Saturday, 30 November 2013

အိပ်မက်အလွန် ~~~

November 30, 2013 3 Comments


အိပ်မက်ကနေ ရုတ်တရက်နိုးလာခဲ့တော့ ထူးဆန်းမှုတစ်ခုကို သတိထားမိခဲ့တယ်...။ ဟိုအရင်ကတော့ အိပ်မက်မက်တဲ့အခါတိုင်း ... အာရုံထဲမှာ ထင်ကျန်နေဆဲ နေရာတစ်ခု၊ အဲဒီနေရာမှာရှိနေကျအတိုင်း ကန်ရေပြင်ကျယ်တစ်ခုရယ်၊ တောင်တက်လမ်းတစ်ချို့ရယ်၊ ရေတမာပင်တွေရယ်၊ ရယ်မောပျော်ရွှင် နေကြတဲ့ လူငယ်တစ်စုရယ် .. ဒါတွေကို အစွဲပြုပြီး ပြင်မြင်ယောင်နေလေ့ရှိခဲ့တယ် ...။ ဒီနေ့လည် အိပ်မက်ထဲမှာတော့ မက်နေကျအတိုင်း အဲဒီနေရာမှာ . အဲဒီမြင်ကွင်းတွေနဲ့ သူငယ်ချင်း အပေါင်းအသင်းများနဲ့ ရယ်မောကြည်စယ်နေကြပေမယ့် အရင်က အိပ်မက်တွေထဲမှာ တွေ့နေကျ မျက်နှာတစ်ခုကို ဒီတစ်ကြိမ်တော့ လုံးဝမမြင်ခဲ့ရတာပါပဲ ....။

အိပ်မက်ထဲမှာ တွေ့နေကျလူငယ်တစ်စုထဲကနေ လူတစ်ယောက်ကို လုံးဝမပါဝင်တော့လောက်အောင် မက်လာတဲ့အိပ်မက်က တမင်မေ့ဖျောက်အောင် ကြိုးစားမိလို့ ... ပျောက်သွားတာ မဟုတ်တာတော့ အသေအချာပါပဲ ..။ ဟုတ်ပါတယ်.... သူ့ကို မေ့ပစ်ဖို့ ... အတွေးထဲကနေ ထုတ်ပစ်လိုက်တော့ဖို့ ... တကူးတကတော့ သူမ မကြိုးစားခဲ့ပါဘူး ...။ ဖြစ်နိုင်တာတစ်ခုကတော့ သူမဘ၀ထဲကနေ ထွက်ခွာသွားပြီးသားသူတစ်ယောက်ကို အတွေးတွေ စိတ်ကူးတွေ အိပ်မက်တွေ ထဲကနေပါ အပြီးအပိုင်ထွက်ခွာသွားသင့်ပြီဆိုတာကို ... အများပြောသလို ကိုယ်စောင့်နတ်က သတိပေးလိုက်ခြင်းများ ဖြစ်နေလေမလား .....။

“သူ နေကောင်း အဆင်ပြေနေပါတယ်” ...လို့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ရင်း ပြောလာခဲ့တော့ .. “ဘယ်သူ့ကိုပြောနေတာလဲဟင်” လို့ စိတ်ရင်းအတိုင်း သူမ ပြန်မေးမိခဲ့တယ်...။ အဲဒါ အမှန်တကယ်ပါ .... သူငယ်ချင်းက ဘယ်သူ့ကို ရည်ရွယ်ပြောနေတာလဲဆိုတာကို သူမေ၀၀ါးသွားတဲ့အထိ အတွေးထဲမှာ သူမရှိတော့တာတော့ အသေအချာပါပဲ ..။ “နင် တကယ်ပဲ မေ့နိုင်သွားပြီထင်တယ် .. ဒါလည်း ၀မ်းသာစရာပါပဲ” လို့ သူငယ်ချင်းက ပြန်ပြောပါတယ် ...။ 

လူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ ..သူနဲ့ပတ်သက်တဲ့အရာရာကို ဖျက်ဆီးပစ်မှသာရမယ်ဆိုရင် ဒီတစ်သက်လုံး ... အဲဒီလူတစ်ယောက်ကို မေ့သွားဖို့ ဖြစ်နိုင်မယ်မထင်လှဘူး ...။ ဘာကြောင့်ဆို  သူမနံဘေးအရာရာက သူနဲ့ပတ်သက်နေဆဲဖြစ်နေလို့ပါပဲ ..။ အပေါင်းအသင်းသူငယ်ချင်းတွေ ... လျှောက်နေကျလမ်းတွေ .. သောက်နေကျ ကော်ဖီ .. မြင်နေကျမြင်ကွင်းတွေ .. နောက်ဆုံး အတူရှုရှိုက်ဖူးတဲ့လေထုတစ်ခုတည်း အောက်မှာ နေနေရတာ မဟုတ်လား ....။ သိပ်တော့ မထူးဆန်းလှဘူးထင်ပါတယ်...။ မေ့ပစ်ဖို့တော့ အထူးအထွေ ကြိုးစားနေဖို့ မလိုအပ်ပါဘူး ..။ ယုတ်စွအဆုံး ... သူ့ရဲ့ဖုန်းနံပါတ်တောင် black list ထဲ ထည့်လိုက်ဖို့ စိတ်ကူးမရှိပါဘူး ..။ ဖုန်းထဲက အသံတစ်ချက်အကြားမှာ  သူမရဲ့စကားသံတွေ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားတဲ့အထိ .. ကျလုဆဲဆဲမျက်ရည်စက်တွေကို မာနနဲ့တင်းခံလို့ ခြေဖ၀ါးပေါ်ကျမလာအောင် တမင်ခေါင်းမော့မိတဲ့ နေ့ရက်တွေ ကျော်လွန်လို့ ..... သူစိမ်းတစ်ယောက်ကို ပြောသလို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောနေတတ်ခဲ့ပြီပဲ ...။ 
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိဂုံးရဲ့အဆုံးသတ်ကတော့ တမင်ကြိုးစားမေ့ဖျောက်နေစရာမလိုဘဲ ..... ဘ၀မှာ မလိုအပ်တော့တဲ့ သူတစ်ယောက်က သူမရဲ့ အာရုံတွေထဲကနေ တစတစကွယ်ပျောက်သွားခဲ့ပြီ ဆိုတာပါပဲ ...။ ဘ၀မှာ သူမရှိရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်လေမလားလို့ .... အတူပျော်ရွှင်ရယ်မောခဲ့ဖူးတဲ့ နေ့ရက်တွေတုန်းက ထင်မှတ်ခဲ့မိပေမယ့် အခုတော့လည်း တစ်ယောက်တည်း ပျော်တတ်နေပြီပဲလေ.......။

Tuesday, 26 November 2013

မပြယ်တဲ့ သစ္စာ ~~~ (၅)

November 26, 2013 2 Comments


မရောက်တာကြာပြီဖြစ်တဲ့ နေရာဟောင်းတစ်ခုကို မထင်မှတ်ဘဲ ပြန်ရောက်မိတော့ သူမကို အမှတ်ထင်ထင်သတိရနေမိပြန်တယ်....။ အတိတ်ကာလတစ်ချိန်တုန်းကတော့ ဒီနေရာမှာ သူမနဲ့ သူမဟုတ်တဲ့ အခြားသူတစ်ယောက် ရွှေလက်တွဲလို့ ပျော်ဖူးချိန်မှာ သူကတော့ လူမသိသူမသိ ကြေကွဲဝမ်းနည်းခဲ့ဖူးတာပေါ့ ..။ အဲဒီတုန်းက သူမကိုနာကျည်းခဲ့သလားဆိုတော့လည်း ရင်ထဲကအချစ်ကို သူမ သိအောင်ဖွင့်မပြောရဲခဲ့တဲ့ သတ္တိနည်းသူတစ်ယောက်အဖြစ်သာ မိမိကိုယ်ကို အပြစ်တင်ခဲ့သူဟာ သူတစ်ယောက်သာ ဖြစ်ခဲ့ပါတယ်..။ နာကျည်းမုန်းတီးခဲ့ရအောင် သူမနဲ့ သူက ဘာမှပတ်သက်ဆက်စပ်မှုမျိုးမှ ရှိခဲ့ကြတာမဟုတ်ဘဲ ...။

