Sunday, 28 December 2014

မောင် ~~~

December 28, 2014 3 Comments



အချစ်ဆိုတဲ့အရာတစ်ခု ရေရှည်တည်တံ့ဖို့အတွက် နားလည်မှုက ရာခိုင်နှုန်းတော်တော်များများ နေရာယူ ထားကြောင်း ကျမက ယုံကြည်မိသည့်အခါ မောင်နှင့်ကျမအကြား တစ်ဦးနှင့်တစ်ဦး နားလည်ဖို့ အချိန်တော်တော်ကြာ ကြိုးစားတည်ဆောက်ခဲ့ရပါသည် ...။ စကားတွေ တွတ်တီးတွတ်တာ ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်သော၊ ခံစားချက်ကို ပီပီပြင်ပြင်ထုတ်ဖော်ပြောလေ့မရှိသော ကျမကိုနားလည် ဖို့ မောင့်အတွက် ရက်ပေါင်း၊ လပေါင်းများစွာမှသည် နှစ်ကာလများကြာမြင့်သည်အထိ အချိန်ယူခဲ့ရပါသည်။ ကျမထက် အသက်အနည်းငယ် ငယ်ရွယ်သော မောင့်ကိုတော့ မောင့်စိတ်ထဲ တွေးနေတတ်တာများကအစ ကျမက ခန့်မှန်းသိရှိတတ်ပြန်ပါသည်..။ ထိုအခါ မောင်က “ကိုယ်က ဘာမှဟန်ဆောင်တာမရှိဘဲ ပကတိအတိုင်း၊ စိတ်ရင်းအတိုင်းနေလို့ မင်း ခန့်မှန်းရလွယ်တာပါ” ဟု ပြောတတ်ပြန်သေးသည်..။ သို့သော် "ကျမက မောင့်ထက် လူကဲခတ်ပိုတော်လို့လေ" ဆိုသည့် စကားတော့ ပြန်မပြောဖြစ်ခဲ့ပါ..။ 

တကယ်တော့ မောင်နှင့်ကျမသည် ဘယ်လိုမှ ဆုံဆည်းလိမ့်မည်ဟု ထင်မှတ်မထားသည့် နယ်ပယ်၊ နေရာ အသီးသီးမှ သူစိမ်းနှစ်ဦးသာ ဖြစ်ကြသလို ကျမတို့နှစ်ယောက်တွင် တူညီသော သူငယ်ချင်း၊ အပေါင်းအသင်းများလည်း ရှိကြသည်မဟုတ်ပေ..။ မောင့်သူငယ်ချင်းများနှင့် ကျမ မသိသလို ကျမ၏ သူငယ်ချင်းအပေါင်းအသင်းများနှင့်လည်း မောင်က ရင်းနှီးသူမဟုတ်ပါ...။ နှစ်ယောက်တည်း တည်ဆောက် ထားသော ကမ္ဘာတစ်ခုသည် နှစ်ဦးတည်းဖြင့်သာ ဘာသိဘာသာ ဖြတ်သန်းတည်ဆောက်နေခဲ့ တာဖြစ်ပါသည်..။ 

ကျမတို့နှစ်ယောက် စကားလက်ဆုံကျနိုင်သည့် နေ့ရက်အချို့တွင်တော့ ကျမ၏ အလုပ်အကြောင်း၊ မောင့်ဝါ သနာ၊ အလုပ်အကိုင်အကြောင်းများ ပြောတတ်ကြပါသည်..။ တခါတလေတွင် သီချင်းတစ်ပုဒ် ကို နှစ်ယောက်အတူတူ ဆိုညည်းတတ်သည့် အချိန်များရှိတတ်သလို တခါတရံတွင် အင်္ဂလိပ်လို အပြန်အလှန်လေ့ကျင့်ပြောဆိုတတ်သည့် နေ့ရက်များလည်း ရှိတတ်ပြန်ပါသည်...။ ရံဖန်ရံခါတွင်မတော့ ကျမ မတောက်တခေါက်တတ်သည့် ဂျာမာန်စကားပြောတချို့အား မောင့်ကို ပြောပြတတ်သလို ကျမနှင့် နီးရက်နဲ့အလှမ်းဝေးနေဆဲ ဂျပန်စကားလုံးများ၊ ဝါကျများအား မောင်က ရေရွတ်ပြတတ်သည့် အချိန်များ လည်း ရှိတတ်ပါသည်။ ကလေးတစ်ယောက်ကို စိတ်ပူသလို ပြောဆိုနေတတ်သည့်အခါ "အဲဒါအပိုတွေ"ဟု ကျမက ထင်မှတ်ထားပေမယ့် "လိုအပ်လို့ကိုပြောရတာ" ဟု မောင်က ပြောတတ်ပြန်ပါသည်...။ ကျမကတော့ “အရက်မသောက်နဲ့၊ မိန်းကလေးတွေနဲ့ အီစီကလီမလုပ်နဲ့” ဆိုသည့် စကားများနှင့်တောင်မှ မောင့်ကို ဆုံးမတတ်သူမဟုတ်ပေ ...။ မောင့်အကြည့်၊ မောင့်မျက်လုံးများ၏ တည်ငြိမ်မှု၊ မောင့်နှုတ်ခမ်းနှင့်မောင့်ပြော စကားများ ၏ လေးနက်ပြတ်သားမှုကို ကျမယုံကြည်နားလည်ထားသောကြောင့်လည်း ဖြစ်ပါသည်...။ 

