Saturday, 20 September 2014

မပြယ်တဲ့..သစ္စာ (၇)

September 20, 2014 0 Comments



သတိရနေခဲ့တယ် ..ဟုတ်လား” ..သူမရဲ့ စကားတစ်ခွန်းမှာ ၀မ်းသာအားရပြောဆိုရင်း အသိအမှတ်ပြုမှုတစ်ခုအတွက် ပျော်ရွှင်မှုက အတိုင်းအဆမရှိလောက်အောင်ပါပဲ ..။
“နေ့တိုင်းမြင်နေရတဲ့ ဖုန်းနံပါတ်တစ်ခုရဲ့ ပိုင်ရှင်အဖြစ် မှတ်မှတ်ရရရှိနေရုံမျှသာပါ” တဲ့လေ ...။ “ဒါပေမယ့် နေကောင်းရဲ့လားဆိုတဲ့ ပူပန်မှုတစ်ခုတော့ ရှိနေခဲ့တယ် ... ဟိုးတုန်းက ခင်မင်ခဲ့ဖူးတဲ့ သံယောဇဉ်လက်ကျန်တစ်ချို့ကြောင့်ပေါ့” ....လို့ မျက်နှာပေါ်မှာ ဘာခံစားချက်မှ မပေါ်လာအောင် ဟန်ဆောင်တတ်တဲ့သူမက တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်ပြောဆိုနေခဲ့ပါတယ် ..။ စံပယ်ပန်းရနံ့တွေ သင်းပျံ့နေတတ်တဲ့ မိုးရာသီအစပိုင်းကာလတွေဟာ သူမရဲ့ လှစ်ဟပြလေ့မရှိတဲ့ သံယောဇဉ်အပိုင်းအစတွေကြောင့် ရှိရင်းစွဲထက် ပိုအေးမြနေလေသလားမသိနိုင်..။ ဒါပေမယ့်လည်း ဖုန်းကွယ်ထားတဲ့ သူမရဲ့ခံစားချက်တွေနောက်ကွယ်မှာ သူ့အပေါ်ထားရှိတဲ့ လေးနက်မှုတွေကိုတော့ သူတွေ့မြင်နိုင်ခဲ့တာက သူမရဲ့စိတ်အတွေးထဲထိ ခံစားသိမြင်နိုင်ခဲ့ပြီဆိုတဲ့ တိုးတက်မှုတစ်ခု ဖြစ်နေလေမလား..။ 

သစ္စာဆိုတဲ့ စကားလုံးကို လောကီမှာရော၊ လောကုတ္တရာမှာပါ သုံးကြတယ်..။ သိပ်မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ပေါ့လေ..။ အထူးသဖြင့် လူမှုအသိုင်းအ၀ိုင်းမှာ သတ်မှတ်ထားတဲ့ သစ္စာရဲ့ အဓိပ္ပာယ်ကို ရှင် ဘယ်လိုပုံဖော်ချင်သလဲ
“အင်း.. စောင့်ထိန်းခြင်းပေါ့..။ အသိဉာဏ်နဲ့ ထိန်းချုပ်စောင့်စည်းခြင်းဆိုပြီး သတ်မှတ်ကျင့်ကြံကြတယ်လို့ ကိုယ်ထင်တယ်..။  အဲဒါကြောင့်လည်း သုံးနှုန်းလေ့ရှိကြတာက သစ္စာရှိတယ်..။ သစ္စာမစောင့်ဘူး စသဖြင့် ပြောကြတယ်လေ.. လို့ သူ ပြန်တုံ့ပြန်လိုက်ပါတယ်..။
yess!! အဖြေက ကျမသတ်မှတ်ထားတာနဲ့ ထပ်တူကျလုနီးပါးပါပဲ ..။ ဒါပေမယ့် ယုံကြည်မှုဆိုတဲ့ စကားလုံးတစ်ခုတော့ ထည့်သုံးချင်တယ်..။ လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူညီမှုတွေကြား ယုံကြည်မှုကို အရင်းခံပြီး သစ္စာစောင့်သိလို့ ရင်းနှီးပတ်သက်ကြတယ်မဟုတ်လား..။ အဲဒီလိုပဲ ကိုယ်စောင့်ထိန်းထားတဲ့ သစ္စာကို မဖောက်မဖျက်ဘဲ ထိန်းသိမ်းနိုင်ခဲ့တယ်တယ်ဆိုရင် လူတစ်ယောက်အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုတိုးလာသလို အခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိနိုင်တယ်လေ..”
“ကျမမှာ relationship နဲ့ပတ်သက်ပြီး စောင့်ထိန်းရမယ်လို့ သတ်မှတ်ထားတဲ့ သစ္စာတစ်ခုရှိတယ်..”

“အဲဒါကတော့ ကျမကြောင့် ဘယ်မိန်းကလေးမှ အသည်းမကွဲစေရဘူး..။ မျက်ရည်မကျစေရဘူး..။ ကျမကြောင့် အခြားသူတစ်ယောက်ရဲ့ သစ္စာလည်း ဘယ်တော့မှ မပျက်စေရသလို အခြားသူရဲ့ အချစ်နဲ့ပတ်သက်တဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေ မပျောက်ဆုံးစေရဘူး..။”

“ကိုယ် အရမ်းမျှော်လင့်ပြီး ချစ်ရတဲ့ ချစ်သူတစ်ယောက် ဆုံးရှုံးရတဲ့ ခံစားချက်၊ တတိယလူတစ်ယောက်ရဲ့ ရိုက်ခတ်မှုက ဘယ်လောက်ထိ ပြင်းထန်ထိရှစေနိုင်တယ်ဆိုတာ ကျမကိုယ်တွေ့ပဲ မဟုတ်လား..”