ဒီအချိန်ဆိုရင် သူရောက်နေတဲ့ ဒီမြို့လေးမှာ နေကြာရိုင်းတွေ ပွင့်နေတတ်ပြီလေ...။ တယုတယပြုစုပျိုးထောင်ပြီး လှလှပပဖူးပွင့်လာတတ်တဲ့ပန်းပွင့်လေးတွေထက် ပန်းရိုင်းပွင့်တွေကို ပိုချစ်တတ်တဲ့သူမကတော့ ဒီပန်းခိုင်လေးတွေကို ချစ်တတ်ဦးမှာပဲလို့ သတိရမိပြန်တယ်...။
ကိုယ် မင်းဆီကို လာခဲ့မယ် ဟန်နီ.. မင်းချစ်တတ်တဲ့ ပန်းရိုင်းလေးတွေ လက်ဆောင်ပေးရင်းပေါ့ ..။ အတွေးနဲ့တင် ကြည်နူးမိလို့ သူမဟာ သူ့အတွက်တော့ ပျော်ရွှင်ခြင်းတွေ ဆောင်ကြဉ်းပေးတဲ့ နတ်သမီးတစ်ပါးပါပဲ ...။ အေးဆေးညင်သာစွာပြောတတ်တဲ့ စကားလုံးတိုင်းရဲ့နောက်ကွယ်မှာ သူမရဲ့ အကြင်နာတစ်ချို့ကို မိမိရရဖမ်းဆုပ်မိဖို့ ကြိုးစားတတ်တာ သူ့ရဲ့မျှော်လင့်ချက်တစ်ခု ဖြစ်နေတတ်ပြန်တယ်...။ 

မြူခိုးတွေဝေနေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ မြို့အထွက်လမ်းတစ်လျှောက်က နေကြာရိုင်းပွင့်တွေကို ဓါတ်ပုံရိုက်ရင်းသူမအတွက် ပျော်ရွှင်မှုတချို့ကို ဆောင်ယူသွားနိုင်တော့မယ်ဆိုတဲ့အတွေးနဲ့ ပျော်ရွှင်နေမိတယ်...။ အများနဲ့မတူတဲ့သူမက ပန်းပင်ကိုချိုးနှိမ်လို့ ပန်းပွင့်တွေကို ဖယ်ရှားသယ်ဆောင်လာတာထက် အပင်ပေါ်မှာပဲ သဘာဝအတိုင်း ရှိနေပြီး ပန်းပွင့်လေးတွေ လှပလန်းဆန်းနေတာကို ပိုချစ်တတ်သူမဟုတ်ပါလား ...။


ဒီဓါတ်ပုံတွေက မင်းအတွက် ရိုက်လာပေးခဲ့တာ” ဆိုတော့ ပျော်ရွှင်သွားတဲ့သူမက အပူအပင်ကင်းမဲ့တဲ့ ပီဘိကလေးတစ်ယောက်လိုပါပဲ ..။ သူမကို အမြဲတမ်းပျော်ရွှင်နိုင်အောင် ဖန်တီးပေးနိုင်ဖို့ ဆုံးဖြတ်ချက်က သူ့ရဲ့အိပ်မက်တစ်ခုဖြစ်လာခဲ့တယ်..။ သူမ နှစ်သက်တတ်တဲ့အရာတွေကို တဖြည်းဖြည်းချင်းသိလာအောင် ကြိုးပမ်းရခြင်းမှာ ပျော်မွေ့လာတတ်တယ်..။ စကားပြောရင် ဟန်ဆောင်မှုမရှိ .. ပကတိအတိုင်းပြောတတ်တဲ့သူမရဲ့ စကားလုံးတွေကို ဟိုးအရင်ကထက်စွဲလမ်းလာခဲ့ပြန်တယ်...။ တစ်ချိန်တုန်းက သူမရဲ့ ဒီလိုစကားသံလေးတွေကို အမြဲကြားနိုင်အောင်မှ မစွမ်းဆောင်နိုင်ခဲ့တာပဲလေ....။