တခါတရံတွင် ကျမတို့နှစ်ယောက်၏ စကားဝိုင်းသည် ကျမ၏ အလုပ်အကိုင်၊ ဝါသနာ၊ သူငယ်ချင်းများမှ တစ်ဆင့် ကျမ၏ Old Flame အကြောင်း ပြောဖြစ်သည်များလည်းရှိသည်...။ သူငယ်ချင်းမှတစ်ဆင့် ချစ်သူများဖြစ်သွားသဖြင့် ချစ်သူမဟုတ်တော့သောအခါ သူငယ်ချင်းဟု ကျမက ပြန်လည်သတ်မှတ် သုံးနှုန်းနိုင်ခဲ့သည့် ကျမ၏ ချစ်သူဟောင်းအား မောင်က မုန်းတီးရန်လိုစိတ်မရှိသလို ကျမကလည်း နာကျည်းအပြစ်တင်လိုစိတ်မရှိပေ..။ တခါတလေတော့ ချစ်သူတွေအဖြစ်မရောက်ရှိခဲ့ဘဲ မောင့်ကို ကလူအိ သို့ မြှူအိသို့အဆင့်ဖြင့် ထားသွားခဲ့ကာ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုသို့ အလုပ်လုပ်ဖို့ ထွက်ခွာ သွားသော မောင့်အချစ်ဦးအကြောင်းကို ပြန်လည်ပြောဆိုနေသည့်အချိန်များလည်း ရှိတတ်ပါသည်..။ သို့သော် ထိုသို့ ရောက်တတ်ရာရာ ပြောဆိုကြတိုင်း မောင်ရော၊ ကျမရော နှစ်ဦးစလုံး၏ စိတ်ထဲတွင် ထိုသူစိမ်းလူနှစ်ယောက်အား ချစ်ခင်စိတ်သော်လည်းကောင်း၊ မုန်းတီးစိတ်သော်လည်းကောင်း၊ သဝန်တိုမနာလိုစိတ်သော်လည်းကောင်း စိုးစဉ်းမှ မဖြစ်ပေါ်မိပေ..။ ဘဝတကွေ့တွင် ကျမနှင့်မောင် မတွေ့ဆုံမီက အကြောင်းအရာများအား ပြန်လည်သတိရပြောဆိုနေခဲ့ကြခြင်းသာ ဖြစ်ပါသည်။

တကယ်တော့ မောင်နှင့်ကျမသည် အရာရာတွင် ဆန့်ကျင်ဘက်ဖြစ်ကြသည်က များပါသည်..။ အထင်ရှား ဆုံးကွဲလွဲချက်မှာ ကျမက ပညာရေးကို ရေဆုံးမြေဆုံးလိုက်စားပြီး စီးပွားရေးလုပ်ငန်းများကို ဝါသနာမပါဘဲ ပညာဖြင့်သာ ငွေရှာဖို့ စိတ်ဝင်စားသလောက် မောင်က ပညာရေးကို ဘွဲ့ ၁ ခု သာသာလောက်ရဖို့သာ အားထုတ်ခဲ့သူဖြစ်သည်..။ သူဝါသနာပါသည်က ငွေရှာခြင်းပင် ဖြစ်ရာ စွန့်စွန့်စားစား ဝင်ငွေရှာဖို့ကိုသာ အားသန်သူတစ်ယောက်ဖြစ်လေသည်..။ ထိုအခါ ဘဝကို စိတ်အေးလက်အေးနှင့် စာအုပ်ပုံတွေကြားထဲ နစ်မြုပ်ဖြတ်သန်းချင်သည့် ကျမနှင့် ရွက်ကုန်လွှင့်ကာ စွန့်စားချင်စိတ်ပြင်းထန်သည့် မောင်နှင့် ဆန့်ကျင်ဘက်များသာ ဖြစ်ခဲ့လေသည်..။ အရာရာတိုင်း မတူညီမှုတွေနှင့် ဆန့်ကျင်ဘက်အရာ များကြောင့် မောင်နှင့်ကျမ ဝေးကွာကြစေရန် ဘယ်လောက်ပင် ကြိုးစားခဲ့သော်လည်း ရှေးရေစက်ဆိုသည့် ကံတရားက ကျမတို့နှစ်ယောက်၏ ဝေးခွင့်ကို လက်မခံခဲ့ခြင်းက အချစ်စစ်များဖြစ်နေမလားဟု မောင်ရော ကျမရော ယုံကြည်လက်ခံခဲ့ရပါသည်...။

Monday, 22 December 2014

#Review #2014

December 22, 2014 3 Comments


ဒီနေ့ဆိုရင် ဒီဇင်ဘာ ၂၂ ရက်ရောက်ပြီဆိုတော့ ၂၀၁၄ အတွက် ဖြတ်သန်းရမယ့်ရက်တွေက သိပ်မကျန်တော့ပါဘူး ...။ မနက်ဖြန် ၂၃ ရက်က ဂျပန်မှာ ပိတ်ရက် The Emperor’s Birthday လို့ ပြောပါတယ်..။ တကယ်က ဒီပို့စ်ကို ၂၀၁၅ ထဲရောက်မှ ၂၀၁၅ အတွက် အိပ်မက်တွေနဲ့အတူ ရေးဖို့ ဟိုးအရင်ကတည်းက စိတ်ကူးထားခဲ့တာ ..။ ဒါပေမယ့် အသူက tag တာကြောင့်ရော၊ မနက်ဖြန်ကျောင်းပိတ်ရက်မို့ ဒီနေ့ညတော့ ဘာစာမှမလုပ်ဘဲ အေးအေးဆေးဆေး စာရေးပြီး နားချင်တာကြောင့်ရော ရေးဖြစ်သွားတာပါ ...။ ၂၀၁၅ အတွက် အိပ်မက်တွေကတော့ သေသေချာချာ မဆုံးဖြတ်ရသေးလို့ နောက်မှ ပို့စ်တစ်ပုဒ် သတ်သတ်ရေးပါတော့မယ် ..။

