Monday, 21 October 2013

ချန်ရစ်မိသော ပန်းတစ်ပွင့်အကြောင်း ~~~

October 21, 2013 7 Comments


တနေ့က စာအုပ်ဆိုင်ရောက်ရင်း ၀ယ်လာဖြစ်တဲ့စာအုပ်တွေထဲက ပေါ့ပေါ့ပါးပါးစာအုပ်လေးတစ်အုပ်ကို ဖတ်ဖြစ်ခဲ့တယ်..။ ပေါ့ပေါ့ပါးပါးဆိုတာက ဦးနှောက်အများကြီးသုံးပြီး ဖတ်စရာမလိုတဲ့ ရသစာအုပ်တစ်အုပ်ဖြစ်လို့ပါ..။ စာအုပ်အမည်က “တစ်ပွင့်ကျန်” တဲ့..။ ဆရာဝန်စာရေးဆရာ လင်္ကာရည်ကျော် ရေးတဲ့ဝတ္ထုလတ်တစ်အုပ်ပေါ့..။ ဆရာက ၀တ္ထုတွေအများကြီးတော့ ရေးလေ့မရှိပါဘူး..။ ဒါပေမယ့် ရေးလိုက်တဲ့ဝတ္ထုတိုင်းကိုတော့ စနစ်တကျ သေသေသပ်သပ်ရေးလေ့ရှိသလို ရေးတဲ့ပုံစံက အများနဲ့သိပ်မတူဘဲ ထူးခြားပါတယ်...။ အထူးသဖြင့် ဇာတ်လမ်းဇာတ်ကွက်ကို တစ်ခုချင်းတိတိကျကျပုံဖော်ရေးတာမျိုးမဟုတ်ဘဲ တချို့နေရာတွေမှာ စာဖတ်သူတွေက အလိုအလျောက်နားလည်လိုက်ရတဲ့ ဇာတ်ကွက်မျိုးတွေလည်း တွေ့ရပါတယ်..။ အခုဖတ်မိတဲ့စာအုပ်မှာ အမှာစာရေးပေးတဲ့ ဆရာမဂျူး သရုပ်ဖော်ပြသလို “ဆရာလင်္ကာရည်ကျော်၏ တစ်ပွင့်ကျန်သည် ဆေးရည်ကျဲကျဲ၊ စုတ်ချက်ပါးပါးနှင့် ခပ်သွက်သွက်လေးသာ တို့ထိထားသော ရေဆေးပန်းချီကားတစ်ချပ်နှင့် ပမာတူသည်၊ အသေးစိတ်ကို မဖော်ပြ၊ ဇာတ်ကွက်တစ်ခုချင်း၏ စီးဆင်းမှုက တော်တော်မြန်နေသည်၊ ဒါကြောင့် ကျွန်မတို့ မမြင်နိုင်၊ မှန်းဆပြီးသာ ကြည့်ရပါသည်” ဆိုသလိုပါပဲ ..။

 ဒါပေမယ့်လည်း သေချာဖတ်မိလိုက်ရင် ဇာတ်ကွက်တစ်ခုချင်းစီက ချိတ်ဆက်မိပြီး ... ပညာပေး၊ လူသားချင်းစာနာထောက်ထားမှု၊ ယောကျာ်းလေးနဲ့ မိန်းကလေး သူစိမ်းတွေကြားမှာ တွေ့ရတတ်တာ ပူလောင်တဲ့အချစ်တစ်ခုတည်းသာ မဟုတ်ဘဲ ... သူငယ်ချင်းဆိုတဲ့ အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေလည်း ရှိတတ်တယ်ဆိုတာမျိုး စသဖြင့် ရသရော သုတရော ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ ..။ အဲဒါကြောင့်လည်း တစ်ခါက ဆရာပထမဆုံးရေးခဲ့တဲ့ ကြိုးကြာတောင်ပံခတ်သံ ဆိုတဲ့ဝတ္ထုရယ် နောက်ထပ်ရေးခဲ့တဲ့ ဒေါက်တာရွှေသွေးနှင့် မအေးမှုံ ဆိုတဲ့ ၀တ္တု ၂ အုပ်ုစလုံးက အမျိုးသားစာပေဆုတွေ ရခဲ့တာပဲပေါ့..။

ဆရာရေးတဲ့ပုံစံကို ကြိုက်မိတဲ့နောက်အချက်တစ်ခုကတော့ ဖွဲ့ထားတဲ့စာသားတွေရဲ့ ရိုးရှင်းမှုပါ..။ တချို့စာဖတ်သူတွေ ချက်ချင်းနားမလည်လောက်အောင် အလင်္ကာတွေနဲ့ ခမ်းခမ်းနားနားတန်ဆာဆင်ထားတာမျိုးမပါဘဲ ... ဖတ်လိုက်တဲ့သူတိုင်းအများကြီးတွေးစရာမလိုဘဲ နားလည်နိုင်လောက်တဲ့ရိုးရှင်းတဲ့ ဖွဲ့နွဲ့မှုမျိုးတွေပါ..။ အရိုးဆုံးက အဆန်းဆုံးပဲ မဟုတ်လား..။ အဲဒီလို ရိုးရှင်းတဲ့ဖွဲ့နွဲ့မှုကနေတစ်ဆင့် စာရေးသူရဲ့ ဆန်းသစ်တဲ့အတွေးအခေါ်အရေးအသားကို ခံစားသိရှိနိုင်ပါတယ်..။ ဒီဝတ္ထုကို မဖတ်ခင် ဆရာမဂျူးရဲ့ အမှာစာကို ဖတ်လိုက်ရကတည်းက ဒီဝတ္ထုကပြောချင်တဲ့အဓိကအချက်ကို သဘောကျခဲ့မိတာပါ...။ ကိုယ်အရမ်းသဘောကျရတဲ့စာရေးဆရာမက ရေးတဲ့အမှာစာမို့ သေချာဖတ်ဖြစ်ခဲ့ပါတယ်..။ တစ်ခုရှိတာက အမှာစာဖတ်တာနဲ့တင် ဇာတ်လမ်းကို တီးမိခေါက်မိဖြစ်နေပါပြီ...။ အဲဒီတော့ တကယ်ဖတ်ဖြစ်တဲ့အခါ သိပြီးသားဇာတ်လမ်းတစ်ခုကို ပြန်ဖတ်ရသလိုဖြစ်နေတာတော့ တစ်မျိုးပဲပေါ့..။ ဒါပေမယ့်လည်း မဖတ်ရတာကြာနေပြီဖြစ်တဲ့ဆရာမရဲ့ အရေးအသားကို ဖတ်ဖြစ်ခဲ့ရတာမို့ ကျွန်မကတော့ ကျေနပ်မိတာပါပဲ ....။