ကိုယ် ခရီးသွားရင် အလုပ်တစ်ခုထပ်တိုးလာပြီ ..။ ကိုယ် မင်းကို လွမ်းနေရတော့မယ်” ဆိုတဲ့ သူ့ရဲ့ရေရွတ်သံနောက်မှာ .. သူမရဲ့ တိုးတိတ်ညင်သာတဲ့စကားလုံးတွေက ထပ်ဆင့်ပါလာခဲ့တယ်...။ “မလိုအပ်ဘူးထင်ပါတယ်...။ လွမ်းတယ်ဆိုတဲ့ စကားလုံးမျိုး သုံးရလောက်တဲ့ ပတ်သက်မှုမျိုး မဟုတ်ဘူးလေ ...၊ အာရုံတွေ အများကြီး ဖြန့်ကျက်ဖို့ မကောင်းပါဘူး ... အလုပ်က အရေးကြီးဆုံးဖြစ်သလို ..အဲဒီအလုပ်နဲ့ထပ်တူ အရေးကြီးတာတွေလည်း ရှိသေးတယ်မဟုတ်လား” တဲ့ ...။ 
မဟုတ်ဘူး ..ဟန်နီ .. ကိုယ့်အတွက်ကတော့ တာဝန်တွေနဲ့ထပ်တူ မင်းက အရေးအကြီးဆုံးပဲ ... ။ ကြိုးစားနေတဲ့အလုပ်တွေတိုင်းက မင်းနဲ့နီးစပ်ဖို့ လှမ်းနေတဲ့ခြေလှမ်းတွေ...” လို့ ပြောခဲ့တဲ့ သူ့ရဲ့တုန့်ပြန်စကားတွေကို သူမက မသိကျိုးကျွန်ပြုခဲ့ပြန်တယ်...။


ကမ်းမမြင်လမ်းမမြင်တဲ့ ရေလှိုင်းတွေကြားမှာ ... တာဝန်တွေကြားကနေပဲ .... သတိရမိသူက သူမတစ်ယောက်သာ ....။ ဖြစ်နိုင်ရင် .... ဒီရေပြင်ကို လက်ပစ်ကူးလို့ ... သူမရှိတဲ့အရပ်ကို ရောက်အောင် သွားချင်မိပါရဲ့..။ လေလှိုင်းတွေကြားက ... စကားသံတွေမှာတော့ ... စိုးရိမ်ပူပန်စိတ်ကို ဖုံးလွှမ်းခြင်းငှာ ... မတတ်သာတော့ပြီလားထင်မှတ်ရလောက်အောင်  .. သူမရဲ့ ဂရုဏာတချို့ကို ခံစားသိရှိလာခဲ့ပါတယ်...။
ဒီတစ်ကြိမ်တော့ လှမ်းလာခွင့်ပြုပါ ဟန်နီ .... ကိုယ့်ခြေလှမ်းတွေအားလုံးဟာ ... မင်းဆီကိုပဲ ဦးတည်နေတာပါ ....။ သူမနဲ့ ပြန်တွေ့ချိန်ကစလို့ .... ပြန်ရှင်သန်လာတဲ့ မျှော်လင့်ချက်အိပ်မက်တစ်ခုကိုတော့ ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တာ သေချာနေပါပြီ ....။ 


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ရေးလို့မပြီးနိုင်သေးတဲ့ ၀တ္ထုတစ်ပုဒ်ပေါ့ ...။ တနေ့နေ့တော့ အဆုံးသတ်ကို ရေးနိုင်ကောင်းပါရဲ့ :D




Monday, 11 November 2013

မေရယ် မီရယ် မြိုင်ရယ် ...

