ ရေးတာပါပဲ ..။ ကျမက သူများဆီက လက်ဆောင်ပေးပါ ဘာညာ တောင်းတတ်တဲ့သူမျိုးမဟုတ်ပါဘူး.။ ဒါပေမယ့် သူငယ်ချင်းတွေ နိုင်ငံခြားက ပြန်ရောက်လာရင် ပစ္စည်းသေးသေးလေးတွေ တစ်ခုမဟုတ်တစ်ခု အမြဲ လက်ဆောင်ပေးလေ့ရှိတယ်...။ တန်ဖိုးကြီးတဲ့ ပစ္စည်းကြီးကြီးမားမားတွေ လက်ဆောင်ယူဖို့ မကြိုက်တတ်တဲ့ ကျမအတွက် Handicraft  သေးသေးလေးတွေက ကျမမြတ်နိုးရတဲ့ လက်ဆောင်လေးတွေပေါ့...။ တခါတလေ နိုင်ငံခြားသားသူငယ်ချင်းတွေ သူတို့နိုင်ငံရဲ့ အမှတ်အသားလက်ဆောင်သေးသေးလေးတွေ ပေးလေ့ရှိတယ်...။


တိုက်ဆိုင်တာတစ်ခုက ကျမ ဘယ်နေရာပဲသွားသွား ကူညီမယ့်သူတွေ၊ လက်ဆောင်ပေးမယ့်သူတွေ ရှိနေတတ်တာ အတိတ်ကံကြောင့်လို့ပဲ ဆိုရမလားပဲ ...။ ဘယ်နေရာပဲရောက်ပါစေ ကူညီမယ့်သူတွေ အဆင်သင့်ရှိနေတတ်သလို အမှတ်တရလက်ဆောင်လေးတွေ ပေးချင်ကြတာလည်း ကျမရဲ့ ဖော်ရွေတဲ့ စိတ်ရင်းကြောင့် ဖြစ်မယ်ထင်ပါတယ်..(မရင်းနှီးရင်သာ ကျမကို မာနကြီးတယ်၊ မျက်နှာထားတင်းတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းရင်းနှီးသွားကြပြီးရင် ခင်စရာကောင်းတယ်လို့ မှတ်ချက်ချတာ မျိုးတွေ ပြန်ကြားရတတ်ပါတယ်..။ ချွင်းချက်- ကျမကို ကြည့်မရသူတချို့လည်း ရှိရင်ရှိမှာပေါ့ :D)။ ဒါပေမယ့် တစ်ခါရေးခဲ့ဖူးသလို I don’t have time to hate people who hate me back because I am quite busy to love those who love and care me ပေါ့နော့...။

အရင်ကတော့ Blog မှာ post တွေတင်ရင် ရိုက်ပြီးသားဓါတ်ပုံတွေတွေထဲကပဲ သင့်လျော်ရာရွေးထည့် တတ်ပေမယ့် အခုတလောမှာ ပို့စ်တစ်ခုတင်မယ်ဆိုရင် တကူးတက ဓါတ်ပုံရိုက်ပြီး တင်ချင်တာ စိတ်ပါနေတယ်..။ ဒီနေ့လည်း အခန်းရှင်းရင်း ပစ္စည်းသေးသေးလေးတွေကို ပြန်တွေ့နေမိတာ နဲ့ တွေ့တဲ့ပစ္စည်းတချို့ကို ခင်းကျင်းပြီး ရိုက်နေမိပြန်တယ်....။ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ ပါပွာနယူးဂူနီ၊ ကချင်၊ ဘရာဇီးလ်၊ မြန်မာ အစရှိတဲ့နေရာတွေကနေ လာတဲ့ လက်ဆောင်တချို့...။
 small items from Brazil, China, Myanmar, Thailand, Japan, Papua New Guinea

got it from Kachin <3

some packages from Korea

<3 My Beloved Puppy <3

♥♥ Well!!! See you later ♥♥

Wednesday, 8 October 2014

Current Obsessions ~~~

October 08, 2014 6 Comments

ဒီနေ့ သီတင်းကျွတ် လပြည့်နေ့လေ...။ လပြည့်နေ့မတိုင်ခင် ညကတည်းက မနက်ခင်း ဆွမ်းလောင်းဖို့ အမေဟင်းချက်တာ ကူညီပေးတယ်..။ မနက်စောစော ဆွမ်းလောင်းပွဲမှာ ဆွမ်းနဲ့ဟင်း အမေလှူတာကို ကူပေးတယ်...။ ပြီးတော့ အမေနဲ့အဖေက ဘုန်းကြီးကျောင်း သီလယူဖို့သွားကြတော့ အိမ်စောင့်ဖို့ လူမရှိတာနဲ့ အိမ်စောင့်ကျန်ခဲ့တယ်..။ ဘုရားရှိခိုးပြီး ထမင်းဟင်းချက်တယ်...။ ကြောင်တွေ ခွေးတွေ ကို ကျွေးတယ်..။ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တယ်..။ အ၀တ်အစားတွေ၊ စောင်တွေ အများကြီးလျှော်တယ်..။ TV ကြည့်တယ်..။ စာဖတ်တယ်...။