မဖတ်ခင်ကစိတ်ဝင်စားမိတာက စာအုပ်နာမည်ပါပဲ..။ တစ်ပွင့်ကျန် ဆိုတော့ ပန်းတစ်ပွင့်ကျန်ခဲ့တဲ့အကြောင်းဆိုတာတော့ ခန့်မှန်းမိပါတယ်..။ ဒါပေမယ့် ဘာကြောင့်ကျန်ခဲ့တာလဲ .. မေ့သွားတာလား.. ချန်ထားခဲ့တာလား.. ကျန်နေရစ်တာလား..။ သေချာတာတော့ ပန်းပွင့်တွေအများကြီးကြားထဲမှာ သူတစ်ပွင့်ပဲ ကျန်ရစ်ခဲ့တဲ့သဘောပဲပေါ့..။ ဒါဆိုရင် အခြားပန်းပွင့်တွေကိုတော့ ကောက်ယူသွားပြီး သူတစ်ပွင့်သာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်နေခဲ့တာပေါ့ ..။ ဒီဝတ္ထုထဲမှာထည့်ပြီးဖော်ပြထားခဲ့တဲ့ ဆရာတင်မိုးရဲ့ “လက်ကျန်တစ်ပွင့်” ကဗျာလေးလိုပါပဲ .....
“သခင့်ခြံတွင် တစ်ပွင့်ကျန်သောပန်းကလေး
မခူးအား ဆူးကြားကျန်ရစ်ခဲ့သလော
မခူးရက် ဆူးထက်ချန်ခဲ့လေသလော
မခူးလို ဆူးညိုကြားတွင်
သူ့ကံဟုပင် တမင်စွန့်ခဲ့လေသလော ...” တဲ့....။
ဘာကြောင့်ရယ်လို့ ရေရေရာရာမသိပေမယ့်လည်း ပန်းတစ်ပွင့်ကို မပိုင်လိုက်ရဘဲ ပိုင်ဆိုင်အောင်မကြိုးစားမိဘဲ ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ကြောင်းပါပဲ ...။

အဲဒီလူကတော့ ၀တ္ထုထဲမှာ ပြောသွားခဲ့တယ်...
“နိုင်ငံခြားလာပြီး ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ရုန်းကန်ကြိုးစားချင်တဲ့ မြန်မာလူငယ်တွေကတော့ ငါ့ကို အားကျကြတာပေါ့ဟာ ..။ ငါ့ဘ၀မှာ လိုတာမှန်သမျှရခဲ့တယ်လို့ ထင်ကြတာပေါ့ ..။ တကယ်တော့ ငါ့မှာလည်း မဆယ်နိုင်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ကျန်ခဲ့ပါတယ်..။ အဲဒီပန်းဟာ ကျန်တဲ့လူတွေရဲ့ဘ၀မှာ ပုံမှန်ဆယ်နိုင်ခဲ့တဲ့ပန်း ဖြစ်ချင်လည်း ဖြစ်နေမှာ...။ ငါ့ဘ၀မှာတော့ အရေးကြီးဆုံးကွက်လပ် ဖြစ်နေတာ ဖြစ်ချင်လည်း ဖြစ်နေမှာ ..” 

တကယ်တော့ ဇာတ်လမ်းထဲက ဇာတ်ကောင်ယောက်ျားလေးလိုမျိုး ဘ၀တွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်...။ ဘ၀ရှေ့ရေးအတွက်ကြိုးစားရုန်းကန်ရင်း အောင်မြင်မှုနောက်ကိုလိုက်ပါရင်း ... ချစ်ခြင်းမေတ္တာကို စတေးမိခဲ့တဲ့ဘ၀တွေ ....။ ရာထူးတွေ .. ဂုဏ်အရှိန်အ၀ါတွေ .. ငွေကြေးတွေ .. အောင်မြင်ကျော်ကြားမှုတွေ စတဲ့ ပန်းတွေအများကြီးကို ဆယ်ယူဖို့ကြိုးစားရင်း အဲဒီအရာတွေနောက်တကောက်ကောက်လိုက်ပါလို့ ... နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဘ၀လက်တွဲဖော်နဲ့ လွဲခဲ့တဲ့အဖြစ်အပျက်တွေ ...။ အတုအယောင်ပန်းပွင့်တွေအများကြီးဝိုင်းရံနေရင်းနဲ့ စစ်မှန်တဲ့အချစ်နဲ့ ဝေးမှန်းမသိဝေးကွာသွားရတဲ့ အဖြစ်မျိုးတွေ...။ ဘာကြောင့်ရယ်လို့ ရေရေရာရာအဖြေမရှိပေမယ့်လည်း အနေဝေးတာကြောင့်ပဲလား .... ကံတရားကြောင့်လို့ပဲဆိုရမလား .... အခြားတပါးပရောဂကြောင့်လို့ပဲ အပြစ်ဖို့ရမလား ... ဝေးတာတော့ တစ်သက်လုံးဝေးသွားရတဲ့ ချစ်သူတွေ ..။ ဘ၀မှာ ထိပ်ဆုံးထိရောက်အောင်ကြိုးစားလျှောက်လှမ်းမယ်လို့ ဆုံးဖြတ်ချက်နဲ့ ကြိုးစားရုန်းကန်ရင်း ထိပ်ဆုံးရောက်တဲ့အခါ တစ်ယောက်တည်းရုပ်ဝတ္ထုတွေနဲ့ အထီးကျန်လို့ ..  တစ်သက်လုံးရဲဘော်ရဲဖက်လို အဖော်ပြုပေးမယ့် ချစ်ရသူနဲ့ကွဲကွာသွားခဲ့တဲ့ဘ၀မျိုးတွေ ..။ ထိပ်ဆုံးကိုရောက်တဲ့အခါ အထီးတည်း ဘ၀ကခြောက်သွေ့လို့ ... အောက်ဘက်ကို ပြန်စောင်းငဲ့ကြည့်မိတော့  ... ချစ်ရတဲ့သူနဲ့ရွှေလက်တွဲလို့ အေးအတူပူအမျှဘ၀ကိုရင်ဆိုင်ရင်း ပျော်ရွှင်နေကြတဲ့သူငယ်ချင်းတွေရဲ့ ဘ၀တွေကို ပြန်အားကျနေမိတဲ့အဖြစ်တွေ ...။

