Tuesday, 27 August 2013

စာရေးခြင်း အနုပညာ ~~

August 27, 2013 10 Comments


“ခံစားချက်တွေ ပြင်းလှချည်လား …”
“ရင်ဖွင့်လှချည်လား .. ခုထိ ခံစားနေရတာတွေ မလျှော့နိုင်သေးဘူးလားကွာ”
“ကြိုက်သလောက်သာ ရင်ဖွင့်လိုက်စမ်းပါ .. like တွေပေးပြီး ကုသိုလ်ပြုဖို့အဆင်သင့်ပဲ”
“ဒီတစ်ခါရေးတာ ခံစားချက်တွေ ပိုပါသလိုပဲနော်…။”
“တော်တော်ခံစားနေရတယ်ထင်တယ်…”
စတဲ့စတဲ့ စသလိုလို လှောင်သလိုလို စကားတွေ ကြားမိတဲ့အခါ စိတ်အခန့်မသင့်တဲ့အချိန်နဲ့ဆိုရင် တစ်မျိုးတော့ ခံစားရပါတယ်….။
လူတစ်ယောက်ရဲ့ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချချင်တဲ့ ကြီးမားလွန်းတဲ့ဝါသနာကို လျစ်လျူရှုရက်လေခြင်းရယ်လို့ စိတ်မကောင်းလဲဖြစ်မိပါတယ်…။

လူတိုင်းနီးပါး ဘ၀မှာ ရှင်သန်ရပ်တည်ဖို့အပြင် ဂုဏ်သိက္ခာအတွက်ဖြစ်စေ၊ လူတွေကြားမှာ လူအဖြစ် နေထိုင်နိုင်ဖို့အတွက်ဖြစ်စေ သက်ဆိုင်ရာ professional job တစ်ခုခုတော့ မဖြစ်မနေ လုပ်ကိုင်နေကြတာပါပဲ..။ ဒါပေမယ့် အလုပ်တွေကြားထဲမှာပဲ နှစ်ပြီး နေ့စဉ်သမားရိုးကျ တသမှတ်တည်း ဖြတ်သန်းနေရတဲ့အခါ ဘ၀က လူဆိုတာထက် သံပတ်ပေးထားတဲ့စက်ရုပ်တစ်ခုနဲ့ ဘာမှမခြားနားတော့ပြန်ဘူး…..။ ဘ၀မှာ စိတ်ချမ်းမြေ့သာယာမှုဆိုတာ ကိုယ်လုပ်ချင်တဲ့အရာမျိုးကို သက်တောင့်သက်သာ လုပ်ကိုင်ရတဲ့အခါမျိုးမှာသာ ရရှိခံစားလာနိုင်တယ်မဟုတ်လားးးး…။ အဲဒါကြောင့် လူသားတွေမှာ မဖြစ်မနေလုပ်ကိုင်ကြတဲ့ professional အလုပ်အပြင် အားလပ်ချိန်တွေမှာ စိတ်အပန်းပြေစေဖို့ လုပ်ကိုင်တဲ့ ၀ါသနာပါရာအလုပ်တစ်ခုခုတော့ ရှိသင့်တယ်..။ အဲဒီအခါမှသာ ဘ၀ဟာ နေပျော်လာပြီး အလုပ်ထဲကရလာတဲ့မွန်းကြပ်မှုတွေကိုလည်း လျှော့ချလာနိုင်ကာ ဘ၀ရဲ့အနှစ်သာရကို ပြည့်ပြည့်၀၀ခံစားနိုင်မှာပေါ့….။