နေ့လည် ၁၂ နာရီကျော်တော့ အမေတို့ ပြန်လာကြတယ်...။ သူတို့တပည့်တွေ လာကြပြီး စပြီး ကန်တော့ကြပြီ..။ ဒီတစ်နှစ် သီတင်းကျွတ်မှာ မောင်နှမတွေအားလုံးထဲ ကျမတစ်ယောက်တည်းပဲ အိမ်မှာရှိနေတယ်...။ တူမလေးကလဲ ရွာကိုပြန်သွားတော့ မုန့်စားမယ့်သူ မရှိဘူး...။ ကျမကလဲ မုန့်အချိုတွေ ဝမှာစိုးလို့ သိပ်မစားရဲဘူး..။ လာကန်တော့ကြတာ မုန့်တွေအများကြီး...။ မနက်ဖြန် လပြည့်ကျော်တစ်ရက်ရောက်ရင် ပိုပြီး လာကြတော့မယ်..။ မနက်ဖြန် ရုံးသွားမှာဆိုတော့ အဲမုန့်တွေ ယူသွားပြီး ညီမလေးတွေ မောင်လေးတွေကို ကျွေးရမယ်...။ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တာလေ.. :-)

လပြည့်ညက တကယ်ကို လပြည့်ညပီပီသသ မြင်ရတယ်..။ တိမ်တွေဖုံးအုပ်တာမတွေ့ရပဲ အိမ်ရှေ့ထွက်ပြီး မော့ကြည့်လိုက်တာနဲ့ ဝိုင်းစက်နေတဲ့ လပြည့်ကို မြင်တွေ့ရပါတယ်..။ ဒါပေမယ့်လည်း လရောင်ကို မမြင်ရတာက တောက်ပနေတဲ့ လျှပ်စစ်မီးတွေရဲ့ ဖုံးလွှမ်းမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်..။ အိမ်ထဲမှာလည်း ဖယောင်းတိုင်တွေကို နေရာတိုင်းထွန်းသလို အိမ်အပြင်ဘက်အထိ အမေက ထွန်းပြီး ပူဇော်တယ်...။ ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်သီတင်းကျွတ်က အိမ်မှာ လူမစုံပေမယ့် ဆီမီးရောင်တွေကြား ကျမကတော့ ပျော်နေတာပဲ ...။ စိတ်အနှောင့်အယှက်ဖြစ်ရတာက ဗျောက်အိုးဖောက်သံတွေ...။ တစ်ချက်တစ်ချက်ဆိုရင် လန့်လန့်သွားတယ်...။ မဖောက်ရဘူးလို့ တားထားပေမယ့် အိမ်နားက ကလေးတွေကတော့ တရစပ်ဖောက်နေတော့တာပါပဲ ..။

ကျမတို့မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲရှိတယ်..။ အဆိုတော်တွေတော့ နှစ်တိုင်းအများကြီး လာနေကျပဲ ..။ ဒါပေမယ့် ကျမတို့အိမ်ကလည်း နှစ်တိုင်းသွားလေ့မရှိတာပါပဲ ..။ အဓိကက လူတွေများလွန်းလို့ လူတွေကြားထဲ မတိုးချင်တာ..။ တစ်ခါတလေတော့ ညနေပိုင်း ဘုရားသွားကြတယ်..။ ဒီနှစ်တော့ လူမစုံတာနဲ့ပဲ ဘုရားတောင်မသွားဖြစ်ဘူး..။ အိမ်ကဘုရားမှာ ဆီမီး၊ ရေချမ်းကပ်ပြီး ဘုရားရှိခိုးတယ်..။