ဒီလိုပါပဲလေ...။ ဒီဝတ္ထုက လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို ဖွဲ့နွဲ့ရေးပြထားတာပါပဲ ...။ ဟိုးအရင်က ကျွန်မရေးလေ့ရှိသလိုပဲပေါ့ ..။ တစ်ခုလိုချင်ရင် တစ်ခုကို စွန်လွှတ်ရလေ့ရှိတဲ့လောကကြီးမှာ ... ဘာမှပိုပိုသာသာတောင်းဆိုခွင့်မှမရှိတာပဲ ...။ စမ်းချောင်းထဲမှာ မျောပါလာတဲ့ပန်းပွင့်လေးတွေကို လိုက်ဆယ်ယူဖို့ကြိုးစားရင် အားလုံးတော့ဆယ်ယူနိုင်မှာတော့ မဟုတ်ပါဘူး...။ အနည်းဆုံးတော့ တစ်ပွင့်လောက်တော့ ကျန်ခဲ့မှာပါပဲ ...။ အဲဒီကျန်ခဲ့တဲ့တစ်ပွင့်က အလှပဆုံး တစ်ပွင့် အဖိုးတန်ဆုံးတစ်ပွင့်သာဖြစ်နေမယ်ဆိုရင်တော့လည်း ထုံးစံအတိုင်း ကံတရားကို အပြစ်တင်ကြရုံပဲပေါ့ ...။ သေချာမသိတာကတော့ ဆယ်တဲ့သူက မမြင်လို့ဘဲ ချန်ခဲ့မိလေသလား ... ပန်းကလေးကပဲ တမင်ကျန်ရစ်နေခဲ့သလား ဆိုတာတော့ ဘယ်သူက သိနိုင်ပါ့မလဲ ....။

Monday, 14 October 2013

That's so-called enjoyable life :) :)

October 14, 2013 4 Comments



"စိတ်ညစ်လိုက်တာ စိတ်ကုန်လိုက်တာ" ဆိုတဲ့စကားကို အခြားလူတွေရှေ့မှာ ဘယ်တော့မှညည်းညူပြဖို့ စိတ်ကူးမရှိခဲ့ပေမယ့်လည်း .... မခံနိုင်တော့တဲ့အဆုံး ဘယ်သူ့ရယ်လို့ ခေါင်းစဉ်မတပ်ပါပဲ .. facebook ပေါ်မှာတော့ ပထမဆုံးအနေနဲ့ နောက်သလိုပြောင်သလိုပဲ ရေးဖြစ်ခဲ့ပါတယ်..။ အဲဒီအခါ သူငယ်ချင်းပေမယ့်လည်းပဲ အမြဲတမ်းညီမတစ်ယောက်လိုချစ်ပြီး ဂရုစိုက်တတ်တဲ့သူငယ်ချင်းက ဖုန်းဆက်လာတယ်...။ စိတ်ဓါတ်မကျပါနဲ့တဲ့... ဒါက ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါသတဲ့ ...။ အဖြောင့်အတိုင်းတွေးပြီးလုပ်တဲ့သူကတော့ ... နည်းနည်းတော့အခက်အခဲဖြစ်လိမ့်မယ်တဲ့.. အထာဆိုတာတွေရှိသတဲ့ ...။ ဒါပေမယ့်လည်း မိုးခါးရေတော့ မသောက်ချင်ပါဘူး လို့ ပြန်ပြောမိတဲ့အခါ.. အစ်မတစ်ယောက်ကတော့ အဲဒီလိုဆိုရင် စည်းအပြင်ဘက်ရောက်သွားလိမ့်မယ်လို့ ပြောလာပါတယ်...။
ရောက်ချင်ရောက်ပါစေ .... အမှန်တရားနဲ့ တရားမျှတမှုသာ ကိုယ့်ဆီမှာရှိနေရင် ကျေနပ်ပါတယ် လို့ ပြန်ပြောမိပြန်တယ်...။ တစ်ဘ၀သာပဲ နေရတဲ့လူ့ဘ၀မှာ ကိုယ့်လိပ်ပြာကိုယ်လုံပြီး ... ကိုယ့်အရည်အချင်းအတိုင်းပဲ ရှေ့ဆက်ချင်မိသူပါ...။ အဲဒါကိုမှ ဒါဟာဖြစ်ရိုးဖြစ်စဉ် ပုံမှန်မဟုတ်လို့ စည်းအပြင်ဘက်ရောက်နေတယ်ဆိုရင်တောင် ဒီလိုလောကနဲ့ အံဝင်ခွင်ကျမဖြစ်လို့ရယ်လို့ သတ်မှတ်ပြီး စည်းအပြင်ဘက်ကနေပဲ ရပ်ကြည့်နေပါရစေ ....။