အဲဒီလိုဆိုတော့ ကျမရဲ့ဝါသနာတစ်ခုက စာဖတ်ခြင်း စာရေးခြင်းဆိုတာ ခဏခဏရေးမိလို့ အားလုံးလိုလို သတိထားမိပါတယ်….။ အားချိန်လေးနည်းနည်းရလာတာနဲ့ ကျမ စာဖတ်လေ့ရှိပါတယ်..။ စာရေးချင်တဲ့စိတ်ပေါ်လာပြီဆိုရင် အချိန်လည်း နည်းနည်းပိုရတယ်လို့ သတ်မှတ်ရင် တစ်ခုမဟုတ်တစ်ခုတော့ ကျမဒီနေရာမှာရေးလေ့ရှိပါတယ်..။
တစ်ခါတရံ စာတွေနဲ့ပိနေတဲ့အခါမျိုးမှာ ဘယ်လိုမှစာရေးဖို့အခွင့်မသာခဲ့ရင်တော့ တစ်နေ့ပြီးတစ်နေ့ ဒီ Blog ကိုဖွင့်ဖွင့်ကြည့်ပြီး …. စာအသစ်မရေးပေမယ့် လာလည်နေကျ သူငယ်ချင်းတွေကို အားတုံ့အားနာဖြစ်နေတတ်ပြန်ပါသေးတယ်…။ ဒီနေရာမှာ ဒီလိုစာရေးလေ့ရှိတဲ့အတွက်ကြောင့် မိသားစုနဲ့ဝေးနေတဲ့နေရာမှာ … ပျင်းစရာ ငြီးငွေ့စရာကောင်းလှတယ်.. အိမ်ကိုလွမ်းလှချည်ရဲ့လို့ မျက်ရည်ကျမိတဲ့အချိန်ဆိုတာ မရှိခဲ့လောက်အောင် လွမ်းစိတ်ဆိုတာဝင်မလာနိုင်လောက်အောင် … အချိန်တွေကို အသုံးချနိုင်ခဲ့တယ်..။ တစ်ယောက်တည်း ပျင်းလွန်းလို့ဆိုပြီး အခြားသူငယ်ချင်းတွေကို စကားစမြည်သွားပြော သူတို့ရဲ့အချိန်တွေကို ခိုးယူတဲ့အပြုအမူမျိုး ဘယ်တော့မှ မလုပ်ဖြစ်ခဲ့ဘူး…။

စာရေးတော့မယ်ဆိုရင် အများအားဖြင့် My own feelings ဆိုတဲ့ ကိုယ့်စိတ်ထဲရှိရာ ရေးချင်ရာရေးတဲ့ labels လွဲရင် ကျန်တာတွေကို ကျမဖန်တီးရေးလေ့ရှိပါတယ်…။ တချို့ကတော့ သီချင်းတွေကို ခံစားပြီးရေးတယ်..။ ၀တ္ထုတိုလေးတွေဆိုရင်တော့ ခံစားချက်တစ်ခုကို အရင်စဉ်းစားလိုက်တယ်.. ပြီးရင် ငယ်ငယ်က စာစီစာကုံးရေးတဲ့အတိုင်း အဲဒီခံစားချက်တစ်ခုကို ဖွဲ့လိုက်တယ်..။ ကဗျာတွေဆိုရင်လည်း အဲလိုပါပဲ .. အဓိကခံစားချက်တစ်ခုကို အရင်စဉ်းစားလိုက်တယ်.. ပြီးတာနဲ့ အဲဒီခံစားချက်ကို လိုက်ပြီးတော့ လှအောင် ဖွဲ့လိုက်တာမျိုးပါ …။

စာရေးခြင်းနဲ့ပတ်သက်ပြီး ကျမကြားဖူးသလို ကျမယုံကြည်မိတာတစ်ခုက စာရေးသူဟာ ကိုယ်ပိုင်စိတ်ခံစားမှုကို ဦးစားပေးပြီးရေးမယ်ဆိုရင် ဘယ်တော့မှစာရေးဆရာကောင်းဖြစ်လာမှာ မဟုတ်ဘူးဆိုတာပဲပေါ့ …။ နောက်ပြီး ညီမလေးတစ်ယောက်ပြောဖူးသလို ရင်ခုန်သံကို ခုတုံးလုပ်ပြီး စာရေးဖို့အတွက် ကုန်ကြမ်းမရှာဘူးဆိုတာလေ…။ စာရေးဆရာကောင်းဖြစ်ချင်သူက ခံစားချက်ကို ဖန်တီးတီထွင်နိုင်ရမယ်… ဖန်တီးထားတဲ့အဲဒီအရာကို လှပအောင် တန်ဆာဆင်ဖွဲ့နွဲ့တတ်ရမယ်…။ အကြောင်းအရာတစ်ခုက ဘယ်လောက်ပဲရိုးရှင်းနေပါစေ… စာရေးသူက သူ့အနုပညာနဲ့ လှလှပပဖွဲ့နွဲ့လိုက်တဲ့အခါ စာတစ်ပုဒ်က အရသာရှိတဲ့ဟင်းတစ်ခွက်လိုပဲ မချက်ပြုတ်ခင်က အရာတွေနဲ့ခြားနားစွာ စားသုံးသူအတွက် စိတ်ကျေနပ်မှုအပြည့်အ၀ရရှိခံစားနိုင်စေတယ်..။