+++ Current Obsessions +++

ခုလောလောဆယ် ကြိုက်နေတာတွေက ~~~

Song – Dear No One ♪♫
Tori Kelly ဆိုထားတဲ့ Dear No One ဆိုတဲ့ သီချင်းလေး..။ လောလောဆယ် ကျမရင်ဆိုင်နေရတာနဲ့ တိုက်ဆိုင်တာကြောင့် ကြိုက်မိတဲ့သီချင်းတစ်ပုဒ်..။ သူပြောချင်တာက ဘ၀မှာ ဘယ်သူမှ မလိုအပ်ဘူးတော့ မဟုတ်ပါဘူး..။ တချိန်ချိန်မှာတော့ ဘေးနားမှာ ဆိုးတူကောင်းဘက်ရင်ဆိုင်ပေးမယ့် ဘ၀အဖော်တော့ လိုချင်လာမှာပါပဲ ..။ ဒါပေမယ့် ခုလောလောဆယ် ဘ၀ကို ကိုယ့်စိတ်တိုင်းကျဖြစ်အောင် တည်ဆောက်နေဆဲကာလမို့ အခုအချိန်တမ်းတရေရွတ်နေမိတာ ဘယ်သူ့ကိုမှမဟုတ်ဘဲ Dear No One ပဲ ဖြစ်မှာပါ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ ..။ 


TV Channel – Readers Channel ##
လောလောဆယ် ကြိုက်နေတဲ့ TV Channel က တော့ Readers Channel ပါပဲ ..။ စာပေစကားဝိုင်း၊ သူတို့နှစ်သက်သော စာအုပ်များ၊ စာရေးဆရာတွေ ဖြတ်သန်းခဲ့ရသော ဘ၀များစသဖြင့် လွှင့်သမျှ Programme တိုင်းကို အားရင်အားသလို ကြည့်ဖြစ်ပါတယ်...။


TV Programme – The Guys View (Channel 7)
ကြည့်ရတာ သဘောကျမိနေတဲ့ TV Programme တစ်ခုက Channel 7 မှာ တနင်္လာကနေ သောကြာနေ့အထိ ညတိုင်း ၇း၃၀ နာရီမှာ လွှင့်တဲ့ The Guys View ဆိုတဲ့ Programme တစ်ခုပါ..။ ဗဟုသုတရစရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ စတာတွေကို လူငယ်တွေရဲ့ အမြင်နဲ့ တက်တက်ကြွကြွ ဆွေးနွေးလေ့ရှိတာကို သဘောကျမိတာပါ..။

Crazy Color – Pink
ဟိုအရင်ကလည်း ကြိုက်ပေမယ့် အခုတလော ပိုကြိုက်ပြီး ပစ္စည်းတော်တော်များများသာမက အ၀တ်အစားဝတ်တာတောင် ကြိုက်နေမိတဲ့အရောင်က Pink color ပါ..။ တိုက်တိုက်ဆိုင်ဆိုင် အမြဲလိုလို အ၀တ်အစားဝတ်ရင်လည်း ပန်းဆီရောင်ကို အများစုဝတ်ဖြစ်နေသလို သုံးတဲ့ Gadget တော်တော်များများကလည်း ပန်းရောင်က ခပ်များများဖြစ်နေတယ်...။ ဖုန်း၊ နားကြပ်၊ ကင်မရာ၊ မျက်မှန်၊ လက်ကိုင်ပုဝါ၊ ပိုက်ဆံအိတ်၊ ထီး၊ စောင်၊ အိပ်ရာခင်း စသဖြင့် သုံးသမျှ ပန်းရောင်ချည်းဖြစ်နေ လို့ နေရတာ ပျော်စရာ..။ တိုက်ဆိုင်တာလား တမင်ပေးတာလားတော့ မသိပါဘူး..။ လက်ဆောင်ရမိတဲ့ အကျီင်္ ၂ ထည်က ပန်းရောင်တွေချည်း ဖြစ်လို့နေတယ်... :)

What I like to do most – Reading, Writing, Blogging
ဒါကတော့ သိပ်ပြီး ပြောပြစရာလိုမယ်မထင်ပါဘူး..။ ခုတလော Blog မှာ ပို့စ်တွေ တင်တာ စိပ်နေတာနဲ့တင် စာရေးတာ တော်တော် mood ၀င်နေတယ်ဆိုတာ သိသာနေပြီလေ..။ 

Favorite Flower ♥♥
အမြဲသတိတရ ရှိနေမိတဲ့ ပန်းက ချယ်ရီ (သို့မဟုတ်) ဆာကူရာ..။ ချယ်ရီတွေ ပွင့်တဲ့နေရာမဟုတ်တဲ့ အပူပိုင်းဒေသတစ်ခုမှာနေရင်း အအေးပိုင်းက ချယ်ရီတွေကို သတိရနေမိတယ်..။ Facebook မှာ ဂျပန်က သူငယ်ချင်းတစ်ယောက် ချယ်ရီတွေ ဓါတ်ပုံရိုက်ပြီးတင်တော့ ကိုယ်တိုင်ထိတွေ့မြင်ချင်မိတာ အရမ်းပဲ ...။ တနေ့နေ့တော့ ချယ်ရီတွေပွင့်တဲ့နေရာကို ပြန်ရောက်ကောင်းပါရဲ့ ....။


Happy Thadingyunt to you all !!