တစ်နှစ်ဆိုတဲ့ကာလဟာ သွားရင်းလာရင်း၊ နေရင်းထိုင်ရင်းနဲ့ပဲ ကုန်ဆုံးသွားခဲ့ပြန်တယ်..။ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က မြန်မာပြည်အလယ်ပိုင်းမကျတကျနေရာမှာရှိတဲ့ အိမ်လေးတစ်အိမ်ရဲ့ အခန်းကျဉ်းတစ်ခုတည်းမှာ ကွန်ပျူတာတစ်လုံးထက် စာလုံးတွေ စီနေခဲ့တယ်...။ စိတ်ကူးထဲမှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့အတူ ၂၀၁၄ မှာ ဖြစ်ချင်တဲ့အရာတွေကို blog မှာ တင်ဖြစ်ခဲ့တယ်..။ နှစ်ကုန်ပိုင်းရောက်လာရင် အဲဒီရည်ရွယ်ထားခဲ့တဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖြစ်မဖြစ်ဆိုတာ အဲဒီပို့စ်နဲ့အတူ ပြန်တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုပြီး စိတ်ကူးထားခဲ့တယ်..။။ ပို့စ်ရဲ့အမည်ကို Dreams လို့ပေးခဲ့ပြီး ခင်တဲ့ Blogger အချို့ကို Tag post အနေနဲ့ ဖိတ်ခေါ်ခဲ့ပါသေးတယ်..။ အဲဒါကြောင့် အခု review 2014 ကိုရေးတော့ အဲဒီပို့စ်ကို ပြန်ဖွင့်ပြီး တစ်ခုချင်းစီကို ပြန်ရေးမှာပါ..။

 ++++++++++++++++++
ယေဘူယျအားဖြင့် ၂၀၁၄ က မျှော်လင့်ထားတာထက် ကျမကို ပျော်ရွှင်မှုတွေ ပေးခဲ့တယ်..။ ဘ၀နဲ့ယှဉ်တဲ့ အပြောင်းအလဲကြီးကြီးမားမား ၃ ခု ကြုံခဲ့ရတယ်....။ ပထမတစ်ခုက စိန်ခေါ်မှုတွေပြည့်နေတဲ့ လုပ်ငန်းခွင် တစ်ခုကိုပြောင်းတာ၊ ဒုတိယတစ်ခုက ကျမရဲ့ phd အတွက် စကောလားရှစ်ရတာ၊ နောက်တစ်ခုကတော့ အချစ်ရေးပဲဆိုပါတော့ ...။
ပညာရေးနဲ့ပတ်သက်ရင် ကျမရည်မှန်းတာတွေ အားလုံးအကောင်အထည်ဖော်နိုင်ခဲ့တယ်...။ မယုံကြည်နိုင်လောက်အောင်ပဲ ဒီလောက်မြန်မယ်လို့ မထင်ပေမယ့် ကျမပထမဆုံးလျှောက်တဲ့ Scholarship ကို ချက်ချင်းရခဲ့တယ်..။ ထင်ခဲ့တာက အနည်းဆုံး ၃ ကြိမ်လောက်ထိတော့ ကြိုးစားရမယ် ထင်ခဲ့တာ..။ အဲဒါကြောင့် ဂျာမနီကနေတောင် MSc certificate နဲ့ Transcript တွေအတွက် true copy တွေကို ၅ စုံ တောင်းလာခဲ့တာ...။ အများဆုံး ၅ ခု လောက်လျှောက်ဖြစ်ရင် ကံကောင်းရင်တော့ တစ်ခုလောက်တော့ ရမှာပါလို့ တွေးခဲ့တယ်လေ..။ ၅ ခါ လျှောက်လို့မှ မရရင်တော့ ကိုယ်ညံ့လို့လို့ သတ်မှတ်ပြီး ထပ်လျှောက်ဖြစ်မှာ မဟုတ်တော့ပါဘူး..။ အဓိကဘာသာကလည်း rural development နဲ့ ပတ်သက်တာ လုပ်မှာပါ ..။ အဲဒါကြောင့် field survey အတွက် ပြန်ဖြစ်ရင် ရွာတွေဘက် အများဆုံး သွားဖြစ်မှာ...။ ရောက်တဲ့နိုင်ငံကလည်း ဟိုးအရင်ကတည်းက ကျမ ပညာသင်ချင်တဲ့နိုင်ငံ ပဲ ဖြစ်နေပါတယ်....။ ဒီနိုင်ငံမှာ ကျောင်းတက်ရဖို့ MSc အတွက်တုန်းက နှစ်ကြိမ် ကြိုးစားခဲ့ဖူးတယ်..။ ဒါပေမယ့် နှစ်ကြိမ်စလုံး Scholarship အတွက် short-list မှာပဲပါခဲ့ပြီး နောက်ဆုံးအဆင့်မှာ ကျန်နေခဲ့ရတာ ...။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ရောက်လာပြီပဲလေ..။ Europe က ဘွဲ့ရလာတာဆိုပြီး အခုအချိန်ရောက်တော့ ဂျပန် ဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေကြားထဲမှာ Impression တောင် ကောင်းနေခဲ့ပါသေးတယ်..။