ဒီဘလော့ဂ်လေးကို ရင်းနှီးတဲ့သူငယ်ချင်းတွေကို လုံးဝမပြောဘဲ ဒီလိုပဲရေးနေခဲ့တာတော်တော်ကြာကြာပါပဲ ..။ နာမည်ကအစ ကျမရဲ့ နာမည်အရင်း.. အရင်သုံးနေကျ ကလောင်နာမည် (အခုတော့ အဲဒီကလောင်အမည်ပြန်သုံးနေပါပြီ) တွေကို မသုံးဘဲ ကျမလို့ လုံးဝမထင်ရတဲ့ blog title နဲ့ပဲ ရေးဖြစ်နေခဲ့တယ်.. ။ စာရေးဖော် blogger သူငယ်ချင်းတစ်ယောက်ကိုတော့ ပြောဖူးပါရဲ့ …။ စသိသိချင်းဆိုတော့ သူက ကျမခံယူချက်ကို မသိသေးတော့ facebook မှာ ကျမစာရေးတဲ့အကြောင်း တစွန်းတစသိနိုင်မယ့် နာမည်ကို ကွန်မန့်မှာမေးတာပေါ့ …။ အဲဒါနဲ့ chat box ကနေ အမြန်လှမ်းပြောရတယ်.. သူငယ်ချင်းတွေ စာရေးတာ သိမှာစိုးရိမ်လို့ … တကယ်က တကယ့်စာရေးဆရာတစ်ယောက်လိုဖြစ်တဲ့အချိန်မှ အားလုံးကို ပေးသိချင်တာဆိုတော့ သူကတောင် OMG တဲ့ …။ ဘာကြောင့် ဘေးလူတွေကို အဲဒီလောက်ဂရုစိုက်ရသလဲဆိုရင် ကျမက မြန်မာ ဆိုတော့ မြန်မာလူမျိုးစရိုက် အတိုင်းပဲပေါ့…။ မြန်မာဆိုတာ ပတ်ဝန်းကျင်ကို အလွန်အာရုံစိုက်တဲ့ သူမျိုးတွေလေ… ကိုယ်တစ်ခုခုလုပ်ရင် အခြားသူတွေက ဘယ်လိုများဝေဖန်ကြမလဲ တွေးကြောက်နေတတ်သူမျိုးပေါ့…။

ဒါပေမယ့်လည်း ပတ်ဝန်းကျင်ဆိုတာလည်း ကိုယ့်ကို အဲလောက်အာရုံစိုက်နိုင်ကြတာမဟုတ်ပါဘူး…။ သူတို့မှာလည်း သူတို့အရေးကိစ္စနဲ့သူတို့ပဲ..။ လူဆိုတာ ကိုယ့်ကိစ္စကိုယ့်အရေးထက်တော့ အခြားသူအကြောင်းကို အကြာကြီးလိုက်ပြီး… စပ်စုတင်းမဆိုတတ်ကြပါဘူး…။ ကျမလည်း စာရေးလာတာ နည်းနည်းလည်းကြာလာတော့ အရင်လို မရှက်တော့သလို နည်းနည်းလည်း အရေးရဲလာတယ်လို့ ကိုယ့်ကိုယ်ကို ထင်လာမိတယ်..။… တချို့သူငယ်ချင်းတွေ စာရေးစာဖတ်တာဝါသနာပါတဲ့သူငယ်ချင်းအနည်းငယ်ကိုတော့ ပေးသိမိခဲ့တယ်… 