“ပြောချင်တဲ့ အချက်ကတော့ ကျမစောင့်ထိန်းတဲ့ သစ္စာက ဘယ်တော့မှ မပျက်ပြယ်စေရဘူးဆိုတာပါပဲ .။ ကိုယ့်ကို ချန်ထားသွားခဲ့ပြီး အခြားသူတစ်ယောက်နဲ့ ပျော်ပျော်ကြီးလက်တွဲလျှောက်လှမ်းနေတဲ့ ယောက်ျားတစ်ယောက်ကို တစ်သက်လုံး မမေ့နိုင်ဘဲ နာကျည်းးမှုတွေနဲ့ တစ်ရက်ပြီးတစ်ရက် အသက်ဆက်နေရတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက် ဒီကမ္ကာပေါ်မှာ ကျမကြောင့်တော့ ဘယ်တော့မှ မရှိစေရဘူး.”
အဲဒီ စကားလုံးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ သူမပြောဆိုနေတဲ့အချိန်မှာ သူ့ဘက်က “မဟုတ်ဘူး..။ မင်းထင်သလို မဟုတ်ဘူး” ဆိုတာကို ရင်ထဲကနေသာ ရေရွတ်နေခဲ့ပြီး ခေါင်းသာယမ်းနေမိခဲ့ တယ်..။
သူမ,ပြောတဲ့ စကားတွေထဲက “တတိယလူ” ဆိုတဲ့ စကားလုံးတစ်ခုက ပဲ့တင်ထပ်နေခဲ့တယ်..။ တကယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက သူမအတွက် သူက တတိယလူမဟုတ်ခဲ့သလို ကုန်လွန်ခဲ့တဲ့တစ်နှစ်ကစလို့ သူမကလည်း တတိယလူတစ်ယောက် လုံးဝမဟုတ်ခဲ့ဘူးဆိုတာ ရှင်းပြဖို့ အခွင့်အရေးမရတော့လောက်အောင် သူမရဲ့ ပြတ်သားတဲ့စကားတွေက သူ့ကို ဆွံ့အသွားစေခဲ့ပါတယ်..။
သူမ မသိခဲ့တဲ့ နောက်ကွယ်က သူ့ရဲ့ relationship က  ဘယ်လိုကြောင့် အစတည်ဖြစ်ပေါ်လာ ခဲ့တယ် ဆိုတာကို သူမကို သိစေချင်ပေမယ့် ထွက်ခွာသွားပြီဖြစ်တဲ့သူမက နောက်ကို တစ်ချက်တောင် စောင်းငဲ့ကြည့်တော့မှာ မဟုတ်တာကို သူအလိုလိုသိနေခဲ့တယ်..။ ဒါပေမယ့်လည်း အဖြစ်အပျက်တချို့ကတော့ ရှပ်ရှင်ပြကွက်တစ်ခုလို ရှင်းလင်းပြတ်သား စွာ မြင်ယောင်ရင်း အတိတ်ထဲမှာ ခရီးခဏတာသွားဖြစ်ခဲ့သူကတော့ အချစ်ဆိုတာကို ဒုတိယအကြိမ် အရှုံးပေးခဲ့သူတစ်ယောက်သာ ဖြစ်ပါတယ်..။ 

+++++++++++++++++++
အသည်းကွဲခြင်းဆိုတဲ့ ခံစားချက်က ဘ၀မှာ သူမနဲ့ပတ်သက်ပြီးမှသာ ပထမဆုံးရရှိဖူးသော ခါးသီးတဲ့ ခံစားချက်တစ်ခုပဲ ဖြစ်ပါတယ် ..။ လွန်ခဲ့တဲ့ ငါး နှစ်က ကြုံတွေ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုက အချစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ယုံကြည်မှုတွေကို ပျောက်ဆုံးစေခဲ့သလို အချိန်တော်တော်ကြာထိ ဖျောက်ဖျက်မရနိုင်တဲ့ ခံစားချက်တစ်ခုဖြစ်နေခဲ့ ပါတယ်..။ လေးနှစ်ဆိုတဲ့အချိန်ကာလက လူတစ်ယောက်ကို မေ့ပျောက်သွားနိုင်ဖို့ လုံလောက်တဲ့အချိန် အတိုင်းအတာတစ်ခုမဟုတ်ခဲ့ပေမယ့် ... သူမကို မေ့ပစ်နိုင်ဖို့ ကြိုးစားခဲ့တာတော့ သူကိုယ်တိုင် ၀န်ခံနိုင်ပါတယ်..။ သေချာတဲ့ အဖြစ်အပျက်တစ်ခုက တစ်ခုသော မိုးရာသီရဲ့ စံပယ်တွေ လှိုင်လှိုင်ပွင့်တဲ့ ရက်တစ်ရက်မှာ မိန်းကလေးတစ်ယောက်ကို စတွေ့မိချိန်မှာတော့ ပိုပြီး ပီပြင်လာခဲ့တယ်...။ သူမနဲ့ တော်တော်ဆင်တူတဲ့ မျက်နှာပြည့်ပြည့်ဖောင်းဖောင်း မိန်းကလေးတစ်ယောက်ကို သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ ခင်မင်ရင်းနှီးလာပြီးချိန်မှာတော့ ဘ၀မှာ ကြုံတွေ့ခဲ့ဖူးတဲ့ ပထမဆုံးအချစ်ကို မေ့ပစ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ချစ်စရာမိန်းကလေးငယ်ကို ရိုးရိုးသားသားချစ်ခွင့်ပန်ခဲ့ပါတယ်..။ ဒါဟာ သူမနဲ့ ပြန်မတွေ့မီ .. တစ်နှစ်ဆိုတဲ့အချိန်ကာလတွင်း က အဖြစ်အပျက်တစ်ခုပေါ့ ..။ “စဉ်းစားပါရစေ” ဆိုတဲ့ မိန်းကလေးငယ်ရဲ့ အဖြေစကားကို စောင့်မျှော်ခဲ့ကာ သူငယ်ချင်းတစ်ယောက်လို အစ်ကိုတစ်ယောက်လို ပြောဆိုနေထိုင်နေခဲ့ရာက သူမနဲ့ ပြန်တွေ့ချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပီပီပြင်ပြင် ပြတ်ပြတ်သားသားချခဲ့ခြင်းက မိန်းကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့တယ်လို့ အဓိပ္ပာယ်သက်ရောက်စေခဲ့လေသလား..။ တစ်ကြိမ်ဆုံးရှုံးသွားခဲ့ဖူးတဲ့အရာ တစ်ခုကို နောက်ထပ်တစ်ကြိမ်မဆုံးရှုံးစေဖို့ ကြိုးစားခဲ့တဲ့လုပ်ရပ်က မိန်းကလေးတစ်ယောက် အပေါ်မှာ သစ္စာပျက်ယွင်းခဲ့တဲ့ အတ္တကြီးသူတစ်ယောက်ဖြစ်ခဲ့ပါသလား..။ ချစ်သူဆိုတဲ့ relationship တစ်ခုကို မရောက်ရှိခဲ့တဲ့ သူနဲ့ မိန်းကလေးရဲ့ ပတ်သက်မှုတစ်ခုမှာ .. မိန်းကလေးငယ်ရဲ့ အချစ်တွေ၊ သံယောဇဉ်တွေ တွယ်တာမှုတွေကို သူမ ခံစားသိရှိနေခဲ့တယ်လို့ ပြောခဲ့တဲ့သူမက သူ့ရဲ့ အချစ်တွေ၊ မြတ်နိုးတွယ်တာမှုတွေကိုတော့ ဥပေက္ခာပြုခဲ့သလား၊ တကယ်ပဲ မခံစားမိတာလားဆိုတာတော့ သူမသာ အသိဆုံးဖြစ်နေပါလိမ့်မယ်..။