မိသားစုထဲမှာလည်း ကျမက ပံ့ပိုးပေးတာမဟုတ်ပေမယ့် မောင်လေးလည်း သင့်တော်တဲ့အလုပ်တစ်ခု ရသွားပါပြီ..။ သူ့ကို ကျောင်းတက်ဖို့ ဒီကိုခေါ်ချင်ပေမယ့် သူရဲ့ first degree က အဆင့်တွေ က အောင်ရုံလေးပဲဆိုတော့ အဆင်မပြေလောက်ဘူး ဖြစ်နေပြန်ရော..။ သူကလည်း စာလုပ်ရမှာ ဝါသနာ မပါတာနဲ့ဆိုတော့ အတော်ဖြစ်နေတာပေါ့ ..။ တခါတလေစဉ်းစားမိတာက ပညာရေးဘက်လိုက်စားတယ် ဆိုတာလည်း ဝါသနာတစ်ခုပဲဖြစ်မှာလို့..။ ဝါသနာမပါတဲ့သူအတွက်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ထမ်းထားရ သလိုမျိုးပေမယ့် ဝါသနာပါတဲ့သူအတွက်တော့ ပျော်စရာအလုပ်တစ်ခုပါ..။ တစ်ခုလောက် သတင်းပေး ချင်တာက ဂျပန်က Master course က ဂျာမနီလောက် မခက်ခဲဘူးဆိုတာပါပဲ ...။ 

အလုပ်အကိုင်မှာလည်း ၂၀၁၄ အတွင်းမှာ ပိုပြီးတော့ အောင်မြင်တဲ့ဘက်ကို ရောက်လာတယ်..။ ငွေလည်း စုဖြစ်လာတယ်..။ လူမှုရေးကတော့ ၂၀၁၄ အတွင်း ချစ်တဲ့ခင်တဲ့သူတွေ ပိုတိုးလာသလို မုန်းတဲ့သူတွေတော့ ပိုတိုးမလာလောက်ဘူး ထင်ပါရဲ့ ...။ ကျမကို ခပ်တည်တည်နေတတ်လို့ အမြင်ကတ် ကြည့်မရသူတချို့လည်း ရှိရင်ရှိမှာလေ...။ ဘာကြောင့်လဲဆိုရင် မလိုအပ်ဘဲနဲ့ အပိုစကားတွေ မပြောချင်လို့ ...။ စိတ်ထဲကမပါတဲ့ ပါးစပ်ဖျားက စကားလုံးတွေမထွက်ချင်လို့ တော်ရုံဆို စကားသိပ်မပြောဖြစ်ဘူး..။ စိတ်ထဲကလာတဲ့ စကားလောက်ပဲ ပြောဖြစ်တယ်..။ အဲဒီလိုဆိုတော့ လူမှုရေးကတော့ ထူးထူးခြားခြား တိုးတက်မလာဘူးထင်တယ်...။ ဒါပေမယ့်လည်း ၂၀၁၄ အတွင်းမှာ ခင်တဲ့သူတွေဆီက လက်ဆောင်တွေ တော်တော်များများရတယ်..။ ကျမက မတောင်းဆိုပဲနဲ့ မတွေ့တာကြာလို့ သတိရလို့ ဘာညာနဲ့ သူငယ်ချင်းတွေ၊ စီနီယာတွေဆီက လက်ဆောင်တွေ ပေးလာတာကို အရင်နှစ်တွေကထက် ပိုရခဲ့တယ်...။ ကူညီတဲ့သူတွေလည်း အများကြီး တွေ့ခဲ့ရတဲ့နှစ်ပါ..။ 

ဘာသာရေးက ၂၀၁၄ မှာ ဘုရားရှိခိုး၊ မေတ္တာပို့၊ ဆွမ်းရေချမ်းကပ်တာကို နေ့တိုင်းမပျက်မကွက် လုပ်ဖြစ်တယ်..။ အလှူတွေလဲ တော်တော်လုပ်ဖြစ်တယ်..။ ချစ်သူနဲ့ အတူတူ အလှူတော်တော်များများ လုပ်ဖြစ်တယ်...။
ဝါသနာဖြစ်တဲ့ စာရေးခြင်းမှာလည်း တိုးတက်မှုရှိလာတယ်..။ ၂၀၁၄ ခုနှစ်အတွင်းမှာပဲ ဒီ Blog မှာ ကျမရေးတဲ့ပို့စ်တချို့ကို အယ်ဒီတာအစ်မတစ်ယောက်က သူ့ဂျာနယ်မှာ ထည့်ပေးတယ်လေ..။ အဲဒီတော့ ပရင့်ဖြစ်စေချင်တဲ့ ကျမအိပ်မက်တစိတ်တပိုင်း ပြည့်သွားခဲ့တာပေါ့ ...။ Blog မှာတော့ ပို့စ် ၅၀ လောက် ရေးဖြစ်အောင် ကြိုးစားမယ်ဆိုပေမယ့် မရေးဖြစ်ခဲ့ပါဘူး...။ ပြီးတော့ ကျမရေးချင်တဲ့ပုံစံမျိုးတွေ သိပ်မရေးဖြစ်ခဲ့ဘူး ...။ အချိန်မပေးနိုင်တာကြောင့် ပါပါတယ်..။ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ Diary post တွေပဲ အများဆုံးရေးဖြစ်ခဲ့တယ်...။ 