သူတို့လည်း ဝေဖန်ပေးပါတယ်… 
“နင် စာရေးတာ အရမ်းညံ့လွန်းတယ်” တဲ့ :D 
“ဒါက ၀ါသနာလို့တောင် ခေါ်မရတဲ့ ပေါက်ကရလေးဆယ် စာရေးခြင်းမျိုး” တဲ့.. >.< 
“စာများများဖတ်ဖို့လိုသလို အချိန်ပေးနိုင်ဖို့ကလည်း အရေးကြီးတော့ ကိုယ်ရောက်ချင်တဲ့နေရာတစ်ခုကို ရောက်ဖို့က ဝေးလွန်းသေးတယ်” ဘာညာပေါ့…။ 
ဟုတ်ပါတယ်.. ဒါက ကျမရဲ့အလုပ်မဟုတ်တော့ အချိန်မပေးနိုင်တဲ့အခါ ကိုယ်သွားချင်သလောက် ခရီးမရောက်ဘူးလေ…။ တော်တော်များများကတော့ ကျမရဲ့ ၀ါသနာကို လက်ခံပါတယ်…။ သူငယ်ချင်းအချင်းချင်း အားပေးကြပါတယ်…။

အဲ … တစ်ယောက်စ နှစ်ယောက်စတော့ ရှိတာပေါ့ …။ အသည်းကွဲဖူးတယ် ဆိုတဲ့ ပြစ်ချက်နဲ့ ရေးသမျှက အဲဒါကိုပဲ ဦးတည်ရေးနေတယ် ဆိုတဲ့စကားမျိုးနဲ့ မထိတထိ စတယ်…။ မဟုတ်လို့လားဆိုရင် ၀ါသနာတစ်ခုကို အကောင်အထည်ဖော်နေတဲ့သူမျိုးကို အဲဒီဝါသနာကို လျစ်လျူရှုပြီး သူတို့ဘာသာ ကောက်ချက်ချချင်သလိုချတာတော့ တခါတလေ စိတ်ထဲတစ်မျိုးခံစားမိတယ်…။ အသည်းကွဲတာ ဘာမှမဖြစ်တော့လို့တောင် ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ပြန်ပြောင်းပြောဆိုနေနိုင်ပြီဖြစ်နေတဲ့အချိန်မှာ….. မိန်းကလေးတစ်ယောက်က ယောက်ျားတစ်ယောက်ကို မမေ့နိုင်လို့ လူမသိသူမသိစာတွေရေးပြီး ကြေကွဲပြနေပါတယ်ဆိုတဲ့ အတွေးအခေါ်မျိုးက အရမ်းကို တိမ်လွန်းတယ်ထင်တယ်….။

တကယ်တော့ အနုပညာတစ်ခုကိုရူးသွပ်လွန်းတဲ့သူတွေဟာ သူတို့ရဲ့ဖန်တီးမှုကို ထိခိုက်လာတဲ့စကားလုံးတစ်ချို့ကို လက်ခံရမိရင် ခံစားပေါက်ကွဲတတ်ကြတာပဲမဟုတ်လား…။ အခြားသူတွေထက် အနုပညာကို မြတ်နိုးတဲ့သူတွေက ပိုပြီးထိရှ ခံစားလွယ်တယ်လေ…။ စာရေးခြင်းဆိုတဲ့ အနုပညာကို ရူးသွပ်မိတဲ့ကျမကလည်း …. ကျမရဲ့အချိန်တွေပေးခဲ့ရ ….. ဖန်တီးရေးခဲ့ရတဲ့အနုပညာတွေကို … အသိအမှတ်မပြုရုံမက …. ထင်ရာမြင်ရာ ခေါင်းစဉ်တစ်ခု တပ်ခံရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်….။ အဲဒီလိုနဲ့ပဲ …. ဒီပို့စ်ကိုရေးဖြစ်ခဲ့တယ် ဆိုပါတော့….။ အဲ.. စာမရေးတာလည်း တစ်ပတ်ကျော်ကျော်ကြာနေပြီဆိုတော့ တစ်ခုခုလည်း ရေးချင်မိတဲ့စိတ်လည်း ပါတာပေါ့လေ.... xP