 ++++++++++++++++
တကယ်ဆိုရင် သူမ မသိခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ ...
ပန်းရိုင်းတွေကို ချစ်တတ်တဲ့၊ ဖန်တီးထားတာတွေထက် သဘာဝကိုသာ မြတ်နိုးတတ်တဲ့၊ ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်စင်းစင်းတွေကို စည်းနှောင်ထားခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ချထားကာ ခပ်သွက်သွက်လမ်းလျှောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဒုတိယအကြိမ်ဆုံးရှုံးခဲ့ရတဲ့ ယောက်ျားတစ်ယောက် ဒီကမ္ဘာကြီးပေါ်မှာ သူမကို တစ်သက်လုံးသတိရ လွမ်းဆွတ်နေရလိမ့်မယ်ဆိုတဲ့ အကြောင်းအရာတစ်ခုရှိနေတယ် ဆိုတာပါပဲ ..။
 +++++++++++++++ The END +++++++++++++++++++


+ စာကြွင်း +
ဒီဝတ္ထုကို အစပြုရေးခဲ့တာက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလရဲ့ ရက်တစ်ရက်မှာပါ ...။ တဖြည်းဖြည်းချင်းရေးလာခဲ့တာ ၂ နှစ်နီးပါးကြာခဲ့ပြီမို့ ဒီနေ့တော့ အဆုံးသတ်ရေးနိုင်ခဲ့ပါတယ်..။ အပိုင်း ၁ ကနေ ၆ အထိ ရေးခဲ့ပြီးတာတွေကို Link ပြန်ခေါ်ပေးဖို့ connection က အခြေအနေမပေးတာကြောင့် တကယ်လို့ ဖတ်ချင်တယ်ဆိုရင် ဘေးဘက်က ၀တ္ထုရှည် ဆိုတဲ့ label ကို နှိပ်လိုက်ရင် အပိုင်းတွေအားလုံး ဆက်တိုက်ဖတ်နိုင်မှာပဲ ဖြစ်ပါတယ်..။ 
Thank you all :) :)

Wednesday, 10 September 2014

ရေတမာနဲ့ ခရေတည်ရာဆီ ~~ (အပိုင်း-၂)

September 10, 2014 3 Comments


အတိတ်ကာလယန္တရားထဲမှာ တ၀ဲလည်လည်သွားလာနေရင်း ခရီးဆက်ဖြစ်တဲ့အခါ ... မိုးရေစက်တွေနဲ့အတူ စိမ်းစိုနေတဲ့ပိတောက်ပင်တွေကို တွေ့ရပါတယ် ..။ နွေကာလက ပွင့်ကြွေပြီး သွားတဲ့အကိုင်းတွေထက်မှာ အစိမ်းရောင်အရွက်တွေ နေရာအပြည့်ယူထားလျက် ...။ အပင်ဆိုတာ မတွေ့ရဘဲ ကျောက်တွေခဲတွေသာပြည့်နေတဲ့ကွင်းပြင်တစ်ခုမှာ တစ်ချိန်တုန်းက ကျောင်းသား လူငယ်တစ်စုမမောမပမ်းစိုက်ပျိုးခဲ့တဲ့ပိတောက်ပင်သေးသေးလေးတွေကတော့ ကျောက်ကြိုကျောက် ကြားမှာ ခက်ခက်ခဲခဲရှင်သန်လာခဲ့ရင်း နေရာတစ်ခုကို ရယူထားနိုင်တဲ့ သက်ရှိတွေအဖြစ် ဖန်တီးသူရဲ့ပီတိကို ဖြစ်ပေါ်စေပါတယ် ..။

နှစ်တော်တော်ကြာကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်တစ်ခုဟာ ပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာ ဟိုအရင်အချိန်နဲ့ကွဲပြားစွာ အရာအားလုံးက အသစ်အသစ်တွေ နေရာအပြည့်ယူထားလျက်..။ ဒါပေမယ့်လည်း ကျန်ရှိနေသေးတဲ့ အဟောင်းတွေရဲ့ အငွေ့အသက်တွေကြားမှာ အတိတ်ကိုတော့ ပြန်လည်တသလွမ်းဆွတ်မိစေခဲ့တာကိုတော့ ကိုယ့်အသိစိတ်က လက်မခံလို့ မရဘူးလေ...။ 