+++++++++++++++
တစ်ခုထပ်ဖြည့်ပြောရရင် ၂၀၁၄ က ဘာကြောင့် ကျမဖြစ်ချင်တဲ့အရာတွေအားလုံးလိုလိုကို ဖြည့်ဆည်းပေး ခဲ့လဲဆိုတာ အံ့သြစရာ တိုက်ဆိုင်မှုတစ်ခုပါ..။ ဂျာမနီမှာတုန်းက ကျောင်းက Conference တစ်ခု အတွက် တောင်အာဖရိကကို သွားဖြစ်ခဲ့တယ်..။ အဲဒီနောက် ကမ္ဘာ့တိုက်ကြီးတွေအားလုံး ကို ရောက်ဖူးချင်တဲ့ကျမက အာရှရယ်၊ ဥရောပရယ်၊ အာဖရိကတိုက်တွေကို ရောက်ဖူးသွား ခဲ့ပြီးပြီဆိုတော့ နောက် Target တစ်ခုက တောင်အမေရိကတိုက် ဒါမှမဟုတ် လက်တင်အမေရိက ကို ရောက်ဖူးချင်တဲ့စိတ် ပြင်းပြနေခဲ့ဖူးတယ်..။ ဘာကြောင့် နီးနီးနားနား Australia ကို သွားချင်တဲ့စိတ် မဖြစ်ခဲ့သလဲတော့ မသိပါဘူး..။ ကံတရားက နောက်တစ်ခါ ရောက်ဖြစ်မယ့်နိုင်ငံက Brazil ဆိုတာ ကြိုသိနေခဲ့လေသလားပဲ ..။ တိုက်ဆိုင်စွာပဲ အလုပ်ကိစ္စနဲ့ပဲ ၂၀၁၄ သြဂုတ်လမှာ Brazil ကို ၂ ပတ်သွားဖြစ် ခဲ့တယ်..။ အရမ်းကို သွားချင်နေခဲ့တဲ့နေရာမို့ အကြောင်းတိုက်ဆိုင်ပြီး သွားခဲ့ရတဲ့အခါ တကယ်ကို ပျော်ရွှင်ခဲ့ရတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဓါတ်ပုံတွေအများကြီး ရိုက်ဖြစ်ခဲ့ပြီး ဒီမှာ တင်မယ်တင်မယ်နဲ့ ပို့စ်မရေးဖြစ်ခဲ့ဘူး..။ လေယာဉ်က ၄ ဆင့်ပြောင်းစီးခဲ့ရပြီး လမ်းမှာတင် အသွား  ၂ ရက် အပြန် ၂ ရက်ကြာခဲ့တဲ့ ခရီးတစ်ခုပါ..။ မြန်မာပြည်နဲ့ လည်း နေ့နဲ့ည အချိန်တွေက လွဲပါတယ်..။ အဲဒီခရီးကို သွားပြီးတဲ့နောက်မှာ တော်ရုံလေယာဉ်ကြာကြာ စီးရတာကို ခဏလေးလို့ပဲ ထင်မိတဲ့အထိ ဘ၀မှာ အကြာဆုံးသွားခဲ့ဖူးတဲ့ ခရီးတစ်ခုပါ..။  

ဒီပုံက Brazil နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကြာပန်းပါ...။ အရွက်တွေက မြန်မာပြည်မှာတွေ့ရတဲ့ ဇကောတစ်ခုထက်ကို အများကြီးကြီးပါတယ်။ လူတစ်ယောက်ထိုင်မယ်ဆိုရင် လွတ်လွတ်လပ်လပ်ထိုင်လို့ ရလောက်တဲ့အထိကို အရွက်တွေက ကြီးတာပါ..။ ကျမဘဝမှာတော့ ဒီလို ကြာပင်ကို ပထမဆုံးမြင်ဖူးခြင်းပါပဲ ..။ နောက်မှ ရေးချင်စိတ်ပေါ်လာတဲ့အခါ Brazil နိုင်ငံရဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို ရေးပါဦးမယ် (:P ရေးစရာ အကြွေးတွေလည်း များနေပြီ :P )

+++++++++++++++++++++++++
ခြုံပြောရရင် ၂၀၁၄ က ကျမအတွက် ကံအကောင်းဆုံးနှစ်တွေထဲက တစ်နှစ်ပါ..။ အလုပ်ခွင်ထဲမှာ ပင်ပန်း စိတ်ရှုပ်ရတာကလွဲရင် စိတ်ညစ်စရာ၊ စိတ်မကောင်းစရာဆိုတာ မရှိသလောက် ရှားပါးတဲ့ နှစ်တစ်နှစ်ပါ ..။ ကျန်းမာရေးမှာလည်း ဘာမှဆိုးဆိုးရွားရွားမဖြစ်ခဲ့ပါဘူး...။ မြန်မာပြည်က ဖုန်မှုန့်တွေနဲ့ မတည့်လို့ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာလောက်သာ ဖြစ်ခဲ့ပါတယ်..။ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးမဟုတ်တောင် ၂၀၁၅ က ၂၀၁၄ လောက်သာ ကျမအပေါ်မှာ ကောင်းဖို့ မျှော်လင့်မိပါတယ်။


Women's World Journal ထဲမှာ ပါပြီးခဲ့တဲ့ အက်ဆေးနဲ့ ၀တ္ထုတိုတချို့..။ အများကြီးကျန်သေးတယ်..။ ပို့စ်က အရမ်းရှည်သွားမှာစိုးလို့ နမူနာလောက်ပဲ ပြထားတာ.. :D :D
ပထမဆုံးပရင့်ဖြစ်တဲ့ အက်ဆေးတွေက အမျိုးသမီးတွေအတွက် အဓိက ဦးတည်ပြီး ထုတ်တဲ့ ဂျာနယ်မှာပါတာဆိုတော့ ဘယ်လိုပြောရမလဲ .."ပျော်တာပေါ့" လို့ :)))