Wednesday, 14 August 2013

~~ Just one second ~~

August 14, 2013 7 Comments


လူတွေမှာ အဓိကအားဖြင့် ပြောင်းလဲပုံ (၂) မျိုးရှိတယ်..
တချို့ပြောင်းလဲတယ်ဆိုတာက ပြောင်းလဲတတ်တဲ့လောကနိယာမအတိုင်း မျောပါပြီး ပုံမှန်ပြောင်းလဲတာ ပြောင်းလဲမှုတရားရဲ့အောက်မှာ ပြောင်းလဲတာ။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ကံ၊ညဏ်၊၀ီရိယ၊ အင်အားနဲ့ အခြေအနေတစ်ရပ်ရပ်ကို ဆွဲလှန်သလိုပြောင်းပစ်လိုက်တာ၊ ဒင်္ဂါးပြားလိုပေါ့ ..ခေါင်းကနေ ပန်းဖြစ်သွားအောင် Back to Back ပြောင်းပစ်လိုက်တာမျိုး …

ဒုတိယအမျိုးအစားပြောင်းလဲမှုအတွက် လူတစ်ယောက်ပြောင်းလဲသွားဖို့ အချိန်တစ်ချိန်ပဲ လိုတာပါ…
အဲဒီအချိန်က ဘယ်လောက်ကြာသလဲဆိုရင် တစ်စက္ကန့်ပဲ ..။ ဟုတ်တယ်.. လူတစ်ယောက်ဟာ အခြေအနေတစ်ခုကနေ အခြားအခြေအနေတစ်ခုကို ပြောင်းလဲသွားဖို့ အချိန် တစ်စက္ကန့်ပဲ လိုတယ်..။ တစ်စက္ကန့်ဆိုတဲ့အချိန်လေးဟာ လူတစ်ယောက်ရဲ့ဘ၀ကို ချက်ချင်းပြောင်းလဲ သွားစေနိုင်တယ်...။
မိုးပေါ်မှာကြယ်ကြွေတယ်ဆိုပါတော့ ... ကြယ်ကြွေတာက ရိတ်ကနဲဆိုတော့ တစ်စက္ကန့်လောက်ပဲ ကြာတယ် ...။ ဒါပေမယ့် မြင်လိုက်ရတဲ့သူနဲ့ မမြင်လိုက်ရတဲ့သူဆိုတာ နှစ်ပိုင်းကွဲကျန်ခဲ့သေး တယ်....။ အဲဒီ တစ်စက္ကန့်ဆိုတဲ့အချိန်ကလေးက လူတွေကို နှစ်ခြမ်းခွဲချသွားတာ ...။

လူတစ်ယောက်ရဲ့ ရင်ထဲမှာ အသိတရားတစ်ခု ဖျတ်ကနဲလင်းပွင့်သွားတာကလည်း ဘာမှမကြာဘူး တစ်စက္ကန့်ပေါ့..။ ဒါပေမယ့် သူ့ဘ၀တစ်ခုလုံးကို ဆွဲလှန်သွားလိုက်နိုင်တယ်..။ သူ့ဘ၀ရဲ့ရှေ့ပိုင်းအခြေအနေနဲ့ ပြောင်းလဲသွားပြီးနောက်ပိုင်းကာလကို အဲဒီတစ်စက္ကန့်က ခွဲခြားတာပဲ...။ အဲဒီလို လျှပ်တပြက်အသိညဏ်ပွင့်တာကို Abrupt Enlightenment လို့ခေါ်တယ်…။ အဲဒီအချိန်လေးတစ်စက္ကန့်ကို ရွှေစက္ကန့် The golden second လို့ခေါ်တယ်...။

"အပေါ်မှာရေးခဲ့သမျှက ဆရာတာရာမင်းဝေရဲ့ သင်နှင့် နံနက်ခင်းကိုသာ ၀င်ခွင့်ပြုမည် ဆိုတဲ့ လုံးချင်းဝတ္ထုရှည်ထဲမှာပါတဲ့ ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ သဘောတရား ၂ ခုပါ..။ အမှန်တရားတွေဖြစ်တာကြောင့် နောက်ပြီး ကျမရဲ့အတွေးနဲ့လဲ ထပ်တူကျတာကြောင့် ကူးယူဖော်ပြခြင်းပါ..။ ပြီးတော့ အဲဒီပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကျမနားလည်ထားသလောက်လဲ ဆက်ပြီးရေးချင်ပါတယ်..။ ဆက်ဖတ်ပေးပါဦးနော်... အမြင်ချင်း တူချင်လည်းတူမယ်... မတူရင်လည်း မတူနိုင်ပါဘူး....။ ကိုယ့်ယုံကြည်ချက် ကိုယ့်စိတ်ကူးကိုယ်စီနဲ့ကိုးးးးး."