Monday, 6 October 2014

Saturday တစ်ရက်တာ +++

October 06, 2014 2 Comments
ပြီးခဲ့တဲ့ စနေနေ့က မတွေ့တာအတော်ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ကျမနေတဲ့ မြို့လေးကို လာလည်တယ်..။ မနက်စောစော ၇ နာရီလောက် သူကားဆိုက်ချိန်မှာ... ဆိုင်ကယ်စီးပြီး ကားဂိတ်ကို သွားကြို ဖြစ်တယ်..။ အဲဒီကနေ မနက်စောသေးတာနဲ့ပဲ သိပ်မဆာသေးတာကြောင့်ရော၊ သူ့ကို ဘုရားလိုက်ပို့ဖို့ အချိန်စောနေသေးတာနဲ့ပဲ ကားဂိတ်နားက လက်ဖက်ရည်ဆိုင်လေးမှာ ခဏထိုင်ကြတယ်...။ တစ်ခုခုစားဖြစ်အောင်လို့ မုန့်ဟင်းခါးတစ်ပွဲ၊ ကြက်သားပလာတာတစ်ပွဲ မှာလိုက်ပါတယ်..။ လက်ဖက်ရည်ဆိုင်လေးရဲ့ မုန့်ဟင်းခါးဟာ အရည်ကျဲကျဲနဲ့ဖြစ်ပြီး ကြက်သားပလာတာ ကတော့ ကျမကြိုက်တဲ့စိမ့်တဲ့အရသာမဟုတ်ဘဲ သကြားကို မုန့်လုပ်စဉ်မှာ တစ်ခါတည်း ထည့်ထားတော့ ချိုအီအီဖြစ်နေခဲ့ပါတယ်..။ 

ပြီးတော့ မနက်စောစော ဘုရားသွားပြီး ပန်းကပ်တယ်....။ ဘုရားရှိခိုးတယ် ...။ မနက်ခင်းနေရောင်ခြည်အောက်မှာ ဆိုင်ကယ်မောင်းရတာ လေအေးအေးတချို့နဲ့အတူ စိတ်ကို ကြည်လင်လန်းဆန်းသွားစေပါတယ်...။ ဘုရားသွားဖူးပြီးတာနဲ့ အတန်ငယ်လှမ်းတဲ့ နာမည်ကြီးစားသောက် ဆိုင်တစ်ခုဆီကို မနက်စာ အေးအေးဆေးဆေးစားဖို့ ခရီးဆက်ခဲ့ကြပါတယ်...။ ဆိုင်ကိုရောက်တဲ့အခါ သူငယ်ချင်းက မုန့်မှာတဲ့ဘက်မှာ မုန့်မှာတယ် ...။ ကျမကတော့ တစ်ဖက်ကောင်တာမှာ သောက်စရာ မှာပါတယ်..။ အဲဒီဆိုင်ရဲ့ နာမည်ကြီးအချိုပွဲတစ်ခုဖြစ်တဲ့ ဒိုမီနို ၂ ခွက်လို့ မှာလိုက်ပါတယ်...။ ပိုက်ဆံရှင်းရင်း Cashier ၀န်ထမ်းလေးက “ပါဆယ်လား၊ ဒီမှာသောက်မှာလား”လို့ မေးလာတော့ အလွယ်တကူပဲ “ဒီမှာစားမှာ”လို့ ခပ်မြန်မြန်ဖြေလိုက်ပါတယ်...။ ပိုက်ဆံပြန်အမ်းပေးတဲ့ ၀န်ထမ်းကောင်လေးက ကျမရဲ့ အဖြေကိုကြားတဲ့အခါ လှောင်ရယ်တဲ့အသံနဲ့ ဘောင်ချာဖြတ်နေ တဲ့ ကောင်လေး ကို “ဒိုမီနိုကို စားမှာလို့ပြောတယ်ဟေ့ကောင်” လို့ ရယ်ကျဲကျဲပြောပါတယ်..။ အဲဒီအခါ တစ်ယောက်ကလည်း “ဒိုမီနိုကို စားမှာလို့ပြောတယ်ပေါ့” ဆိုပြီး ရယ်ပြန်ပါတယ်..။ ကျမတော်တော် ဒေါသထွက်သွားပါတယ်..။ ဒါဟာ စားသောက်ဆိုင်က ၀န်ထမ်းတွေရဲ့ Customer ကို ဆက်ဆံတဲ့ တလေးတစားပုံစံတဲ့လား..။ ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်ပါသလဲ ..။ ဒိုမီနိုဆိုတာ ကျမအကြိုက်ဆုံးအစားအသောက်တွေထဲမှာ တစ်ခုအပါအ၀င်ပါပဲ ..။ အသီးအနှံတွေအများကြီး ထည့်ထားတတ်လို့ တခါတလေသောက်တယ်လို့ ပြောတတ်သလို တခါတလေလဲ ကျမက စားတယ်လို့ ပြောချင်ပြောတတ်ပါတယ်..။ အဲဒီလို စကားလုံးအသုံးအနှုန်းမတူတာနဲ့ပဲ customer တစ်ယောက်ကို လှောင်တယ်ဆိုတာ တော်တော်ရိုင်းစိုင်းတဲ့အပြုအမူဖြစ်လို့ သူတို့သိအောင် ကျမပြန်ပြောလိုက်ပါတယ်..။ “Customer တစ်ယောက် ဘာမဟုတ်တဲ့စကားမှားတာလေးတစ်ခုကို မင်းတို့ အဲလိုလှောင်ရယ်တာ ကောင်းတယ်ထင်သလား”လို့ ပြောခဲ့တယ်..။ သူတို့ တောင်းပန်လားမတောင်းပန် လား ကျမ မသိပါဘူး..။ ကျမပြောပြီး ချက်ချင်းထွက်လာခဲ့ပါတယ်..။ မဟုတ်ရင် ကျမရဲ့ စိတ်နဲ့ စကားကို အဆက်မပြတ်ပြောမိရင် မကောင်းတတ်ဘူးဖြစ်သွားမှာကြောင့်ပါ..။ သူငယ်ချင်းကတော့ “ဘာကြောင့် သည်းမခံတာလဲ”ဆိုပြီး ပြန်ပြောခဲ့လို့ဆိုပြီး ပြောနေပါသေးတယ်...။ “ငါပြန်ပြောတာ သည်းမခံနိုင်လို့ မဟုတ်ဘူး...။ Customer တွေကို တလေးတစားဆက်ဆံသင့်တယ်..၊ မလှောင်ပြောင်သင့်ဘူးဆိုတာ သူတို့ သိသွားအောင် တမင်ပြောပေးတာ”လို့ ..။ မဟုတ်ရင် ဘာ Training တစ်ခုမှမပေးဘဲ အလုပ်ကို နီးစပ်ရာဝင်လုပ်တဲ့ဝန်ထမ်းလေးတွေ အဲဒီလိုပြောပေးမယ့်သူမရှိရင် စရိုက်တွေက ပြင်ကြမှာမဟုတ် ဘူးလေ....။