စိတ်ညစ်စရာတွေတွေ့နေလို့လားလို့ အမေက မေးတဲ့အခါ နိုင့်ထက်စီးနင်းမတရားမှုဆိုတဲ့ ပယောဂတွေကို အေးအေးချမ်းချမ်းနေကြတဲ့ မိဘတွေဆီကို မကူးစက်စေလိုတဲ့အတွက် ကိုယ်ပြုံးတဲ့အပြုံးတွေက အသက်မပါဘူးဆိုတာ ကိုယ့်ကိုမွေးထားတဲ့မိဘတွေဆိုတော့လည်း ခန့်မှန်းမိနေတတ်တာ ခက်ပြန်ပါတယ်...။ 

အခိုက်အတန့်ခဏတော့ ဒီလောကမှာ နေသားမကျသေးတဲ့အခါ  .... ဆန့်ကျင်ဘက်ဘ၀ ၂ ခုကို ရုတ်ချည်းပြောင်းလိုက်သလိုဖြစ်နေတဲ့ခဏ ... ဘ၀အတွေ့အကြုံရယ်လို့ ထင်မှတ်မိတော့လည်း ဒီလိုအခိုက်အတန့်က ပျော်စရာကောင်းလာပြန်ပါတယ်..။ ဒီလိုအတွေ့အကြုံမျိုးတွေသာ မတွေ့ဖြစ်ခဲ့ရင် လောကကြီးက အမြဲသာယာလှပနေပြီး ပျော်စရာတွေချည်းပါလားလို့ ထင်နေတဲ့စိတ်က ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်တော့ပါဘူး..။ အခုတော့ တခါတလေမှာ တချို့ပတ်ဝန်းကျင်တွေက မွေ့လျော်ဖွယ်ကောင်းပေမယ့်လည်း တချို့ပတ်ဝန်းကျင်မျိုးကတော့ တခါကြုံတွေ့ဖူးတာနဲ့ နောက်တစ်ခါထပ်မဆုံချင်တော့လောက်အောင်  .. ခါးသီးတတ်မှန်း ကိုယ်တွေ့ကြုံခဲ့ရတာပေါ့...။ 

ကျောင်းအတူတက်ကြတဲ့ ကျောင်းသားဘ၀ဆိုတာ ဘ၀ရဲ့ ပျော်စရာအကောင်းဆုံးအချိန်ပဲ ..။ အဲဒီအချိန်က ချစ်ခင်မှု၊ နောက်ပြောင်မှု၊ ဖေးမမှု၊ မေတ္တာတရားတွေသာ လွှမ်းခြုံနေပေမယ့်လည်း ... တကယ့်ဘ၀ထဲ တိုးဝင်မိလို့ အလုပ်အတူတူတွဲလုပ်တဲ့အခါ ကျောင်းသားဘ၀နဲ့ စိတ်ထားတွေ ပြောင်းပြန်ဖြစ်သွားပါသတဲ့..။ သူငယ်ချင်းတွေက ချစ်ဖို့ကောင်းကြပါတယ်လို့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိတဲ့အခါ အဲဒီအချိန်က ကျောင်းသားဘ၀မို့ ချစ်ဖို့ကောင်းခဲ့တာ.. သူတို့နဲ့ အလုပ်အတူတွဲလုပ်မိရင် အဲလိုချစ်ဖို့ကောင်းမယ်ထင်သလားတဲ့..။ ကျောင်းသားဘ၀နဲ့ လုပ်ငန်းခွင်ဘ၀က အများကြီးကွာခြားတဲ့အကြောင်း ပြောပြလာပြန်တယ်..။ မဟုတ်လောက်ဘူးထင်တယ် လို့ ငြင်းဆန်ချင်ပေမယ့်လည်း ဟုတ်ချင်လည်း ဟုတ်မှာပေါ့လို့ပဲ ပြန်ပြောဖြစ်ခဲ့တယ်...။

တကယ်တမ်းတော့လည်း ဘ၀က ပျော်စရာကောင်းပါတယ်..။ အနိမ့်အမြင့်၊ အတက်အကျ၊ ပျော်လိုက်ဝမ်းနည်းစရာကောင်းလိုက်နဲ့ .. အဲဒီဘ၀ကို ဟန်ချက်ညီအောင် ခံနိုင်ရည်ရှိအောင် ဖြတ်သန်းဖို့ ကြိုးစားတဲ့အခါ ... ဘ၀က သက်တောင့်သက်သာရှိလာသလို ခံစားရတယ်...။ ဒီလို ဖိအားတွေ၊ အင်အားကြီးသူက ငယ်သူကို အနိုင်ကျင့်ဗိုလ်ကျမှုတွေ စတဲ့ အတွေ့အကြုံတွေကြားမှာ ဒါဟာ ဘ၀ပါလားလို့ ... သိတတ်လာပါပြီ ။ ဒါပေမယ့်လည်း ဟန်ဆောင်ပြုံးပြဖို့တော့ မတတ်နိုင်သေးဘူး...။ မိုးခါးရေသောက်ဖို့ဆိုတာ ... ဒီဘ၀တော့ မဖြစ်နိုင်ပါဘူး ....။ ဘ၀က ထင်သလောက်မလွယ်ပေမယ့် ထင်သလောက်လည်း မခက်ခဲပါဘူး..။ ကျော်ဖြတ်နိုင်တဲ့ အရှုံးမပေးတဲ့ သတ္တိပဲလိုတာပါ....။ သေချာတာတစ်ခုကတော့ ဘယ်တော့မှ အရှုံးမပေးသလို မိုးခါးရေဆိုတာကို ဘယ်တော့မှ သောက်မှာတော့မဟုတ်ပါဘူး...။

Yes. Definitely, Life is enjoyable with ups and downs. Anyway, this too will pass! I love it.