ဆရာပြောတဲ့ ပထမပြောင်းလဲမှုက လောကနိယာမအတိုင်း သူ့အလိုလိုပြောင်းလဲတာ မျိုး၊ ဖြစ်ရိုးဖြစ်စဉ်ပြောင်းလဲတာမျိုးပေါ့ (ဥပမာ .အသက်ကြီးလာတာနဲ့အမျှ ရုပ်ပုံသဏ္ဍာန်ပြောင်းလဲလာတာမျိုး၊ ကလေးစိတ် လူငယ်စိတ်ကနေ လူကြီးစိတ်ဖြစ်ပေါ်လာတာမျိုး စသဖြင့်ပေါ့လေ) အဲဒီတော့ ဒီပြောင်းလဲမှုက သိပ်မထူးခြားတဲ့ လူသားတိုင်း မဖြစ်မနေကြုံတွေ့ရမယ့် ပြောင်းလဲမှုမျိုးဆိုတော့ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး…။

နောက်ပြောင်းလဲမှုက လူတွေရဲ့ စိတ်ကူးလေးတစ်ချက်၊ အမှားလေးတစ်ခု၊ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် ဘ၀မှာ ကြီးကြီးမားမားပြောင်းလဲသွားတာမျိုး..။ ကျမတို့ မြန်မာတွေ ယုံကြည်ရာ အတိုင်းဆို ကံကံ၏အကျိုး ဒါမှမဟုတ်ရင် အတိတ်ကံကြောင့်ပဲဖြစ်လာတယ် ဆိုပြီး ဖြေတွေးတတ်ကြသလိုမျိုးပေါ့…။

တခါတလေ လူတွေမှာ Turning point လို့ခေါ်တဲ့ ဆုံးဖြတ်ရွေးချယ်စရာအခြေအနေတွေနဲ့ ကြုံရတတ်တယ်..။ တစ်ခုခုကို မဖြစ်မနေဆုံးဖြတ်ရတဲ့အခါ ဆုံးဖြတ်လိုက်တဲ့အချိန်ဆိုတာ တစ်စက္ကန့်လေးပဲကြာတယ်....။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်က သူ့တစ်ဘ၀လုံးပြောင်းလဲ သွားစေနိုင်လောက်အောင် အကျိုးသက်ရောက်စေတယ်...။

အလုပ်အကိုင်ပဲဖြစ်ဖြစ် .. ပညာရေးအတွက်ဖြစ်စေ အိမ်ထောင်ရေးအတွက်ဖြစ်စေ လူတွေအားလုံးရွေးချယ်ကြရ ဆုံးဖြတ်ကြရတယ်...။ အဲဒီတစ်စက္ကန့်လေးရဲ့နောက်မှာ သူတို့ဘာတွေဆက်ဖြစ်မလဲ ဘယ်သူမှသေချာမခန့်မှန်းနိုင်ဘဲ ကောင်းနိုးရာရာကို ရွေးချယ်ရင်း အချို့တော့ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေနဲ့ ကြုံတွေ့ပြီး ပျော်ရွှင်ရပေမယ့် အချို့အတွက်တော့ ထင်မှတ်မထားတဲ့ ဆုံးရှုံးမှုတွေကြုံကြရပြန်တယ်...။ 

ဥပမာ ထီထိုးဖို့ဆုံးဖြတ်လိုက်တာ တစ်စက္ကန့်ပဲကြာပေမယ့် ကံကောင်းလို့ထီပေါက်လိုက်ရင် အဲဒီတစ်စက္ကန့်က လူတစ်ယောက်ဘ၀ကို သိန်းပေါင်းများစွာပိုင်ဆိုင်သူ အဖြစ် ပြောင်းလဲသွားစေတယ်...။