စားပြီးတာနဲ့ အနီးအနားက Shopping Mall တစ်ခုမှာ ဈေးဝယ်ကြတယ်..။ ကျမအမြဲသုံးဖြစ်နေတာက Lolane Hair Treatment ပါ.။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်ကတည်းက သုံးလာခဲ့တာ..။ အဲဒါလောလောဆယ်သုံးနေတဲ့တစ်ဘူးက ကုန်ခါနီးနေတာကြောင့် လမ်းကြုံတာနဲ့ပဲ တခါတည်းဝယ်သွား မယ်ဆိုပြီး ထားနေကျနေရာမှာကြည့်တော့ lolane hair treatment ဘူးတွေကို မတွေ့တော့ဘူး...။ နေရာ များပြောင်း သွားတာလားဆိုပြီး ဘေးနားလေးမှာတွေ့တဲ့ ၀န်ထမ်းမိန်းကလေးကို “Lolane Hair Treatment ဘူးတွေ ဘယ်နားမှာထားတာလဲ ညီမလေး”ဆိုပြီး မေးလိုက်ပါတယ်..။ မိန်းကလေးက “ဒီဘက်မှာအစ်မ၊ လိုက်ပြပေးပါမယ်” ဆိုပြီး ခေါ်လို့လိုက်သွားကြည့်တော့ Lolane မဟုတ်ဘဲ Loreal ကောင် တာဖြစ်နေတယ်..။ “အစ်မပြောတာ Lolane လေ၊ ဒါက Loreal ကောင်တာမဟုတ်လား” ဆိုတော့ “တူတူပဲအစ်မ”တဲ့..။ “အင်.. ဘာမှမဆိုင်ပါဘူး.၊ Lolane က Lolane ၊ Loreal က Loreal ပါ” ဆိုတော့မှ စကားကိုရောချတယ်..။ သူတို့အတွေးထဲမှာက စကားလုံးအသံထွက်ချင်းခပ်ဆင်ဆင်ဆိုတော့ ကျမ မသိလောက်ဘူးထင်ပြီး ရောချရောင်းချင်တဲ့ပုံစံမျိုး..။ စိတ်ထဲ နည်းနည်း ထပ်တိုရပြန်ပြီ..။ သူတို့ဘာကြောင့် အမှန်အတိုင်းမပြောဘဲ ပုံမှားရိုက်ချင်ရတာပါလိမ့်..။ ဒါဟာ ဈေးဝယ်သူကို စော်ကားခြင်းတစ်မျိုးပဲ မဟုတ်ပါလား..။ ဈေးလာဝယ်သူတွေကို ဘာမှမသိလောက်ပါဘူးဆိုတဲ့ အချိုးမျိုးနဲ့ အထင်သေးတတ်ခြင်း က မြန်မာပြည်ရဲ့ ဈေးဆိုင်က ၀န်ထမ်းတွေအများစုရဲ့ စိတ်ထဲမှာ စွဲနေတတ်တာထင်တယ်..။ အဲဒါနဲ့ ဒီအတိုင်းပဲ လှည့်ထွက်လာခဲ့ပြီး တခြားစင်တွေက Hair treatment တွေ စီထားတဲ့နေရာမှာ ဘာ Brand တွေရှိလဲ ဆက်ကြည့်နေမိတယ်..။ မိန်းကလေးတစ်ယောက် ထပ်ရောက်လာပြီး “ဘာလိုချင်လဲအစ်မ” ဆိုတော့ လိုချင်တာထပ်ပြောပြလိုက်တဲ့အခါ “Lolane က ကုမ္ပဏီဖျက်သွားလို့ ပစ္စည်းအသစ်တွေထပ်မရောက်တော့ပါဘူး”လို့ ရှင်းပြတယ်..။ အဲဒီအခါ အဲဒီပစ္စည်းကို မရနိုင်တော့မှန်း သိတာနဲ့ပဲ ကောင်းနိုးရာရာကြည့်ရင်း Loreal damage care treatment တစ်ဘူး ဝယ်ဖြစ်တယ်..။ ၀န်ထမ်းတွေရဲ့ Service ကွာခြားပုံက ဒီနေရာမှာ ထင်ရှားလာတာပါပဲ ..။ မရိုးမသား မအူမလည်လုပ်တတ် တဲ့ဝန်ထမ်းနဲ့တုန်းက ဝယ်ချင်စိတ်ကုန်ခမ်းသွားပေမယ့် အမှန်ကိုအမှန်အတိုင်း၊ မရှိဘူးဆိုတာကို မရှိဘူးဆိုတဲ့အကြောင်း ရိုးရိုးသားသားရှင်းပြပေးတတ်တဲ့ဝန်ထမ်းလေးနဲ့တွေ့တော့ ပစ္စည်းတစ်မျိုးတည်း ကိုပဲ ၀ယ်ချင်စိတ်ပေါက်လာရတာပါ..။ အဲဒါကြောင့် ကျမစိတ်ထဲမှာ အမြဲတမ်းလက်ကိုင်ထားတဲ့ စကားလုံးဖြစ်တဲ့ Be honest ဆိုတဲ့ စကားလုံးလေးကို သတိရမိသွားစေပါတယ်..။ ဘယ်လိုအခြေအနေ မှာပဲ ဖြစ်ပါစေ၊ အရိုးသားဆုံးလုပ်ကိုင်ဆောင်ရွက်ပါ၊ အဆင်ပြေအောင်မြင်လာပါလိမ့်မယ် ဆိုတာပါပဲ ..။