ဒါပေမယ့်လည်း အခြားသူတွေကို မပြောချင်လို့ .. မပြောတတ်လို့ တစ်ယောက်တည်း ကြိတ်မှိတ်ပြီး စိတ်ညစ်၊ စိတ်ရှုပ်နေတာထက် .ဒီ Blog မှာ ခံစားရသမျှ ရင်ဖွင့်မိတော့လည်း .. စိတ်က ပျော်လာသလိုပဲ..။ ကျွန်မအနားမှာ သူထာဝရရှိနေခြင်းက ကံတရားက ပေးတဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ ...။

Sunday, 6 October 2013

ဘုရားဖူးခရီးတစ်ခေါက် _/\_ _/\_ _/\_

October 06, 2013 6 Comments

မြန်မာပြည်ပြန်ရောက်ရောက်ချင်းခရီးတစ်ခုချက်ချင်းထွက်ဖြစ်ခဲ့တယ်။ ကျောက်ဆည်မှာ ကျောင်းတက်နေတဲ့ ကျွန်မမောင်လေးကို သွားကြိုရင်း မိသားစုခရီးသွားဖြစ်ခဲ့ကြတာပါ ...။ သူက နောက်ဆုံးနှစ်ပြီးမှာဆိုတော့ ပစ္စည်းတွေတော်တော်များများ ပြန်သယ်ရမှာနဲ့အတူတူ အိမ်ကနေပဲ သွားကြိုရင်း ခရီးဆက်သွားဖြစ်ခဲ့တယ်...။

မနက်မသွားခင် ညကတည်းက ပစ္စည်းတွေသေချာထည့်ဖြစ်တယ်..။ ပူလွန်းတဲ့ရာသီဥတုမှာ ကျောက်ပျဉ်သေးသေးနဲ့ သနပ်ခါးတုံးပါ သယ်သွားခဲ့တယ်..။ တကယ်တော့ ကိုယ့်နိုင်ငံရာသီဥတုနဲ့ကိုက်ညီတဲ့မိတ်ကပ်ဆိုတာ သနပ်ခါးလောက်သာ အကောင်းဆုံးဆိုတာ ပူအိုက်လွန်းတဲ့ရာသီဥတုမှာ အေးမြမှုကိုပေးတဲ့သနပ်ခါးကို လိမ်းဖူးသူတိုင်း သိကြပါတယ်..။

မနက်စာကို အိမ်ကမစားဘဲ လမ်းရောက်မှ တနေရာရာမှာ ၀င်စားကြမယ်ဆိုပြီး နေမထွက်ခင် မနက်စောစောထွက်ခဲ့ကြတယ်...။ မသွားခင်ညက မိုးတွေသည်းသည်းမည်းမည်းရွာတယ်..။ တစ်ညလုံးရွာပေမယ့် သွားမယ့်နေ့မနက်မှာ မိုးတိတ်သွားတာတော့ ကံကောင်းတာပါပဲ ..။ မိုးရွာထားတဲ့အရှိန်နဲ့မနက်လင်းလာတာတောင် ကောင်းကင်တစ်ခုလုံး မြူတွေဆိုင်းနေလို့ ရှေ့မြင်ကွင်းကို ကောင်းကောင်းမမြင်ရပါဘူး..။ အဖေက ကားမောင်းပြီး အမေရယ် ကျွန်မရယ် သုံးယောက်သွားကြတာပါ ..။ ရမည်းသင်းမြို့ကိုရောက်တော့ မနက် ၈ နာရီလောက်ရှိပြီမို့ ကျွန်မက အရမ်းဗိုက်ဆာနေပြီ...။ စားချင်တာက မုန့်ဟင်းခါးဆိုတော့ ဘေးကဆိုင်တွေလိုက်ကြည့်ရင်းနဲ့ မြို့လယ်က မီးပွိုင့်မှာ မီးနီဖြတ်မိလို့ ဒဏ်ငွေဆောင်ခဲ့ရပါရောလေ...။ ကျွန်မသိတာက ရမည်းသင်းမှာ “သူငယ်ချင်း” လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်တစ်ခုကတော့ နာမည်ကြီးပြီး လူသိကြတော့ အဲဒါကိုရှာရင်း ဟိုကြည့်ဒီကြည့်နဲ့ တွေ့လည်းတွေ့ရော မီးနီလည်း ဖြတ်မိတာပါပဲ ..။ 

အဲဒီနောက် ဆက်သွားရင်း ကျောက်ဆည်ကိုရောက် နေ့လည်စာစားရင်း ကျောင်းကိုဆက်သွားတယ်..။
 မောင်လေးက နောက်ဆုံးနှစ်စာတမ်းဖတ်တာက ၃နာရီလောက်မှပြီးတာနဲ့ စောင့်ပြီး ပစ္စည်းတွေတင် ... မန္တလေးကိုဆက်ထွက်လာခဲ့တယ်..။ ပထမဆုံးသွားဖြစ်တာက ကျောက်ဆည်နားက ပေါ်တော်မူဘုရားပါ..။ မြစ်ထဲက ပေါ်လာလို့ ဆယ်ထားပြီး ကိုးကွယ်ထားကြတဲ့ ဘုရားဆင်းတုသေးသေးလေးတွေပါ..။ 
အဲဒီနောက်တော့ ပုလိပ်မြွေဘုရားကို သွားဖူးဖြစ်တယ်..။ မြွေတွေနဲ့ဆိုတော့ သံတံတိုင်းနဲ့ကာထားပြီး အထဲမှာ မြွေ ၃ ကောင်ရှိပါတယ်..။ တစ်ကောင်က ပုံမှာမြင်ရတဲ့အတိုင်း ဘုရားဦးခေါင်းတော်မှာ ရစ်ပတ်နေတာပါ..။ ကျန်တဲ့ ၂ ကောင်ကတော့ ဘေးနားလေးမှာ ခွေနေကြပါတယ်..။