November 11, 2013 7 Comments


အောက်တိုဘာလ ရွှေအမြုတေမဂ္ဂဇင်းမှာ ၁၉၈၀ ၀န်းကျင်လောက်က ဆရာမင်းလူနဲ့ အင်တာဗျူးတစ်ခုကို ပြန်ဖော်ပြထားတာနဲ့ ဖတ်ဖြစ်ခဲ့တယ်...။ အဲဒီအင်တာဗျူးကို ဖတ်ဖြစ်လိုက်တော့ ဆရာ့ရဲ့ စာပေနဲ့ပတ်သက်တဲ့ အရည်အချင်း၊ ခံယူချက်၊ ပါရမီတွေကို ပိုသိခွင့်ရခဲ့တော့ ပိုပြီး အထင်ကြီးလေးစားလာမိသလို မြန်မာစာပေလောကမှာ အဖိုးတန်တဲ့ပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားတာကို ပိုပြီး နှမြောမိလာတယ်..။
အဲဒီအင်တာဗျူးမှာ ဆရာပြောသွားတဲ့အချက်တွေထဲက ကာရံမဲ့ကဗျာတွေအကြောင်း၊ နောက်ပြီး ဇာတ်ကောင်တွေရဲ့ သဘောသဘာဝတွေအကြောင်းကို ပိုသိခွင့်ရလာတယ်..။ ဒီအကြောင်းကို နောက်မှ review တစ်ခု ထပ်ရေးပေးပါဦးမယ်...။မဖတ်ရသေးသူတွေ မြည်းစမ်းခွင့်ရဖို့အတွက်ပါ ...။

ဝတ္ထုတွေ ဇာတ်လမ်းတွေ ရေးတဲ့အခါ ဇာတ်ကောင်တွေမှာ ပုံမှန်အားဖြင့် ၂ မျိုး ရှိတတ်ပါသတဲ့..။ စရိုက်သေဇာတ်ကောင်နဲ့ စရိုက်ရှင်ဇာတ်ကောင်လို့ခေါ်ကြပါတယ်..။ စရိုက်သေဇာတ်ကောင်ဆိုတာမျိုး က တမင်ဖန်တီးယူထားတဲ့ဇာတ်ကောင်မျိုး၊တနည်းအားဖြင့်အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထ  တွေ့လေ့တွေ့ထ မရှိရဘဲ ဇာတ်လမ်းတွေထဲမှာပဲ တွေ့ရတတ်တဲ့လူစားမျိုး...။ အဲဒီလိုလူစားမျိုးဆိုတာ ပြစ်မျိုးမှဲ့မထင်အလှပိုင်ရှင်၊ ၁၀၀ % အပြစ်ကင်းစင်သူ၊ အရည်အချင်းမှာ သူမတူလောက်အောင် ထက်မြတ်ထူးချွန်နေတတ်ပြီး ချမ်းသာလွန်းသူ၊ အထူးသဖြင့် ပြင်ပလောကမှာ တွေ့ရလေ့ရှိတဲ့ လူတန်းစားမျိုးနဲ့ လုံးဝကွာဟနေတတ်ပြီး ဇာတ်လမ်းထဲမှာ ဇာတ်ကောင်အဖြစ်ပဲ ဖန်တီးထားတဲ့ ဇာတ်ရုပ်တွေကို စရိုက်သေဇာတ်ကောင်လို့ခေါ်ပါသတဲ့..။ အဲဒီလိုဇာတ်ကောင်မျိုးဟာ ပုံစံခွက်ထဲ ထည့်သွင်းထားသလိုမျိုး စာရေးသူက လိုသလို ပုံသွင်းလို့ရတဲ့ ဖန်တီးထားတဲ့အရာတွေပါပဲ..။