လမ်းလျှောက်နေရင်း ခေါင်းပေါ်ကိုသစ်ကိုင်းပြုတ်ကျတာလည်း တစ်စက္ကန့်ပဲ...။ ကားမောင်းနေရင်း မတော်တဆမှောက်တာလည်း သတိမမူမိလိုက်တဲ့ တစ်စက္ကန့်အတွင်းပဲ....။
လူတစ်ယောက်ကို တစ်သက်လုံးလက်တွဲသွားဖို့ လက်ထပ်ဖို့ဆုံးဖြတ်တယ်ဆိုတာလည်း တစ်စက္ကန့်ပဲကြာတယ်ဆိုပေမယ့် အဲဒီအကျိုးဆက်ကို ခံစားရတာ တစ်ဘ၀လုံးပါပဲ …။ အမှားတစ်ခုကိုကျူးလွန်မိတဲ့စိတ်ဖြစ်ပေါ်လာတာလည်း တစ်စက္ကန့်ပဲ ... ဒါပေမယ့် အဲဒီအမှားရဲ့ရိုက်ချက်ကို ခံရတာတော့ တစ်ဘ၀လုံးတောင် ဖြစ်သွားနိုင်တယ်....။

ဖြစ်နိုင်ရင်တော့ အဲဒီတစ်စက္ကန့်တွေအားလုံးဟာ ကောင်းသောပြောင်းလဲခြင်းကိုဖြစ်ပေါ်စေတဲ့ The golden second တွေချည်းဖြစ်စေချင်မိတာပါပဲ …။


Monday, 12 August 2013

မပြယ်တဲ့ ... သစ္စာ (၄) ~~~

August 12, 2013 1 Comments



 “မြေကြီးပေါ်က ပေါင်းပင်လေးတွေကို မင်းချစ်တတ်လိမ့်မယ်လို့ ကိုယ် တကယ်မထင်ခဲ့မိဘူး..။ ကိုယ် မင်းရဲ့ကြိုက်နှစ်သက်တတ်တာတွေ လေ့လာဖို့တော့ လိုပြီထင်တယ်နော် …” အမေးစကားတစ်ခုကို သူတီးတိုးရေရွတ်မိတယ်….။

အနင်းခံ အနှိမ်ခံပန်းလေးတွေဆိုပေမယ့် သူတို့မှာလည်း သူတို့တန်ဖိုးနဲ့သူရှိတာပဲလေ..။ အရာရာတိုင်းမှာ တန်ဖိုးဆိုတာ ကိုယ်စီရှိပါတယ်..။ အားသာချက်ကိုမကြည့်ဘဲ အားနည်းချက်တွေပဲကြည့်ပြီး သက်ရှိသက်မဲ့တွေရဲ့ တန်ဖိုးကိုတော့ မဖြတ်သင့်ဘူးပေါ့..။ ဒီကမ္ဘာကြီးပေါ်မှာရှိနေကြတဲ့ အရာရာတိုင်းက သူ့နေရာနဲ့သူ အသုံးဝင်လို့ တည်ရှိနေကြတာပဲမဟုတ်လား..

တကယ်ဆို သူမနဲ့ ပတ်သက်သမျှ စိတ်ခံစားမှုသေးသေးလေးကအစ သူသိဖို့ကြိုးစားမိပေမယ့် ဒီတစ်ချက်ကိုတော့ အကြောင်းပြချက် သူစဉ်းစားမရပြန် …. ။

အဲဒါဆို ပန်းတွေအများကြီးရှိတဲ့အထဲက ဒီပန်းလေးတွေကို ဘာကြောင့် ပိုချစ်ရတဲ့အကြောင်း ကိုယ့်ကို ပြောပြနိုင်မလား..

သူမက အကြောင်းအရာတစ်ခုကို ရှင်းပြဖို့အတွက်ဆို ကျောင်းသားတစ်ယောက်ကို ဆရာက စာရှင်းပြသလို စိတ်ရှည်ရှည်ရှင်းပြတတ်သူတစ်ယောက်လည်း ဖြစ်ပြန်ပါသေးတယ်...။

မိန်းကလေးမှန်ရင်တော့ ဘယ်ပန်းမဆို သဘောကျကြတာချည်းပါပဲ ..။ ဒါပေမယ့်လည်း အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံးဆိုတာလည်း ရှိတတ်တယ်လေ..."