Saturday, 20 December 2014

Blog update disappeared in Blog Rolls

December 20, 2014 5 Comments
တစ်နေ့က Blog post တစ်ခုရေးပြီးပြီးချင်းပဲ ကျမရဲ့ Blog roll မှာ စစ်ကြည့်လိုက်တော့ update တက်လာတယ်..။ အဲဒါနဲ့ ပိတ်ထားလိုက်ပြီး နောက်တစ်ကြိမ်ပြန်ဖွင့်တဲ့အချိန်မှာ update မှာ ပို့စ်ကို မတွေ့တော့ something wrong နေပြီလို့ စိတ်ထဲမှာ ထင်နေမိတာ...။ အသစ်မတက်ပေမယ့်လည်း အရင်ပို့စ်အဟောင်းနဲ့တော့ Blog roll မှာ ရှိနေပါလိမ့်မယ်ဆိုပြီး ဒီအတိုင်းပဲ ထားလိုက်တာ...။
ဒါပေမယ့် ဒီနေ့ပြန်ကြည့်မှာ Blog roll မှာ ကျမရဲ့ blog ကို လုံးဝမတွေ့ရဘူး..။ အဲဒါနဲ့ အခြားသူတွေရဲ့ Blog roll မှာ လိုက်ကြည့်လိုက်တော့လည်း အဲလိုပျောက်နေတယ်..။
ပြီးမှ သေချာပြုးပြဲကြည့်လိုက်မှ ဟိုးလွန်ခဲ့တဲ့ ၄ လ လောက်က ပို့စ်တစ်ခုနဲ့ အောက်ဆုံးကိုရောက်နေခဲ့တာ...။
template တွေ မကလိတာကြာတော့ ဘာမှလည်း ပြင်ချင်စိတ်မရှိဘူး...။ အဲဒါနဲ့ပဲ ဒီပို့စ်ကို ရေးကြည့်ရင် အပေါ်ကို အသစ်ပြန်တက်လာမလားလို့ စမ်းကြည့်မိတာပါ......။ ပို့စ်တွေ ခဏခဏရေးပါတယ်ဆိုမှ လွန်ခဲ့တဲ့ လေးလလောက်က ပို့စ်အဟောင်းတစ်ခုနဲ့ အောက်ဆုံးကိုရောက်နေတော့ ဘယ်လိုမျိုး update ကိုတွေ့မှာလဲနော်....။

Thursday, 18 December 2014

1st SNOW *****

December 18, 2014 4 Comments
ဒီဆောင်းရဲ့ ပထမဆုံးနှင်းအနေနဲ့ မနေ့က ည ၁၀ နာရီလောက်မှာ နှင်းပွင့်တွေ တဖွဲဖွဲစကျလာခဲ့တယ်..။ မျှော်လင့်ထားတဲ့အတိုင်း ပထမဆုံးနှင်းကျတဲ့အချိန်မှာ အားလုံး အော်ဟစ်လိုက်တဲ့အသံက အခန်းထဲမှာ တိတ်တိတ်လေးစာဖတ်နေသူကို လန့်သွားစေခဲ့တယ်..။ ဒါပေမယ့် ဘာကြောင့်အော်ကြသလဲဆိုတာ သေသေချာချာ သဲသဲကွဲကွဲမသိခဲ့ပါဘူး..။ ညီမလေးတစ်ယောက်က Viber ကနေ အစ်မ နှင်းတွေစကျနေပြီလို့ ပြောတော့မှ ပြတင်းပေါက်ကို ဖွင့်ကြည့်တဲ့အခါ ပြတင်းပေါက်ဘောင်မှာ နှင်းဖတ်ကလေးတွေ ကပ်နေတာကို တွေ့ခဲ့ရတယ်...။ အေးစက်စက်လေတွေနဲ့အတူ နှင်းပွင့်တချို့လည်း မျက်နှာကို လာမှန်လို့ပေါ့ .....။
ဒါပေမယ့်လည်း တစ်ညလုံး တဖွဲဖွဲကျနေခဲ့ပေမယ့် ပမာဏနည်းတာကြောင့် မနက်ရောက်တဲ့အခါ ကျမတွေ့ဖူးခဲ့တဲ့ ဥရောပက နှင်းတွေလို ထုအထူကြီးဖြစ်မနေပါဘူး...။ ဒီမြို့လေးမှာက ပုံမှန်အားဖြင့် နှင်းကျတာ နည်းတယ်လို့ပြောကြတယ်...။ ဂျပန်က အခြားမြို့တွေမှာတော့ နှင်းတွေ တော်တော်ထူထပ်အောင် ကျနေကြပြီလေ....။

နှင်းကျနေပေမယ့် ရာသီဥတုကတော့ အရင်နေ့ကထက်တော့ ပိုအေးမနေခဲ့ပါဘူး...။ အပူချိန် ၃ ဒီဂရီလောက်ဆိုတာက နွေးနွေးထွေးထွေးဝတ်ထားရင် ကျမအတွက် ပုံမှန်လို နေလို့ရတဲ့အပူချိန်မျိုးပါ...။  အခုဆောင်းမှာ ကျမကြိုက်နေတဲ့ အနွေးထည်တွေက ကိုရီးယားမင်းသမီးတွေ အရင်က ဝတ်လေ့ရှိကြတဲ့ Long Coat စတိုင်မိုက်မိုက် ခပ်ထူထူတွေ မဟုတ်တော့ပြန်ဘူး...။ ပေါ့ပေါ့ပါးပါးရှိလှတဲ့  Ultralight warm Jacket အတိုတွေကို ကြိုက်လို့ အဲဒါမျိုးတွေပဲ ၀တ်ဖြစ်နေတာ..။ အထဲက Extra Heattech တစ်ထည်ရယ်၊ အပေါ်က ခါးရှည်ရှည်အကျီင်္ ဒါမှမဟုတ် ဂါဝန်တစ်ထည်ရယ်ဆိုရင် အပေါ်ပိုင်းအတွက်က ကျမအတွက် တော်တော်နွေးနေပြီ...။