စရိုက်ရှင်ဇာတ်ကောင်ဆိုတာက ပြင်ပလောကက လူတွေလိုပဲ ... သွားလာလှုပ်ရှားတယ်...။ စကားပြောတယ်..။ အမှားမကင်းဘူး..။ သူ့ကိုမြင်မိဖတ်မိလိုက်တာနဲ့ ကိုယ်တွေ့ဖူးဆုံဖူးတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ခံစားရတယ်..။ ဘာကြောင့်ဆို ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတတ်တဲ့ သဘာဝတွေကိုပဲ ပုံဖော်ထားတာမျိုးပဲကိုး...။ သူတို့ဟာ အလှမှာလဲ စံတင်လောက်တဲ့အလှပိုင်ရှင်မျိုးဖြစ်ချင်မှလည်း ဖြစ်နိုင်သလို လူ့သဘာဝအရ အမှားတွေ အလွဲတွေ လည်းလုပ်တတ်ကြတာပဲ ..။ တကယ်တမ်းစာရေးလာပြီဆိုရင် စာရေးဆရာက အဲဒီစရိုက်ရှင် ဇာတ်ကောင်ရဲ့ စေစားရာ၊ ခံစားရာနောက်ကို လိုက်ပြီး အလိုက်သင့်စီးမျောရေးသွားရတာမျိုးပါ....။ စာတွေဖတ်ရင်း အဲဒီဇာတ်ကောင် ၂ မျိုးကို ခွဲခြားသိလာတယ်..။ အထူးသဖြင့် ဆရာမင်းလူရဲ့ ၀တ္ထုတွေမှာဆိုရင် စရိုက်ရှင်ဇာတ်ကောင်တွေပဲ အများဆုံးတွေ့ရတတ်တယ်..။ သူတို့က လူ့သဘော လူ့သဘာဝနဲ့လည်း နီးစပ်တာကိုးး...။

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ဖတ်ဖြစ်ခဲ့တဲ့ ၀တ္ထု ၃ ပုဒ်ရှိတယ်..။ အဲဒီ ၃ ပုဒ်က နာမည်ဆင်သလို အကြောင်းအရာချင်းလည်း ဆင်တူတယ်..။ တော်တော်များများလည်း သိဖူးဖတ်ဖူးကြမှာပါ..။ ဆရာ ဒဂုန်တာရာရဲ့ မေရယ် မြိုင်ရယ်.. ပြီးတော့ ဆရာမကြီး ကြည်အေးရဲ့ မီ ဆိုတဲ့ ၀တ္ထုတွေပါ ..။ မေရယ် မီရယ် မြိုင်ရယ် .. ၃ ယောက်လုံးက အမျိုးသမီးတွေ ... အထူးသဖြင့် .. မိန်းမတွေကြားမှာ တွေ့ရလေ့ရှိတဲ့ စရိုက်တစ်မျိုးရှိတဲ့ မိန်းမတွေပါပဲ ..။ အများအားဖြင့် ၀တ္ထုတွေမှာ တွေ့ရလေ့ရှိတဲ့ မိန်းကလေးဇာတ်ကောင်တွေက အလွန်လှပသူ၊ ဟန်ဆောင်မာယာပရိယာယ်တွေမရှိတဲ့ ရိုးသားအပြစ်ကင်းစင်သူ၊ လိမ်လည်လှည့်ဖျားမှုမရှိသူ စတာမျိုးတွေပဲ ဖြစ်နေတတ်ပါတယ်..။ ဒါပေမယ့်လည်း တကယ့်ပြင်ပလောကမှာတော့ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို မိန်းမဆိုရင် အဲဒီလို အမျိုးအစားတစ်မျိုးတည်း ရှိတတ်တာမဟုတ်ပြန်ဘူးလေ..။ အဲဒီလို သမားရိုးကျ ဇာတ်ကောင်တွေကို ပုံဖော်ထားတာမျိုးမဟုတ်ဘဲ .. မိန်းမတွေကြားမှာ တွေ့ရလေ့ရှိတဲ့ နောက်ထပ် စရိုက်တစ်မျိုးကို စာရေးဆရာ ၂ ယောက်က သရုပ်ဖော်ရေးသွားခဲ့တာက စားနေကြအရသာ တစ်မျိုးကနေ နောက်ထပ်ဆန်းသစ်တဲ့ အရသာကို ခံစားရသလိုမျိုး စာဖတ်သူတွေကို ခံစားမိစေပါတယ်..။ ၀တ္ထု ၃ အုပ်မှာ ပထမဆုံးဖြစ်တဲ့ မေ ၀တ္ထုမှာ ရေးထားတဲ့ အမှာစာလိုပေါ့ “ ကမ္ဘာ့စာပေမှာ နာမည်ဆိုးနှင့် ကျော်ကြားသည့် ဇာတ်လိုက်မ အင်နာကရင်နီနာ၊ မဒမ်ဗိုဘာရီ စသည်တို့ကဲ့သို့ မြန်မာဝတ္ထုထဲက ဇာတ်လိုက်မ မေ သည်လည်း နာမည်ဆိုးနှင့် ကျော်ကြားသည်ဟု ဆိုရမည်လားမသိပေ။ မေ ၀တ္ထုကို ဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်သည်နှင့် တူလေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အရသာမှာ အခြားအစာ အာဟာရများလို ဒါချည်း ...ဒါချည်းမဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းကနဲ ဖိန်းကနဲဖြစ်သွားသောကြောင့်ဖြစ်သည်” 