ခရေပင်တွေနဲ့ မယ်ဇလီပင်တွေရောနှောနေတဲ့ လျှောက်လမ်းကလေးကို မြင်မိတဲ့အခါ ... အမြဲတမ်းကသုတ်ကရက် ပြေးလွှားသွားလာနေတဲ့မိန်းကလေးတစ်ယောက်ကို မျက်လုံးထဲ မှာ ပြန်မြင်ယောင်လာတယ် ...။ ကျောပိုးအိတ်အနက်ရောင် တခါတလေလည်း ကချင်လွယ်အိတ် အပြာရောင်လေးလွယ်လေ့ရှိတဲ့မိန်းကလေးဟာ ဘေးနားမှာ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူငယ်ချင်းတွေနဲ့အတူ ... ပျော်ရွှင်ရယ်မောလျက်..။ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကြိုးစားကြမယ် ဆိုပြီး စကားကြီးစကားကျယ်တွေပြောခဲ့ကြတဲ့သူငယ်ချင်းတစ်စုက အခုတော့လည်း ကမ္ဘာကြီးရဲ့နေရာ အသီးသီးမှာ ကိုယ့်ဘ၀ကိုယ် ကိုယ်စီတည်ဆောက်ရုန်းကန်နေကြဆဲ ...။ တွဲခဲ့တဲ့လက်အစုံက မြဲတဲ့သူတွေရှိခဲ့သလို ... တစ်သက်လုံးစာဝေးကွာလို့ .. ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သူတွေအဖြစ် ကိုယ်စီဘ၀မှာ ကျင်လည်ခဲ့ကြသူတွေလည်း ရှိနေကြဆဲ ..။ 

တစ်ချိန်က သူငယ်ချင်းတွေနဲ့အတူ စကားနိုင်လုရင်း ကြက်သွန်ဖြူဥတွေအလုအယက်စားခဲ့တဲ့ လက်ဖက်သုပ်နဲ့ ထမင်းဆိုင်နေရာလေးက ပျောက်ကွယ်သွားခဲ့ပြီး အဆောက်အဦအသစ်တွေ ထပ်တိုးလာတဲ့အခါ .. ထိုင်နေကျထမင်းဆိုင်နဲ့ သဘောကောင်းတဲ့ဆိုင်ပိုင်ရှင်အဘနဲ့ မိသားစုတွေကို သတိရအောက်မေ့လာမိပါတယ် ...။ 