ကျောင်းသွားတဲ့အချိန်မှာ နေထွက်နေပြီမို့ နှင်းတွေ အရည်ပျော်စပြုနေပြီ ....။ ဘယ်အချိန် ဘယ်နေရာပဲဖြစ်ဖြစ် နှင်းတွေမြင်ရင်ကို စိတ်လှုပ်ရှားတာလေ...။ အဲဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်လောက်က နှင်းတွေရှိတဲ့နေရာကို တစ်ခေါက်လောက်ပြန်ရောက်ချင်လိုက်တာဆိုပြီး တမ်းတခဲ့ဖူးတယ် ...။ ကံကောင်းတော့ ကံတရားက နှင်းတွေရှိတဲ့ မတူညီတဲ့နေရာတစ်ခုဆီကို ကျမကို နောက်ထပ်တစ်ကြိမ် ရောက်စေခဲ့ပါတယ်...။ အရင်တစ်ခေါက်ကထက် လတော်တော်ကြာ ကုန်ဆုံးနေထိုင်ရမယ့် နေရာတစ်ခုက အရင်တစ်ခါနေခဲ့တဲ့မြို့လေးလိုပဲ အေးချမ်းတဲ့နေရာတစ်ခု ဖြစ်နေပြန်တယ်....။ အရင်လိုပဲ အားလုံးလိုလို စက်ဘီးနဲ့ သွားလာလှုပ်ရှားလေ့ရှိတဲ့ နေရာလေးတစ်ခုဖြစ်နေပြန်ပါတယ်....။ အစားအသောက်တွေ၊ လူတွေ၊ ဓလေ့ထုံးစံ၊ ဘာသာစကားတွေ ပြောင်းလဲသွားပေမယ့် ကျောင်းဝန်းထဲက အဆောက်အဦတွေကတော့ အရင်နေခဲ့တဲ့မြို့လေးနဲ့ အနည်းငယ်ဆင်တူပါတယ်.။ တိုက်ဆိုင်တာက အရင်တက္ကသိုလ်တုန်းက South Uni, North Uni, Central Uni စသဖြင့် ကျောင်းကို ငါးနေရာခွဲထားတာမှာ ကျမတက်ရတဲ့ကျောင်းက North Uni မှာ ရှိတာပါ..။ အခုတက္ကသိုလ်မှာတော့ Main Campus, North Campus, South Campus စသဖြင့် အခေါ်အဝေါ်ရှိပြီး ကျမတက်ရတဲ့ကျောင်းက North Campus မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပြန်ပါတယ်...။






ကျောင်းကိုရောက်တော့ အိတ်ကိုအခန်းထဲမှာချထားခဲ့ပြီး နှင်းတွေရှိတဲ့ နေရာမှာ ဓါတ်ပုံတချို့ရိုက်ဖြစ်တာပါပဲ ...။ အခြားသူတွေလည်း ရိုက်နေကြတာပါ...။ ဒီမှာက တစ်ဆောင်းတွင်းကို ၂ ခါ ၃ ခါလောက်ပဲ နှင်းကျတာလို့ ဂျပန်သူငယ်ချင်းတစ်ယောက်ကပြောပြပါတယ်...။ အခုပထမဆုံးကျတဲ့နှင်းက တော်တော်ထူတယ်လို့လည်း သူကပြောသေးတယ်..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ..... ပထမဆုံးနှင်းကျတဲ့အမှတ်တရပို့စ်တစ်ပုဒ်ပဲဆိုပါတော့.....။

*******************************************

Thanks for visiting ;-) ;-)





Tuesday, 16 December 2014

Countryside ##

December 16, 2014 3 Comments
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီလိုအချိန်လောက်က မြန်မာပြည်ပြန်ရောက်နေခဲ့ပြီလေ...။ ၂၀၁၃ စက်တင်ဘာလထဲမှာ ဂျာမနီကနေ မြန်မာပြည်ကို ပြန်လာတယ်...။ အောက်တိုဘာမှာ အလုပ်ပြန်ဝင်ပြီးတော့ ၂၀၁၃ အောက်တိုဘာလကနေ နောက်တစ်နှစ် ဇန်နဝါရီလအထိ ၄ လ လောက်က ကျေးလက်ဒေသတွေဘက်ကို ခဏခဏ ခရီးထွက်တဲ့အလုပ်ကို လုပ်ဖြစ်တယ်...။ အများဆုံးသွားဖြစ်ခဲ့တာက ရှမ်းပြည်နယ်ဘက်ကိုပါ ...။ လျှပ်စစ်မီးမရှိ၊ အင်တာနက်လိုင်းမမိ၊ ရေရှားပါးတဲ့ တောင်ပေါ်ရွာလေးတွေဆိုပါတော့ ..။ ခရီးထွက်ဖြစ်ချိန်တိုင်း Landscape ပုံတွေ အများဆုံးရိုက်ဖြစ်တယ်....။ ကိုယ့်ပုံကိုယ်ရိုက်ဖို့ အာရုံမရလောက်အောင် သဘာဝရှုခင်းတွေမြင်လိုက်ရရင် အဲဒါတွေကို သဘောကျမဆုံး ငေးမောပြီး ဓါတ်ပုံတွေ ရိုက်ဖြစ်တာပါပဲ ...။ အခုမှ ပြန်နောင်တရမိတာက ဘာကြောင့် ဒီလောက်လှတဲ့ ရှုခင်းတွေကြားမှာ လူပါရောပါပြီး မရိုက်ဖြစ်ခဲ့တာလဲဆိုပြီးတော့ပေါ့ ...။ အခုဆို Facebook မှာ တချို့တင်ထားတဲ့ Prewedding photos တွေမှာဆိုရင် အဲဒီလို တောင်ပေါ်နေရာလေးတွေမှာ ရိုက်တာတွေက သဘာဝအလှတွေနဲ့ ပိုကြည့်ကောင်းသလို ထင်မိလို့ပါ ..။