မေ ၀တ္ထုဆိုရင် လေးခါလောက် ပြန်ပုံနှိပ်ရသလို မီရယ် မြိုင်ရယ်လည်း နောက်ထပ်ပုံနှိပ်ထုတ်ဝေခဲ့ရပြီး ပရိသတ်တွေကို အမြင်တစ်မျိုး အရသာတစ်မျိုးနဲ့ ဖမ်းစားနိုင်ခဲ့ကြပါတယ်...။ မေ က ဆရာကြီး ဒဂုန်တာရာရဲ့ ပထမဆုံးဝတ္ထုရှည်ဖြစ်ပြီး အဲဒီခေတ်အဲဒီအခါက ပရိသတ်တွေကြားမှာ ပြောစမှတ်တွင်ခဲ့တဲ့ အရေးအသားအသစ်အဆန်းတစ်မျိုးဖြစ်သလို စာရေးသူရဲ့ ပါးနပ်တဲ့အရေးအသား လှည့်ကွက်တွေကြောင့် မေ ဆိုတဲ့ မိန်းကလေးက ယုတ်ညံ့သိမ်ဖျင်းတဲ့မိန်းကလေးတစ်ယောက် ဖြစ်မသွားခဲ့တာပါပဲ ..။ နောက်တော့ ဆရာက မြိုင် ဆိုတဲ့ ၀တ္ထုကို ထပ်ရေးတယ်..။ ဒီမှာတော့ စရိုက်က မေ နဲ့ သိပ်မတူပေမယ့် .. မြိုင် ဆိုတာလည်း မိန်းမထဲက မိန်းမပါပဲ ..။ သူ့မှာ မနာလိုစိတ်ရှိတယ်.. အခြားသူနဲ့ ယှဉ်လိုက်ရင် သူမကိုပဲ ဦးစားပေးတာကို ခံချင်တဲ့ မိန်းမဆန်လွန်းတဲ့ဉာဉ်ကလေးရှိတယ်... သူမ နေရာရဖို့အတွက် အခြားသူကို အပုပ်ချချင်တဲ့ စိတ်ဓါတ်ကလေးရှိတယ်..။ မီ ဆိုတာကတော့ ဆရာမ ကြည်အေးရဲ့ လက်ရာတစ်ပုဒ်ပေါ့...။ မီ မှာတော့ အမှာစာရေးပေးတာက ဆရာဒဂုန်တာရာပါ..။ မီ ကလည်း လှပတဲ့ မိန်းကလေးတစ်ယောက်.. အဆိပ်ပြင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲ..။ 