ခရေပွင့်တွေကြွေတတ်တဲ့လျှောက်လမ်းလေးကနေ ရှေ့ဆက်သွားမိတော့ ..ကျောင်းသူဘ၀ တစ်လျှောက်နေခဲ့တဲ့ မိန်းကလေးဆောင်ရှေ့ကို ရောက်ရှိလာပါတယ် ..။ အဆောင်ရှေ့က အော်ရေးရှားပင်ရိပ်အောက်မှာ ... ဟိုးအရင်အချိန်ကပုံစံ အတိုင်း ကျောင်းသူ တချို့ရယ်.. စာမေးဖို့၊ ပိုက်ဆံချေးဖို့၊ မုန့်ကျွေးဖို့၊ သတိရလို့၊ စာအုပ်ငှားဖို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ လာလည်နေတတ်တဲ့ ကျောင်းသားလူငယ်တချို့ရယ်ကို တွေ့မိပြန်တော့ တချိန်က မိန်းကလေးငယ်ငယ်ရယ် သူမရဲ့ သူငယ်ချင်းရယ်ကို ပြန်လည် မြင်ယောင်လာ မိပြန်ပါတယ် ..။ ဟိုအရင်အချိန်နဲ့မတူစွာ ကွာခြားသွားတာက အော်ရေးရှားပင်အောက်မှာ ထိုင်စရာခုံတန်းလေး မရှိတော့တာက အတိတ်လွမ်းဝေဒနာကို အနည်းနဲ့အများ လျော့ပါးသွားစေ ပါတယ်...။ ဒါပေမယ့်လည်း ညစဉ်တိုင်းလိုလို အဆောင်ညစောင့်အဘကနေတစ်ဆင့် လာပို့ပေးတတ်တဲ့ သူမနဲ့သူငယ်ချင်းတစ်စုကြိုက်တတ်တဲ့မုန့်တွေ၊ အဆောင်ဘေးကနေ လာဆိုတတ်တဲ့သူငယ်ချင်း သီချင်းတွေ၊ ရေတွက်လို့မရနိုင်တဲ့ ဇွန်ပန်းဖြူဖြူတွေ၊ စာကြိုးစားဖို့ အားပေးတတ်တဲ့ စကားသံတွေ စတဲ့စတဲ့အရာတွေက ရုပ်ရှင်တစ်ကားလို မျက်လုံးထဲမှာ အစီအရီပြန်မြင်လာမိတယ် ..။ ဒါတွေက ပြန်သတိမရသင့်တော့တဲ့ ကိုယ်မေ့ခဲ့ပြီးသား အရာတွေမဟုတ်လား...။

~~~~~~~~~~~~~~~~
မေ့နေပြီဖြစ်တဲ့အရာတွေထဲမှာ အဆောင်ကနေ ရှေ့ဆက်သွားတဲ့အခါ ရောက်သွားတဲ့ နေရာက ခရေရနံ့တွေ သင်းပျံ့နေတတ်တဲ့ ကတ္တရာလမ်းမတစ်ခုရယ် တောင်တန်းတစ်ခုကို နောက်ခံထား တဲ့ ရေကန်ပြာရယ်.. စိန်ပန်းတွေ နီရဲနေတတ်တဲ့မြင်ကွင်းတွေရယ်...။

ကိုယ်မေ့ချင်ခဲ့တာက ခရေနဲ့ စိန်ပန်းတွေရောယှက်နေတဲ့ ရေတမာပင်တွေပေါတဲ့နေရာက လမ်းမထက်မှာ ဘေးချင်းကပ်ရက်သွားလေ့မရှိဘဲ လမ်းဘေးကပ် ကာ ရှေ့တစ်ယောက်  နောက် တစ်ယောက်သွားလေ့ရှိတဲ့၊ အများက ချစ်သူတွေလို့ မထင်ခဲ့ကြတဲ့၊ တစ်သက်လုံးပြန်မဆုံကြတော့ မယ့် ..သူငယ်ချင်း ၂ ယောက်ရယ်ပါ ...။ 


Sunday, 7 September 2014

ရေတမာနဲ့ ခရေတည်ရာဆီ (အပိုင်း-၁)

September 07, 2014 9 Comments



အဝေးပြေးကားလမ်းမကြီးပေါ်ကနေ အဲဒီမြို့ကလေးဆီသွားရာ လမ်းချိုးကလေးထဲကို ၀င်လိုက်ရင်ပဲ .. သစ်ပင်တွေ၊ လယ်ကွင်းပြင်တွေနဲ့အတူ သဘာဝရဲ့ အငွေ့အသက်တွေကို ခံစားမိလာရတယ်..။
တကယ်တော့ ပြန်မရောက်ချင်ပါဘူးလို့ သိစိတ်တစ်ဖက်က ငြင်းဆန်နေပေမယ့် အမှတ်တရတွေ ဖြစ်တည်ရာ နေရာတစ်ခုကို မသိစိတ်ကတော့ အမြဲလိုလို လွမ်းနေခဲ့မိ သား...။ မြန်မာပြည်အလည်ပိုင်းမကျတကျ မြေလတ်ဒေသတစ်ခုဟာ ကိုယ့်အတွက်တော့ ပညာဗဟုသုတတွေအပြင် လူ့ဘ၀အတွေ့အကြုံအစုံကို လေ့လာသင်ယူခဲ့တဲ့နေရာ... ချစ်ခြင်းမေတ္တာတွေ ဖြစ်တည်ပျောက်ရှခဲ့တဲ့နေရာ .. ငယ်ရွယ်နုပျိုချိန်ကာ လတွေ ဖြတ်သန်းခဲ့ တဲ့နေရာ တစ်ခု ...။

လမ်းလေးပေါ်ကို ကားဘီးရာ ခြေချမိပြီဆိုတာနဲ့ အေးစိမ့်စိမ့်လေနုအေးအချို့နဲ့အတူ မိုးရနံ့တချို့က တိုးဝင်လာတယ် ..။ မိုးသည်းသည်းမည်းမည်း ရွာလေ့မရှိတဲ့ မြေလတ်ဒေသမှာ တခါတလေလည်း မိုးကြိုးတွေ ထစ်ချုန်းလို့ လျှပ်စီးတွေ ၀င်းလက် .. မုန်တိုင်းထန်တဲ့အချိန်ကာလတွေလည်း ကိုယ်ကြုံခဲ့ဖူးတာပဲလေ..။ ကားကို လမ်းဘေးအသာရပ်မိရင်း လမ်းဘေးတစ်ဘက်တစ်ချက်က အုပ်အုပ်ဆိုင်းဆိုင်း အပင်တစ်ချို့ကို ငေးကြည့်နေဖြစ်ခဲ့တယ် ..။ ဆယ်စုနှစ်ကာလတစ်ခု .. ဟုတ်တယ်... လွန်ခဲ့တဲ့ ဆယ်နှစ်ကာလတစ်ချို့မှာလည်း ရှင်သန်ဖြစ်တည်နေခဲ့တဲ့ ရေတမာပင်တွေ ...