ပြီးတော့ နေ့လည်စာစားချိန်မှာ တစ်ခုထပ်ကြုံရပြန်ပါသေးတယ်..။ စနေနေ့တနေ့တာကတော့ ဆိုင်တွေက ၀န်ထမ်းတွေရဲ့ အချိုးမပြေမှုတွေနဲ့ စိတ်ကုန်ခဲ့ရတဲ့တစ်ရက်တာလို့တောင် ပြောရမလိုပဲ ..။ နေ့လည်စာ စားကြတော့ ဆိုင်တစ်ခုမှာ ကျမက ထမင်းပေါင်းမှာပါတယ်..။ သူငယ်ချင်း က ကြေးအိုးဆီချက်မှာပါတယ်..။ လွဲမှာစိုးတာကြောင့် ကြေးအိုးဆီချက်နော်လို့ သေချာမှာလိုက်ပါတယ်.။ ထမင်းပေါင်းရောက်လာ ပါတယ်..။ တော်တော်အဆင်ပြေပါတယ်..။ ခဏနေတော့ ကြေးအိုးအရည်တွေနဲ့ တစ်ပွဲရောက်လာပါ တယ်..။ မှာတာက ဆီချက်၊ ရောက်လာတာက အရည်သောက်။ ဘယ်လောက်အထိ လွဲလိုက်ပါသလဲ ..။ မှားတာကိုပြောလိုက်တော့ “ကြေးအိုးအရည်သောက်ရော မကြိုက်ဘူးလား”ဆိုပြီး ပြန်ပြင်ခိုင်းရမှာ ပျင်းတဲ့စားပွဲထိုးလေးက လေပြည်သွေးပါတယ်..။ “ဆီချက်စားချင်လို့ စကတည်းက မှာတာလေ..။ ဒီလောက်တော့ မင်းတို့ပြင်ပေးရမှာပေါ့..။ ဘယ်သူ့ဘက်က မှားတာလဲ”ဆိုပြီး သူငယ်ချင်းက ပြောမှ စားပွဲထိုးလေးက “ကျွန်တော် စားဖိုမှူးကို ကြေးအိုးဆီချက်လို့သေချာပြောတာ..။ သူချက်တာလွဲတာ”ဆိုပြီး သွားပြန်ပြင်ခိုင်းပါတယ်..။
မြန်မာနိုင်ငံရဲ့ Customer service အကြောင်းပြောရရင်တော့ ပြောလို့ ဆုံးတော့မှာ မဟုတ်ပါဘူး...။ ကောင်တာမှာငွေရှင်းရင် တစ်ချက်ချင်းဖြည်းဖြည်းအေးအေးလုပ်နေတတ်တဲ့ ၀န်ထမ်းလေးတွေ၊ မှာချင်တဲ့စားစရာသာမှာ၊ ပြောတာကို သေချာနားထောင်လေ့မရှိတဲ့ waiter လေးတွေ၊ စားသုံးသူတွေ စားသောက်ပြောဆိုနေရင် တစေ့တစောင်းစပ်စုတတ်တဲ့ ၀န်ထမ်းလေးတွေ၊ ဈေးဝယ်သူကို မ၀ယ်နိုင်လောက်ပါဘူး၊ ဘာမှမသိလောက်ပါဘူးဆိုတဲ့ပုံစံနဲ့ ၀န်ထမ်းလေးတွေ စသဖြင့် နေ့စဉ်နဲ့အမျှ ကြုံရလွန်းလို့ ရိုးအီစိတ်ပျက်ပေါင်းလဲ များလှပါပြီ...။