မေရယ် မီရယ် မြိုင်ရယ် ..။ သူတို့က ဘယ်လို မိန်းကလေးတွေလဲ ..။ အပြင်ပန်းကြည့်လိုက်ရင်တော့ မူယာမာယာများတဲ့ မိန်းကလေးတွေ... အဆိပ်ပြင်းလွန်းတယ်... လှပတယ်..။ ဒါပေမယ့် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်စရိုက်လက္ခဏာတွေရှိတယ်..။ တူမယောင်နဲ့ မတူကြပါဘူး...။ မေနဲ့ မီ ကတော့ နည်းနည်းဆင်တူကြတယ်... သူတို့ရဲ့ ဘ၀ပေးအခြေအနေကြောင့် အဆိပ်ပြင်းတဲ့ ပန်းပွင့်တွေဖြစ်ကုန်ကြတာပါပဲ ..။ မြိုင်ကတော့ တစ်မျိုးထူးခြားတယ်.. သူက မိန်းမဆန်လွန်းတဲ့မိန်းမ..။ တနည်းအားဖြင့် မုဒိတာမပွားနိုင်သူ၊ မနာလိုစိတ်ရှိသူ၊ လောဘကြီးလွန်းသူ လို့ ဆိုနိုင်တယ်..။ သူမဆီမှာ ပိုင်ဆိုင်နေပေမယ့်လည်း အဲဒီလို ပိုင်ဆိုင်မှုမျိုးကို အခြားသူရယူသွားမှာကို ၀န်တိုလွန်းပြီး မနာလို မရှုစိမ့်ဖြစ်တတ်သူမျိုးပါ..။ အဲဒီတော့ သူမ မျက်နှာရဖို့အတွက် အခြားသူတစ်ဦးတစ်ယောက်ကို ချောက်ချပြီး မကောင်းပြောရမှာ ၀န်မလေးတဲ့ မိန်းကလေးမျိုးလို့ထင်မိတယ်..။ ဒီလိုလူမျိုးဆိုတာ အပြင်လောကမှာလည်း တွေ့ရလေ့ရှိပါတယ်..။ အဲဒါကြောင့်လည်း သူတို့ ၃ ယောက်ကို စရိုက်ရှင်ဇာတ်ကောင်တွေလို့ သတ်မှတ်ဖြစ်တာပါ..။
မီ ကတော့ တစ်မျိုးပေါ့ .. “ မီ့မှာ ပုံပြင်တွေအများကြီးရှိတယ်..။ လူတစ်ယောက် ပုံတစ်မျိုးပြောတာပဲ..။ လူတိုင်းယုံတာပဲ ..။ လူတိုင်းဟာ သူ့နောက်ကို တကောက်ကောက်လိုက်တယ်..။ ဒီအထဲမှာ သူရွေးတာပဲ ..။ သူ့ကို အစစအရာရာမှာ ဖောဖောပံ့ပိုးပေးနိုင်မယ့်လူဆိုပါတော့ ..။ အဆိုးဆုံးတော့ဗျာ.. မီဟာ ဒီလိုလူမျိုးနဲ့တွဲပြီး မိန်းမတွေကြောက်တဲ့ဟာဟူသမျှကို လျှောက်လုပ်တယ် .. ဒါပဲ ..”

ဒီလောက်ဆိုရင် ဒီမိန်းကလေး ၃ ယောက်ကို သိလောက်ပြီထင်ပါတယ်..။ လူထဲက လူတွေအကြောင်း သရုပ်ဖော်ရေးဖွဲ့ထားတဲ့ ဒီလို ဇာတ်လမ်းမျိုးတွေကို ဖတ်မိတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းအရာတချို့နဲ့ တိုက်ဆိုင်သွားတတ်တဲ့အချိန် သူတို့ကို အမှတ်ထင်ထင်ဖြစ်နေတတ်ပြန် တယ်..။ ပြီးတော့ စာရေးတဲ့နေရာမှာ ပါရမီထူးလွန်းတဲ့ စာရေးဆရာ ၂ ယောက်ရဲ့ အရေးအသား ဖြစ်တာကြောင့်လည်း စိတ်ထဲမှာ စွဲမိနေတာဖြစ်ပါလိမ့်မယ်..။ သေချာပါတယ်.. မဖတ်ရသေးသူတွေသာ ဒီဝတ္ထုတွေကို မြည်းစမ်းကြည့်လိုက်မယ်ဆိုရင် ခံစားနေကျရသနဲ့မတူတဲ့ တစ်မျိုးထူးခြားတဲ့ အရသာသစ်ကို တွေ့ရမှာပါ ..။ (သေချာတာက အတော်များများဖတ်ဖူးပြီးလို့ ကျွန်မက အတော်နောက်ကျမှ ဖတ်ဖြစ်သူဖြစ်ချင်ဖြစ်နေဦးမှာ :D )

Follow Us @soratemplates