။ အဲဒီအပင်တွေကို အစွဲပြုလို့ ရေတမာလမ်းလို့ ခေါ်တွင်ခဲ့ပြီး ဒီဒေသလေးမှာ ခဏတာလာရောက်ခိုလှုံကြရင်း နဖူးစာရွာလည်ကြတဲ့ ချစ်သူစုံတွဲတွေ ဖြတ်သွားဖြတ်လာသွားလေ့ ရှိတဲ့ လမ်းလေးတစ်ခု ..။ အချိန်ကာလနဲ့ ခေတ်အခြေအနေတွေ ပြောင်းလဲသွားပုံက အရင်က လမ်းလျှောက်သွားသူတွေသာ များလေ့ရှိတဲ့လမ်းလေးတစ်ခုက အခုတော့ ဆိုင်ကယ်တ၀ီဝီ .. ကားသံတညံညံဖြစ်နေတဲ့အခါ ဒါကို တိုးတက်မှုလို့ ဆိုလေမလား..။ ကံကောင်းသေးတာတစ်ခုက လမ်းဘေးက ရေတမာပင်တွေနဲ့အတူ ဘေးဘက်ဆီက လယ်ကွင်းပြင်ကို ဖြတ်တိုက်လာ တဲ့ လေထုက ကားနံ့ ဆီနံ့ ရောပြွမ်းမနေသေးဘဲ လတ်ဆတ်သန့်ရှင်းမှုကို ခံစားနေရဆဲ .။ မြို့ကြီးပြကြီးက နေရာတချို့နဲ့ ကျေးလက်ဒေသတချို့ရဲ့ လေထုညစ်ညမ်းမှုကို တိုင်းတာနှိုင်းယှဉ်တဲ့ စာတမ်းတစ်ခုရေးရင် ကောင်းမလားစဉ်းစားမိရင်း အမြဲလိုလို တစ်ခုခုကို အဆက်မပြတ်လေ့လာဖို့ပဲ စိတ်ကူးပေါ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို ပြုံးမိပြန်တယ် ..။ “စာတွေ အဆက်မပြတ်လေ့လာနေဖို့ ပညာတတ်မိန်းမတစ်ယောက်ဖြစ်ဖို့သာ အစဉ်တစိုက် ဦးတည်နေတဲ့မိန်းမမျိုး၊ မိသားစုဘ၀တစ်ခုကို အေးအေးလူလူ ထူထောင်ဖို့ စိတ်ကူးမရှိတဲ့ မိန်းမမျိုး” လို့ တစ်စုံတစ်ယောက်က စွပ်စွဲပြောနေခဲ့တာကိုလည်း ပြန်ကြားယောင်ရင်းပေါ့ ..။ 

မိုးဖွဲဖွဲအောက်မှာ ကားတစ်စီးကိုမှီလို့ ရပ်နေမိရင်း .. အတိတ်က ခြေရာတွေ ကောက်နေမိရာက အတွေးထဲမှာ စိန်ပန်းနီနီတွေလည်းပါသလို မြင်းလှည်းတစ်စီးပေါ် က အော်ဟစ်စနောက်နေ တတ်တဲ့ လူငယ်တစ်စုလည်း ပါနေပြန်တယ် ..။ ကျောင်းဖွင့်လို့ ပြန်အလာ အိမ်ကထည့်ပေးလိုက်တဲ့ ဟင်းတွေ မုန့်မျိုးစုံအပြင် အ၀တ်အိတ်မနိုင်မနင်းနဲ့ ဟိုင်းဝေးကားပေါ်က ဆင်းလာတဲ့ မိန်းကလေးငယ်ငယ်ကို စောင့်ကြိုနေတဲ့ ပုဆိုးတိုတို၊ ရှပ်ရောင်စုံတွေ ၀တ်တတ်တဲ့ ကောင်လေးငယ်ငယ်လေးလဲ ပါပြန်ပါသေးတယ်..။ အရောင်ဆိုးထားလေ့ မရှိတဲ့ ခြေသည်းလက်သည်းတိုတိုတွေနဲ့အတူ သနပ်ခါးပါးကွက်ကျားမှာ နှုတ်ခမ်းနီဆိုးလေ့မရှိတဲ့ မိန်းကလေးငယ်ဟာ ကျောပိုးအိတ်တစ်လုံးကို သွားလေရာသယ်တတ်ကာ ဟက်ဟက်ပက်ပက် ပျော်ရွှင်ရယ်မောတတ်သူလည်း ဖြစ်ပါတယ်..။ 

ကောင်မလေးကို မျက်လုံးထဲ ပြန်မြင်ယောင်ရင်း ပန်းဆီရောင်ခြယ်ထားတဲ့ ခြေသည်းအလှနဲ့အတူ စီးနေကျဒေါက်ဖိနပ်ကို နေရာရွှေ့လို့ လမ်းလေးပေါ်ကို ခြေချလိုက်မိတယ် ..။ တချိန်က သူပြောခဲ့တဲ့ smart မကျ၊ လှလှပပမနေတတ်ဘဲ ဖြစ်သလိုနေတဲ့မိန်းကလေးဆိုတဲ့ မှတ်ချက်တစ်ခု ကို ပြန်တွေးမိတော့ ကိုယ့်အကြိုက်ဆိုးထားတဲ့ ပန်းဆီရောင်ဖျော့ဖျော့နှုတ်ခမ်းနှစ်လွှာကို အသာပြုံးလိုက်ရင်းက ပျံ့လွင့်လာတဲ့အအေးဓါတ်နဲ့ မိုးစက်တွေကြောင့် နေကာမျက်မှန် ကို ခေါင်းပေါ်အသာပြောင်းတပ်ကာ ကုတ်အကျီင်္ကို တင်းတင်းစေ့လို့ ဆက်လျှောက်လာမိတယ်...။ 

“ဟေးး နေကောင်းရဲ့လား..။ မတွေ့တာတောင် အတော်ကြာပေါ့..။ အပြောင်းလဲကြီး ပြောင်းလဲသွားလိုက်တာများ .. အရမ်းလှလာတယ်” ဆိုတဲ့ ကားတစ်စီးပေါ်က လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်ရဲ့ နှုတ်ဆက်စကားတစ်ခုကို ကြားမှ လက်ရှိကာလကို ပြန်ပြောင်းသတိရလာတယ်..။ စကားစမြည်ပြော နှုတ်ဆက်မိရင်း ဆယ်စုနှစ်တစ်ခုကျော်ကျော် မတွေ့ဖြစ်ပေမယ့်လည်း ကိုယ့်ကိုမြင်တာနဲ့ ချက်ချင်းမှတ်မိသိရှိတဲ့ အရင်းနှီးဆုံးသူငယ်ချင်းမဟုတ်တဲ့ မိတ်ဆွေကြောင့် ဘယ်လိုပဲ ပြောင်းလဲခဲ့ပေမယ့် ကိုယ့်ရဲ့ငယ်ရုပ်သွင်က ဖျောက်ဖျက်မရပါလားလို့ ၀န်ခံလာခဲ့ရတယ် ..။ 