အဲဒီလိုနဲ့ ဆက်သွားရင်း ညနေ နေ၀င်ခါနီးအချိန်မှာ ဦးပိန်တံတားကို ရောက်ပါတယ်..။ ညနေဆည်းဆာအလှကို မတွေ့ရဘဲ အလင်းရောင်တော့ နည်းနည်းရှိနေသေးပေမယ့် နေက၀င်သွားနှင့်ပါပြီ..။ တကယ်က နေလုံးကိုမြင်ရပြီး ရေပြင်အလှနဲ့ ဓါတ်ပုံရိုက်ဖို့ အမှီသွားပေမယ့် လမ်းမှာပဲ ကြည့်ရင်းကြည့်ရင်း နေက၀င်သွားတယ်..။

မန္တလေးကိုရောက်တော့ ညရောက်နေပါပြီ ...။ ညပိုင်းမှာ ဆိုင်ကယ်တွေတိုးမပေါက်အောင် များပြားတဲ့မြို့မှာ ညပိုင်းကားမောင်းရတာတော့ တော်တော်ကြောက်စရာကောင်းပါတယ်...။ ဘယ်လိုမှ ရှောင်မလွတ်အောင် ဆိုင်ကယ်တွေအထပ်ထပ်ကြားထဲမှာ စက်ဘီးတချို့လည်း နေရာဝင်လုကြရင်း ကျဉ်းကျဉ်းကျပ်ကျပ်ထဲမှာပဲ တည်းမယ့်နေရာကို မနည်းရောက်အောင် သွားခဲ့တယ်...။ 

မနက်ရောက်တော့ ကျွန်မစားချင်တာက ရှမ်းခေါက်ဆွဲဆိုင်ပါ ...။ မနက်စာ တို့ဖူးနွေးစားပြီး မဟာမြတ်မုနိဘုရားကို အရင်ဆုံးသွားဖူးတယ်..။ အဲဒီနောက်တော့ ဟိုမေးဒီမေးနဲ့ပဲ ထွန်းဦးစာပေ ကိုအရောက်သွားလို့ စာအုပ်တချို့ဝယ်လာဖြစ်တယ်..။ လူတွေစာသိပ်မဖတ်ကြဘူး ဘာညာသာရကာသာပြောနေပေမယ့် စာအုပ်ဈေးနှုန်းတွေက သာမာန်လူတချို့လက်လှမ်းမမီနိုင်တဲ့ဈေးတွေဖြစ်နေကြပြန်တယ်..။ စာရေးဆရာကောင်းကောင်း စာအုပ်အကြောင်းအရာကောင်းကောင်းဆိုရင်ပဲ ဈေးက အနည်းဆုံး ၃၀၀၀ လောက်ဖြစ်နေပါပြီ..။ အဲဒီနောက် အနီးအနားက ဈေးချိုသွားပြီး ရတနာပုံဈေးကို ဆက်သွားရင်းနဲ့ ၉ နာရီလောက်မှ စစ်ကိုင်းကို ဆက်ထွက်ဖြစ်ပါတယ်...။ ရတနာပုံတံတားကိုဖြတ်ပြီး ခဏနဲ့ပဲ စစ်ကိုင်းကိုရောက်ပါတယ်..။ 


မန္တလေးကို မကြာခဏရောက်ဖူးပေမယ့် စစ်ကိုင်းဘက်ကို တစ်ခါမှ မကူးခဲ့ဖူးတော့ ဒီတစ်ကြိမ်က ပထမဆုံးရောက်ဖူးခြင်းပါ..။ ကျွန်မအဓိကသွားချင်တဲ့နေရာက ကောင်းမှုတော်ဘုရားပါ..။ ဘုရားကိုရောက်တော့ ထင်ထားတာထက်တောင် ကြီးကျယ်ခမ်းနားသပ္ပာယ်လွန်းတာကို ကြည်ညိုဖွယ်ဖူးမြော်ရပါတယ်..။ ကောင်းမှုတော်ဘုရားကို ရောက်တာနဲ့တင်ပဲ ဒီခရီးလာခဲ့ရတာ အလွန်ကိုအဓိပ္ပာယ်ရှိပြီး ကြည်နူးရပါတယ်..။


ပြီးတော့ စစ်ကိုင်းတောင်ပေါ်ကို ဆက်တက်ပါတယ်...။ ဘုရားဖူးရင်း လှူရင်း ဧရာဝတီမြစ်အလှကို တောင်ပေါ်ကနေကြည့်ရင်း ခဏနားပြီးတော့ မင်းကွန်းဘက်ကို ဆက်သွားဖြစ်ခဲ့တယ်..။ ဧရာဝတီမြစ်ဘေးလမ်းကနေ လမ်းကျဉ်းကလေးကနေ ကားမောင်းသွားရတာ အသည်းထိတ်စရာပါ.။ ဒါပေမယ့် အန္တရာယ်တော့ မရှိပါဘူး..။ နောက်ထပ်လမ်းတွေကလည်း သိပ်မကောင်းတာမျိုးမဟုတ်ပေမယ့် ကျဉ်းလွန်းတယ်ထင်ပါတယ်..။ ဝေးလဲ နည်းနည်းတော့ဝေးတယ်..။ မင်းကွန်းပုထိုးတော်ကြီးကို မမြင်ခင် ပထမဆုံးတွေ့ရတာက ခြင်္သေ့ကြီးတစ်ကောင်ပါ ..။ နောက်ထပ်ဆက်တွေ့တာက နောက်ထပ်တစ်ကောင်နဲ့ တစ်ဖက်မှာ မင်းကွန်းပုထိုးတော်ကြီးပါ..။ ခြင်္သေ့ကြီးတွေက အံ့မခန်းလောက်အောင်ကြီးမားလွန်းလှပါတယ်..။ ပုထိုးတော်ကြီးရဲ့ ဗိသုကာလက်ရာတွေကလည်း အဲဒီခေတ်မှာ ဘယ်လိုများတည်ထားခဲ့သလဲလို့ စိတ်ဝင်စားသူတွေ လေ့လာချင်လောက်အောင်ကို ထူးခြားလှပါတယ်..။ ပြီးတော့ မင်းကွန်းခေါင်းလောင်းကြီးကို သွားကြည့်ပါတယ်..။ 