ထားပါတော့..။ ဒါကတော့ မထူးခြားလှတဲ့ကျမရဲ့ တစ်ရက်တာဖြတ်သန်းမှုတစ်ခုပါ...။ 

+++++++++++++++++++++++++++
လောလောဆယ်ဘာတွေ လုပ်ဖြစ်နေသလဲဆိုရင်.....
ဖတ်ဖြစ်နေတဲ့စာအုပ်တွေက စာရေးဆရာမ စံပယ်ဖြူနုရဲ့ “မြောက်ဖျားက အလွမ်းရာသီ”ဆိုတဲ့ လုံးချင်းဝတ္ထုသစ်။ ညီအစ်မမေတ္တာကိုရေးဖွဲ့ထားပုံက အစ်မရော ညီမရောရှိတဲ့ ကျမအတွက် ငိုချင်စရာကောင်းလောက်အောင် ပြောင်ပြောင်မြောက်မြောက်ရေးဖွဲ့ထားနိုင်ပါတယ်..။
နောက်တစ်အုပ်က စာရေးဆရာမ ခက်မာရဲ့ “ရွေ့လျားနေသော အိပ်မက်များ” ဆိုတဲ့ အက်ဆေးစာအုပ်ကလေးပါ..။ ဒီစာအုပ်ကလေးကိုဖတ်ရင်း စာအုပ်ဖတ်နေရတာနဲ့မတူဘဲ Blog တစ်ခုကို ဖတ်နေရတာနဲ့ တူပါတယ်..။ ဘာကြောင့်ဆို ကျမတို့ Blog တွေမှာ ရေးလေ့ရှိတဲ့ပုံစံလေးတွေ အတိုင်း နိုင်ငံခြားမှာနေစဉ် နေ့စဉ်နေ့တိုင်း ရင်ဆိုင်ဖြတ်သန်းပုံ ဘ၀အတွေ့အကြုံလေးတွေကို စာစီထားတာကြောင့်ပါ..။ ကျမချစ်တဲ့ နွေဦးရာသီရဲ့ Daffodil ပန်းလေးတွေအကြောင်းပါသလို စာရေးဆရာမရဲ့ ဘ၀ဖြတ်သန်းပုံ၊ စာပေကြောင့် သူ့ဘ၀ကို မြှင့်တင်ပေးနိုင်ပုံ စတာတွေကို ဖတ်ရတာ ဟင်းပွဲစုံလင်လှတဲ့ ထမင်းဝိုင်းတစ်ဝိုင်းလို ရသစုံလင်လှပါတယ်...။
နောက်တစ်အုပ်ကတော့ ရတီမဂ္ဂဇင်းပါ..။ ဒီမဂ္ဂဇင်းမှာ ၀တ္ထုကဏ္ဏတော်တော်များပါဝင်တာကြောင့် တခါတလေ စိတ်လိုလက်ရရှိတဲ့အခါ ကျမရေးတဲ့အကြောင်းအရာတချို့တလေကို ပို့ချင်တာနဲ့ မဂ္ဂဇင်းလိပ်စာသိရအောင် ဒီတစ်လ၀ယ်ဖတ်ဖြစ်တာပါ..။