ကားပေါ်ကို ပြန်တက် ခရီးဆက်လာတော့ မြင်ရတဲ့မြင်ကွင်းတွေက ဟိုအရင်အချိန်တွေနဲ့ ကွဲပြားစွာ ခမ်းနားလှတဲ့ အဆောက်အဦအသစ်တွေ၊ ချိုင့်ခွက်တွေရေဗွက်တွေ မရှိတော့တဲ့ ကတ္တရာလမ်းတွေ၊ မိုးရေကြောင့် စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ၊ ကားတွေဆိုင်ကယ်တွေကိုယ်စီ နဲ့ ကျောင်းသားကျောင်းသူ လူငယ်ကလေးတွေ၊ အဆောက်အဦအသစ်တွေတိုးပွားလာတဲ့ တက္ကသိုလ်ဆေးရုံကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရတယ် ..။ အတိတ်ကာလထဲမှာ ဟောင်းနွမ်းနေတဲ့ တိုက်နယ်ဆေးရုံအခန်းကလေးထဲက ငှက်ဖျားရောဂါကြောင့် ကုတင်ပေါ်မှာ ဆေးပုလင်း ချိတ် ဆေးကုသမှုခံယူနေရတတ်တဲ့ ကျောင်းသားလူငယ်ကလေးတွေရယ်၊ လူနာမပျင်းရအောင် စာအုပ်တွေဖတ်ရင်း ဟာသတွေပြောလို့ ရယ်ပွဲဖွဲ့နေတတ်တဲ့ သူငယ်ချင်းတစ်စု ရယ်ကို မြင်နေရပြန်ပါတယ် ...။ သူငယ်ချင်းတစ်ယောက်ပြောသလို အတိတ်ဆိုတာ သတိရတိုင်း ခဏခဏထုတ်ဖတ်မိတဲ့ စာအုပ်တစ်အုပ်လိုပဲ ဆိုသလို ... အတိတ်က နေရာဟောင်း ကို ပြန်အရောက်မှာ ထုတ်ဖတ်စရာမလိုပဲ မျက်လုံးထဲ မြင်ကွင်းတွေ အစီအရီပြန်ရောက်လာပုံက ရောက်နေတဲ့ ပတ်ဝန်းကျင်ကြောင့်သာ ဖြစ်ပါလိမ့်မယ် ..။

အသစ်အသစ်တွေနဲ့ ခမ်းနားထည်ဝါနေတဲ့ နေရာတစ်ခုကို အတိတ်ကမြင်ကွင်းတွေနဲ့ အတူ ဖြတ်သွားရင်း ဦးတည်ရာနေရာတစ်ခုကို ခရီးဆက်လာခဲ့တယ်..။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက ကိုယ်ကျင်လည်ခဲ့တဲ့နေရာလေးကတော့ အခုဖြတ်သွားခဲ့တဲ့ ပတ်ဝန်းကျင်လိုပဲ ပြောင်းလဲမှုတွေ ရှိနေလေမလား ... သိချင်စိတ်တစ်ခုလည်း ပါနေပြန်ရဲ့ ..။ ကျောင်းမုခ်ဝဆိုတာ မရှိခဲ့ဘဲ တစ်ထပ်ကျောင်းဆောင် ခမ်းနွမ်းနွမ်းလေးထဲမှာ နိုင်ငံတကာက တက္ကသိုလ်တွေနဲ့အပြိုင် သင်ခန်းစာတွေ ပို့ချတတ်တဲ့ဆရာတွေ ဆရာမတွေကို နင့်နင့်နဲနဲလွမ်းဆွတ်မိရင်း သူတို့သင်ပေးလိုက်တဲ့ ပညာတွေကို အခြေခံလို့ နိုင်ငံကြီးတွေ ရဲ့ ကျော်ကြားတဲ့ တက္ကသိုလ်တွေမှာ ဘွဲ့လွန်ဆက်တက်နေကြတဲ့ တပည့်တွေ အကြောင်း သေချာသိလာခဲ့ရင် ဥယျာဉ်မှူးတွေရဲ့ ပီတိဆိုတာ တိုင်းတာလို့တောင် ရမှာမဟုတ်နိုင်ပါဘူး ..။ တောထဲတောင်ထဲက စုတ်ချာချာကျောင်းဆောင်ကလေး ကနေ နိုင်ငံပေါင်းစုံက တက္ကသိုလ်တွေ ကွန်ဖရင့်တွေ အစည်းအဝေးတွေမှာ ယုံကြည်မှုအပြည့်နဲ့ တက်ရောက်ပြောဆိုဆွေးနွေးနေတဲ့ တပည့်တွေအများကြီး ရှိလာနေပြီဆိုတာ ကျောင်းဆောင် ကလေးနဲ့ ဆရာတွေဆရာမတွေလည်း သေချာသိနေကြမှာပါ ...။

နေရာဟောင်းကို အ၀င်မှာပဲ ခမ်းနားကြီးကျယ်တဲ့ မုခ်ဦးကို စတင်မြင်လိုက်ရတော့ ပီတိတွေနဲ့ ပြုံးမိပါတယ် ..။ ကိုယ်ကျင်လည်ခဲ့ချိန်က မရှိခဲ့တဲ့ ၂ ထပ်ဆောင် ၃ ထပ်ဆောင်တွေ ကို မြင်လိုက်ရတော့ အံ့သြ၀မ်းသာစိတ်နဲ့အတူ မျက်ရည်တောင် လည်လာမိတဲ့အဖြစ် ..။ ဟိုအရင်အချိန်က ခြေကျင်လျှောက်သွားလေ့ရှိတဲ့ လူငယ်အုပ်စုတွေပျောက်ဆုံးသွားခဲ့ပြီး ဆိုင်ကယ်တွေကိုယ်စီနဲ့ အပြိုင်အဆိုင်သွားလာနေကြကာ သူငယ်ချင်းအုပ်စုစကားဝိုင်းဖွဲ့ လုယက်ပြောမနေကြတော့ဘဲ ဖုန်းကိုယ်စီကိုင်လို့ တစ်ကိုယ်တည်း ပြုံးစေ့စေ့ဖြစ်နေကြတဲ့ လူငယ်ကလေးတွေပဲ တွေ့နေရတော့တဲ့နေရာတစ်ခု ..။ စာဖတ်ခန်းထဲမှာ စာအုပ်တွေကိုယ်စီဖတ်မှတ်နေကြတာ အနည်းငယ်သာတွေ့နေရပြီး laptop ကိုယ်စီကိုင်လို့ အင်တာနက်မှာ surfing လုပ်နေကြတဲ့မြင်ကွင်း ..။ တော်တော်များများပြောင်းလဲသွားပေမယ့် ...  မြန်မာလုံချည်လှလှလေးတွေနဲ့ ရင်ဖုံးအကျီင်္လှလှလေးတွေဝတ်ဆင်နေ ဆဲ ကျောင်းသူလေးတွေကို မြင်မိတော့ အ၀တ်အစားအပြင်အဆင်ပြောင်းလဲခြင်းမရှိသေးဘဲ ယဉ်ကျေးသိမ်မွေ့မှုကို ခံစားရမိနေဆဲ ဖြစ်တဲ့အခါ ဂုဏ်ယူစွာနဲ့ ကိုယ်ပြုံးမိရပြန်တယ် ..။