အဲဒီနောက်တော့ စစ်ကိုင်းကိုပြန်လာပြီး အဲဒီမှာ နေ့လည်စာစားခဲ့တဲ့ မြန်မာထမင်းဟင်းဘူဖေးက
 တော်တော်စားကောင်းပါတယ်.။ အခြားသူတွေပြောကြတာတော့ စစ်ကိုင်းက ဘူဖေးက တော်တော်နာမည်ကြီးတယ်ဆိုပဲ ..။ ပြီးတော့ စစ်ကိုင်းရောက်တုန်းရောက်ခိုက် မောင်လေးက မိုးမင်းဂစ်တာတစ်လက်လောက်ဝယ်ခဲ့ချင်တယ်ဆိုတာနဲ့ပဲ ဂစ်တာဆိုင်ကိုရှာရင်း ဂစ်တာတစ်လက်ဝယ်လို့ ... ပြန်လာဖြစ်တယ်..။ 

Friday, 4 October 2013

အစစ်အမှန်ကမ္ဘာ ...

October 04, 2013 4 Comments


ဒီနေရာကို ပြန်ရောက်ပြီဆိုကတည်းက ပုံရိပ်ယောင်ကမ္ဘာနဲ့ဝေးနေခဲ့တာကြာခဲ့ပေါ့ ....။

အရင်ကဆို မနက်မိုးလင်း အိပ်ရာနိုးတာနဲ့ ကွန်ပျူတာကိုဖွင့် ပထမဆုံးဖွင့်ဖြစ်တာက သုံးနေကျ Gmail.။ အဲဒီနောက်တော့ တမင်ခိုင်းစေတာမဟုတ်ပါဘဲ အလိုအလျောက်ရောက်သွားခဲ့တာက virtual world လို့ အများက ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြတဲ့ facebook ဆိုတဲ့နေရာတစ်ခုပါပဲ ..။ မြန်မာပြည်နဲ့ဝေးနေတဲ့အချိန် အဲဒီမှာဖြစ်ပျက်နေသမျှတချို့တ၀က်လောက်ကို သိနိုင်သလို ဝေးနေကြတဲ့ သူငယ်ချင်းတချို့ရဲ့ လှုပ်ရှားမှုတွေ.. ဘ၀တွေကိုလည်း မြင်နိုင်တယ်..။ chat box ကနေ အပြန်အလှန်စကားပြောနေရတာမျိုးကို မနှစ်သက်ပေမယ့် ..newsfeed မှာ တွေ့တာတွေထဲက ဟိုဖတ်ဒီဖတ်နဲ့ပဲ.. အဲဒီကမ္ဘာထဲမှာ ဖြတ်သန်းနေခဲ့ဖြစ်တယ်....။

မြန်မာပြည်ပြန်ရောက်လာကတည်းက မိသားစုနဲ့ပြန်တွေ့ .. ခရီးတွေသွားဖြစ်ခဲ့တယ် ....။ ကျွန်မရဲ့ ကမ္ဘာက ကွန်ပျူတာဖန်သားပြင် ဖုန်းစကရင်တစ်ခုမဟုတ်တော့ဘဲ .... အဖေရယ်အမေရယ် မောင်နှမတွေကြားထဲမှာ .... စစ်မှန်တဲ့နေရာတစ်ခုမှာ ပြန်ရောက်သွားခဲ့ပါတယ် ....။ အဲဒီအချိန်ကတည်းက ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို မေ့ဖြစ်ခဲ့တာပါပဲ ...။ မနက်ခင်းအိပ်ရာနိုးချိန်တိုင်းမှာ ... ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်က ဘုရားမီးပူဇော်၊ သောက်တော်ရေကပ်ပြီး ဘုရားရှိခိုးတာ ဖြစ်လာခဲ့တယ် ။ အရင်လို ကွန်ပျူတာကို အရင်ဖွင့် .. ဖုန်းအင်တာနက်ကို စကလိတာမျိုးကို မလုပ်ဖြစ်တော့ဘူး...။ ဖေ့ဘွတ်မှာ ဘယ်သူတွေ ဘာတွေလုပ်နေကြသလဲ .. မြန်မာပြည်က သတင်းတွေ ဘာတွေထူးခြားသလဲ စိတ်မ၀င်စားတော့ဘူး ....။ အစားအသောက်စားချိန်မှာ ကွန်ပျူတာတစ်လုံးနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စားတဲ့ဘ၀ကနေ မိသားစုနဲ့အတူတူ စကားတွေပြောရင်း စားသောက်တဲ့ပျော်စရာဘ၀ကို ပြန်ရောက်သွားတယ်...။