သွားခဲ့တာ ခဏခဏဆိုတော့ ဓါတ်ပုံတွေက အများကြီးပဲ...။ ဒါပေမယ့် မြန်မာပြည်မှာတုန်းက အင်တာနက်က အဲလောက် အခြေအနေမပေးတော့ Blog မှာ မတင်ဖြစ်ခဲ့ဘူးလေ..။ ဒီနေ့မှ ဓါတ်ပုံတွေပြန်ကြည့်ရင်း ဒီပုံလေးတွေ Share ချင်တာရယ်၊ Post တစ်ခုလောက်ရေးချင်တာရယ်၊ ဘာရေးရမှန်းမသိ.. အာရုံမရတာရယ်ကြောင့် ရှိတဲ့ပုံတွေ တင်တော့တာပေါ့ ..။ အပေါ်ကပုံတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ရိုက်ထားခဲ့တာ..။ ပန်းနှမ်းခင်းတွေ..။ တကယ်က အပြင်မှာ မြင်ရတာက ဓါတ်ပုံထဲကထက် ပိုလှတယ် ...။ ကင်မရာက သိပ်မကောင်းလို့သာ ဒီလောက်ပဲ ပုံထွက်တာ..။ ကင်မရာကလည်း ဝယ်မယ်ဆိုပြီး ခုထိ ကောင်းကောင်းကန်းကန်း မဝယ်ဖြစ်သေးဘူး ....။

ရွာကလေးက နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာပေါ့ ...။ ရွာသူရွာသားအားလုံးလိုလိုက ဓနုတွေများကြတယ်..။ ဒါပေမယ့် ဓနုစကားတော့ သိပ်မပြောတတ်ကြဘူးတဲ့..။ ဗမာစကားပဲ ပြောတာများပါတယ်...။ အဲဒီနိုဝင်ဘာလမှာ နေကြာရိုင်းလို့ခေါ်တဲ့ အပေါ်က ဓါတ်ပုံထဲက ပန်းလေးတွေလည်း လှိုင်လှိုင်ပွင့်တယ်...။ လမ်းတစ်လျှောက်မှာ နေကြာရိုင်းတွေကို မြင်နေရခြင်းက ပန်းခင်းလမ်းကို သွားနေရသလို ကြည်နူးမှုကို ခံစားမိစေတယ်...။ အဲဒီအချိန်ကာလ နေကြာရိုင်းတွေကို အမှတ်တရအဖြစ် ဝတ္ထုတိုအပိုင်းတစ်ပုဒ်တောင် ဖန်တီးဖြစ်ခဲ့ပါသေးတယ်...။ Link >> Here

မြို့ပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဟန်ဆောင်မျက်နှာဖုံးနဲ့လူတွေ၊ ရှုပ်ထွေးများပြားလှတဲ့ အလုပ်တွေကြားမှာ ရွာလေးတွေကို ရောက်သွားပြီဆိုရင် အနည်းနဲ့အများတော့ စိတ်ထဲမှာ ငြိမ်းချမ်းသွားခဲ့တယ် ...။ ရွာသူရွာသားတွေရဲ့ ရိုးသားမှုတွေဟာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ဟန်ဆောင်မှုမရှိ ထင်ဟပ်နေခဲ့တယ် ...။ အချို့တော့လည်း မြို့နဲ့ အကူးအသန်းများသူဆိုရင်တော့ ရွာသားလူလည်ပုံစံမျိုးတော့ ရှိတာပေါ့လေ...။ ဒါပေမယ့် အများစုက ရိုးသားသူသာများကြပါတယ်.....။ ရှမ်းဆန်စေးစေးနဲ့ ထမင်း၊ အသားမပါတဲ့ ဟင်းပွဲတွေဟာ ကျမအတွက်တော့ စားသောက်ဆိုင်ကြီးတွေထက် ပိုပြီး အရသာတွေ့စေတယ်ထင်မိပါတယ်..။ ကျမကြိုက်တတ်လို့ ခဏလာတဲ့အချိန်တိုင်းချက်ကျွေးတတ်တဲ့ အိမ်ရှင်အဒေါ်ရဲ့ ဟင်းထုပ်၊ မုန်ညင်းဆော၊ ပဲပြုတ်ကြော်၊ အသားတုကြော်၊ ကြက်ဥကြော်စတာတွေဟာ အသားမပါ၊ ဆီနည်းနည်းနဲ့ တကယ်ကို အရသာရှိလှပါတယ်..။ ဟင်းထုပ်ကိုသုပ်ပြီးကျွေးတာကို တော်တော်ကြိုက်ခဲ့လို့ လုပ်နည်းမေးခဲ့ပြီး အိမ်မှာ ပြန်လုပ်ကျွေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တွေ၊ စာတွေကြားထဲ အခုထက်ထိ မလုပ်ဖြစ်ခဲ့ပါဘူး..။

တကယ်ဆို အိမ်မှာက ဟင်းထုပ်လုပ်ချင်ရင် ရဲယိုရွက်တွေလည်း အဆင်သင့်ရှိတယ်လေ...။ ဒါပေမယ့် Time Management ညံ့တဲ့ကျမဟာ အချိန်မပေးနိုင်လောက်အောင် ညံ့ဖျင်းလွန်းလှတယ်လေ..။


 ဒီရဲယိုပင်တွေက အိမ်မှာ အဖေစိုက်ထားတဲ့အပင်တွေ..။ တစ်ရက်လောက်မှ အိမ်က Home Garden အကြောင်း စာတစ်ပုဒ်လောက် ရေးရဦးမယ်..။
 ++++++++++++++++++++++

Follow Us @soratemplates