လောလောဆယ် ဘာတွေရေးဖြစ်နေသလဲဆိုရင် .....
အခုတလောရေးဖြစ်နေတာ ခရီးသွားဆောင်းပါးတစ်ခု..။ ပြီးခဲ့တဲ့ August လပိုင်းမှာ အလုပ်ကိစ္စနဲ့ ဘရာဇီးနိုင်ငံရဲ့ မြို့တစ်မြို့ကို ၂ ပတ်ကျော်ကြာ ခရီးထွက်ဖြစ်ခဲ့တယ်..။ အာရှရဲ့ လူနေမှုစရိုက်၊ စားသောက်ပုံမတူတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေ့လာခဲ့ရတာတွေ အများကြီးပါပဲ ..။ အဲဒါနဲ့ပဲ ကိုယ်သိခဲ့တဲ့အကြောင်းအရာတွေကို စုံစုံလင်လင်ရေးချင်တာကြောင့် ဒီတစ်ခေါက် ခရီးသွားဆောင်းပါးကို အချိန်ပေးပြီး သေချာရေးနေပါတယ်..။ ဓါတ်ပုံတွေအများကြီးလည်း ဖော်ပြချင်တာကြောင့် မြန်မာနိုင်ငံ မှာရှိနေစဉ်ကာလကတော့ အင်တာနက်ကွန်နက်ရှင်ကို ကြောက်တာနဲ့ပဲ ဒီဆောင်းပါးအခန်းဆက်တွေကို Blog မှာ တင်ဖြစ်ဦးမှာမဟုတ်ပါဘူး..။ အင်တာနက်ကောင်းကောင်းသုံးနိုင်တဲ့နေရာကို တစ်ခေါက်ပြန်ရောက်ရင်တော့ ကျမရေးထားတဲ့ ခရီးသွားအတွေ့အကြုံတွေကို အားပေးကြရဦးမှာပါ..။

နောက်တစ်ခုရေးနေတာက ကျမမောင်လေးအတွက် ဆုံးမ စကားတွေပါ ..။ သူအခု အလုပ်စလုပ်နေပါပြီ..။ အဲဒီအခါ သူ့အတွက် အောင်မြင်ပျော်ရွှင်တဲ့လုပ်ငန်းခွင်ဘ၀ကို ခံစားနိုင်အောင် ရှစ်နှစ်တာလုပ်ငန်းခွင် ၀င်ပြီးဖြစ်တဲ့ ကျမရဲ့အတွေ့အကြုံတွေကို အခြေခံပြီး သူဖတ်ဖို့ ရေးနေတာပါ..။ ရေးမှတော့ မထူးတော့ ဘူးလေ...။ Blog ပေါ်တင်မှပါပဲလို့ စိတ်ကူးထားပါတယ်..။ ဒါပေမယ့် အားလုံးရေးပြီးသွားမှပဲ ဆက်တိုက် တင်ပါမယ်..။ တစ်ခုပဲပြောချင်တာက မောင်လေးအတွက် ရည်ရွယ်ရေးထားတာဖြစ်ပြီး ဘယ်သူ့ကိုမှ ဆရာကြီးလုပ်ပြီးရေးထားတာမဟုတ်ကြောင်း ကြိုတင်ဝန်ခံပါရစေ..။

Blog တွေခေတ်ကုန်ပြီ၊ ဖတ်သူသိပ်မရှိတော့ဘူးလို့ ပြောနေကြပေမယ့်.. ကိုယ်ရေးနိုင်ရင် ရေးနိုင်သလောက် စာဖတ်သူတွေရှိနေဆဲဆိုတာ မြင်တွေ့နိုင်ပါတယ်..။ Blogger တွေ လှည့်ဖတ်တာ နည်းသွားလို့ ကွန်မန့်ရေးတာနည်းသွားကြပေမယ့် ... blog တွေမှာ စာဖတ်သူတွေကတော့ ရှိနေကြဆဲပါပဲ ..။

Follow Us @soratemplates