ဒါပေမယ့် ... ဒီကမ္ဘာထဲမှာ ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေ၊ ကြည်နူးစရာတွေချည်း .. ပြည့်နေတာတော့လည်း မဟုတ်ပြန်ပါဘူး....။ ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာပဲ ထိုင်နေလို့ရတဲ့သူမှ မဟုတ်ဘဲ ....။ လူ့လောကထဲတိုးအ၀င်မှာ ထုံးစံအတိုင်း ကိုယ်တိုင်မဟုတ်တဲ့ သူစိမ်းတွေဆိုတာ မဖြစ်မနေ တွေ့ရကြုံရတာပဲ မဟုတ်ပါလား ......။ ဒါပေမယ့် စိတ်အထင်ကြောင့်ပဲလား ... ဒီလူမှုအသိုင်းအ၀ိုင်းမှာ အံဝင်ခွင်ကျမဖြစ်လို့ပဲလား ... ဘာရယ်လို့တော့ သေချာမပြောတတ်ပေမယ့် .. ကြိုဆိုတဲ့မျက်နှာတစ်ချို့မှာ နဂိုစိတ်ရင်းဆိုတာ မတွေ့ရသလိုဘဲ ...။ တမင်ပြုံးထားတဲ့အပြုံးတချို့နောက်ကွယ်မှာ .. ကိုယ့်ကိုတကယ်ခင်မင်တယ် ရင်းနှီးတယ် ဖော်ရွေတယ်ဆိုတဲ့စိတ်ကို စိုးစဉ်းမှမတွေ့မိသလို ခံစားနေရတယ်...။ တကယ်တမ်းမြင်ချင် ရချင်မိတာက အတွင်းထဲကစိတ်နဲ့ထပ်တူ ပြောလာတဲ့စကားသံတွေ ပြုံးနေတဲ့အပြုံးတွေ.. အပြုအမူတွေပါ..။ ဒါတွေကို ဖုံးကွယ်ပြီး ... တမင်ဖန်တီးထားတဲ့စက်ရုပ်တွေကို လိုချင်တာမဟုတ်ခဲ့ပါဘူး...။ ရိုးရိုးသားသားပဲ မကောင်းဘူး မကြိုက်ဘူးလို့ ဝေဖန်မယ်ဆိုရင်တောင် ကျေနပ်နေမိမှာပါ ..။ အခုတော့ ဘာပြောလို့ပြောမှန်းမသိတဲ့ ခနဲ့သလိုလိုစကားလုံးတွေကို ရင်ဆိုင်ရတော့ ... ကိုယ်ကမှ သူရွဲ့ကိုယ်ရွဲ့မလုပ်တတ်ဘဲ..။ စကားတွေအားလုံးမှာ အမုန်းဆုံးက အဲဒီလို လိုရင်းမရောက်တဲ့ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့စကားလုံးတွေပါပဲ ...။ အင်္ဂလိပ်စကားတွေထဲမှာတော့ အဲဒီလိုစကားလုံးမျိုးဆိုတာ ရှာတွေ့နိုင်ဖို့ဆိုတာမဖြစ်နိုင်ပေမယ့် .. ဒီလိုနေရာမှာတော့ ဒီစကားတွေက အပေါဆုံးများဖြစ်နေလေသလား....။ အရင်ကျောင်းတက်ခဲ့စဉ်က အခြားနိုင်ငံသားတွေကတောင် မိသားစုစိတ်ဓါတ်အပြည့်နဲ့ ချစ်ခင်ဖေးမစောင့်ရှောက်ခဲ့မှုတွေကြားမှာ .. အိမ်လွမ်းတဲ့စိတ်တစ်ခုကလွဲရင် ပျော်စရာတွေချည်းပဲကြုံခဲ့ရတဲ့အတိတ်ပြီးသွားတဲ့နောက် လက်ရှိကာလမှာတော့ အရာအားလုံးက ပြောင်းပြန်လိုပဲ .. ဖြစ်နေလေသလားမသိပါဘူး...။

ပြန်လာခဲ့တာ မပျော်ဘူးလားမေးရင် ဟိုသီချင်းထဲကလို ပျော်တာပေါ့အမေရယ် လို့ပဲ ပြောရမလိုဖြစ်နေပါပြီ ...။ ဒါပေမယ့်လည်း .... ဒါတွေကလည်း တစိတ်တပိုင်းမျှသာပါ ...။ နေရာတိုင်းအကောင်းချည်းပဲရှိမနေနိုင်သလို အဆိုးချည်းလဲ မတွေ့နိုင်ပါဘူး...။ ကိုယ့်ကို ခင်မင်တဲ့သူတွေ၊ နဂိုစိတ်ရင်းနဲ့ပဲ အလုပ်အတူတူလုပ်သူတွေ၊ သတိတရရှိနေတဲ့သူငယ်ချင်းတွေရဲ့ စိုးရိမ်စကားတွေ ၊ အကြင်နာတွေကြားမှာ တခါတရံကြုံတွေ့ရတဲ့ လူ့ဘ၀ရဲ့ခါးသီးမှုတွေကို မေ့ပျောက်ကောင်းမေ့ပျောက်နိုင်လာပါလိမ့်မယ် ...။ စိတ်ရှိတိုင်းလှူနိုင်တမ်းနိုင်တဲ့နေရာမှာ ... ဘာသာရေးရဲ့အဆုံးအမအောက်မှာ ဘ၀က နေတတ်ရင် ကျေနပ်စရာကောင်းလာပါလိမ့်မယ်...။ အခိုက်အတန့်တစ်ခုလောက်တော့ နေသားမကျသေးခင် စိတ်ဓါတ်ကျမသွားဖို့ဘဲ အရေးကြီးပါတယ်....။ အပေါ်ကကန်ချမယ့် ဒါမှမဟုတ် နင်းတက်သွားမယ့် ခြေထောက်တွေရယ်၊ ဘေးဘက်ကနေ လာကလန့်မယ့် ခြေထောက်တွေရယ်.. နောက်ကျောကနေလာထိုးနိုင်တဲ့ဓါးတွေကိုတော့ အလိမ္မာနဲ့ရှောင်ကွင်းနိုင်ဖို့လည်း အရေးကြီးတာပဲပေါ့ ...။

Follow Us @soratemplates