တူမကြီး .. အလုပ်ကိစ္စနဲ့ လာတာလား” လို့ ကိုယ့်ကို ကွမ်းတွေစားရက်က ရင်းရင်းနှီးနှီးလာနှုတ်ဆက်တဲ့ ဦးလေးကြီးကိုတွေ့တော့ ကိုယ့်ဆွေမျိုးအရင်းအချာတစ်ယောက် ကို ပြန်တွေ့ရသလို ပျော်ရွှင်သွားမိတယ် ..။ ဆယ်နှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် .. အရင်ထက်တောင် နည်းနည်းဝလာတဲ့ခန္ဓာကိုယ်နဲ့  ကျန်းကျန်းမာမာရှိနေသေးတဲ့ အသက် ၆၀ နားနီးနီး ကားဒရိုင်ဘာဦးလေးကြီးက တချိန်တုန်းက တောတောင်တွေထဲက ဆိုးဆိုးရွားရွားလမ်းတွေမှာ ကျောင်းသားလေးတွေကို ဘေးအန္တရာယ်ကင်းအောင် ဂရုတစိုက်မောင်းပို့ပေးလေ့ရှိတဲ့ အလုပ်တာဝန်ကျေပွန်ပြီး သဘောကောင်းတဲ့သူတစ်ယောက်ပါ ..။

သမီး .. နည်းနည်းပိန်သွားတယ်.. ကျောင်းတုန်းကလို ၀၀ကစ်ကစ်ကလေး မဟုတ်တော့ပါလား” လို့ ပြောတဲ့ ဆရာမကို တွေ့မိတော့ ၀မ်းပန်းတသာ အံ့သြတကြီးဖြစ်လို့ ..။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်က ဒီလောက်တောင် လှပနေဆဲပါလားလို့ စဉ်းစားမိတော့ ဆရာမက တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေလို့ပဲ ဖြစ်မှာလို့ သုံးသပ်မိတဲ့အခါ ကိုယ်ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုကို ဘာသာကျေနပ်သွားမိပြန်ပါတယ် ..။ မိသားစုဘ၀ နဲ့ သွေးသားအရင်းအချာကို မွေးမြူပျိုးထောင်ပေးခြင်းဆိုတဲ့ လူ့ဘ၀တာဝန်ပျက်ကွက်ခဲ့ပေ မယ့်လည်း အောင်မြင်ကျော်ကြားတဲ့ တပည့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကလည်း ဆရာမရဲ့ မိခင်တာဝန်ကို ကျေပွန်ခြင်းတစ်မျိုးပဲ မဟုတ်ပါလား..။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်း ကိုယ်စီတာဝန်တွေကို ကျရာဇာတ်ရုပ်မှာ ကျေကျေပွန်ပွန်ထမ်းဆောင်နေခြင်းက တစ်ယောက်ချင်းစီရဲ့ ခံယူချက်မတူညီပေမယ့်လည်း လောကကို အလှဆင်ခြင်းတစ်မျိုးပဲဆိုတော့ ကိုယ်မလုပ်နိုင်ခဲ့ဘဲ အခြားတစ်ပါးသူလုပ်နိုင်ခဲ့တဲ့အရာတွေကို ချီးမြှောက်သင့်လှပါတယ် ..။

ဟိုအရင်အချိန်က ကိုယ်တစ်ခါမှာ မမြင်ဖူးတဲ့ အဆောက်အဦအသစ်ကြီးထဲ ၀င်ရောက်မိတဲ့အခါ အတိတ်ဆိုတာကို ပြန်မတွေးမိခြင်းအတွက် ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကြောင့်များ ဖြစ်နေလေမလား ... ကိုယ် ပြန်မတွေးချင်တော့ပါဘူး ...။ ကိုယ်ဦးတည်ရာ နေရာရောက်ဖို့အတွက် အတိတ်ကပုံရိပ်တွေနဲ့အတူ ... ခရီးဆက်လာခဲ့ပါတယ် ....။

====================


ဆက်ရေးရဦးမှာမို့ ဆက်လက်အားပေးဖတ်ရှုပေးဖို့ တောင်းဆိုပါတယ်ရှင် ...။

ပို့စ်တစ်ခု မဖြစ်မနေရေးဖို့တွန်းအားပေးခဲ့တဲ့ Blog-Post-Challenge (BPP) ကြောင့် ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တဲ့အတွက် ဒီ Activity လေးကို စတင်ဖြစ်တည်စေခဲ့သူ အစ်ကို၊အစ်မ မောင်လေး၊ ညီမလေး Bloggers များကို ကျေးဇူးအထူးတင်ပါတယ် ..။
Blog post တွေ တင်နိုင်ဖို့နဲ့ မြန်မာနိုင်ငံတွင်းက ကလေးလူငယ်လေးတွေရဲ့ ပညာရေးကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းတဲ့ ဒီအစီအစဉ်လေးအတွက်  ကျမကလည်း သိကျွမ်းခင်မင်ရင်းနှီးတဲ့ Blogger ၁၀ ဦးကို ဒီနေရာကနေ Post တင်ဖို့ Challenge လုပ်ပါတယ်..။
၁။ မမိုးငွေ့ (မိုးငွေ့နဲ့အတူ)
၂။ အသူ (My Emotions)
၃။ မိုးသက် @ မေမြို့မိုး
၎။ မအိန်ဂျယ်လှိုင်
၅။ ကိုလွင်ပြင်
၆။ မစံပယ် @ မဂျက်
၇။ မင်းအရိပ် (ရောင်စုံအခန်းငယ်)
၈။ လရိပ်အိမ်
၉။ မိုးညချမ်း
၁၀။ မကြီးလွမ်း (အလွမ်းမြို့လေး)

Follow Us @soratemplates