"ကျမကရောမေးရင် ပန်းတွေအများကြီးထဲမှာ အဲဒီဒေစီပန်းလေးတွေကို မှတ်မှတ်ရရ ချစ်တတ်သူမျိုးပေါ့..။ သူတို့က အေးတဲ့အရပ်ဒေသရဲ့ နွေရာသီမှာပဲ ပွင့်တဲ့အပင်မျိုး .. ရာသီအလိုက် ပွင့်ချင်တဲ့အချိန်ပွင့်တာမျိုးမဟုတ်သလို နေရာတိုင်းမှာ ပွင့်လေ့ရှိတဲ့ အပင်မျိုးလည်း မဟုတ်ပြန်ဘူး…"


"ပြီးတော့အဲဒီပန်းပင်လေးတွေက...သက်ရှိသတ၀ါတိုင်းနင်းခြေသွားတဲ့ မြက်ပင်လေးတွေကို
 ကောဇောလိုမျိုးလှအောင် အဖော်ပြုအလှဆင်ပေးတဲ့ သူငယ်ချင်းကောင်း။ ပန်းလေးတွေက ကြည့်လိုက်ရင် ကနွဲ့ကလျနဲ့ ချက်ချင်းညှိုးသွားမယောင် ထင်မှတ်ရပေမယ့် အမိုးအကာမရှိတဲ့ နေရောင်အောက်မှာ ရက်ပေါင်းအတော်ကြာကြာ ရှင်သန်နိုင်ကြတယ်...။ ကျမ သဘောကျတဲ့အချက်ထဲမှာ အဲဒီအရာလည်း ပါဝင်တယ်.။ လူတွေလိုပြောရရင် Physical appearance က အားနွဲ့တဲ့ပုံစံဖြစ်ပေမယ့် ... သူတို့မှာ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့အတွင်းစိတ် mentally strong ဖြစ်တယ်…"

" ပေါင်းပင်လေးတွေမို့ တန်ဖိုးမရှိဘူးလို့ထင်ရပေမယ့် ကမ္ဘာမြေကြီးအတွက် သူတို့ရဲ့တန်ဖိုးက အဖိုးမဖြတ်နိုင်ဘူး..။ သေဆုံးသွားခဲ့ပြီးရင်တောင်မှ အခြားအပင်ကြီးတွေလို အချိန်တွေအကြာကြီးမယူဘဲ သူတို့ကိုယ်သူတို့ ချက်ချင်းလိုလို ဆွေးမြေ့ခံပြီး ကမ္ဘာမြေကြီးအတွက် မြေသြဇာအဖြစ် စတေးခံကြသေးတယ် မဟုတ်လားးး...

“နောက်တစ်ချက်က အပင်ငယ်လေးပေမယ့် အခြားအရာတွေရဲ့ အထောက်အပံ့မလိုဘူး.. မြေပေါ်မှာ သူတို့ကိုယ်တိုင်ရပ်တည်နိုင်တယ်..။ နေရောင်အောက်မှာ တတ်နိုင်သလောက် အစွမ်းကုန်ပွင့်လန်းပြီး လောကကြီးကို အလှဆင်ပေးတယ်…"

" ဒါဆိုရင်တော့ တခြားအပင်တွေမှာ ကပ်ပေါက်လေ့ရှိပြီး အဲဒီလက်ခံပင်ဆီက အဆီအသွေးကိုစုပ်ယူ လှလှပပပွင့်လေ့ရှိတဲ့ သဇင်တို့ သစ်ခွ တို့၊ နောက်ပြီး ပြင်ပအသွင်အပြင်ကြောင့် ရန်ပြုလာသူတွေကို အမြဲစိုးထိတ်နေရတတ်ပြီး သူ့ကိုယ်သူ မလုံမလဲဖြစ်၊ ဆူးတွေနဲ့ အမြဲကာရံထားရတဲ့နှင်းဆီပန်းတွေကို ဘာကြောင့် ကျမသိပ်နှစ်သက်လေ့မရှိတာ သိလောက်ရောပေါ့…။ နှင်းဆီဆိုတာလည်း သူတို့ကိုအမြဲလှပအောင် ရေလောင်းပေါင်းသင် အာဟာရတွေ ပေါင်းစပ်ပေးမယ့် ဥယျာဉ်မှူးရဲ့ အကူအညီသာ ရှိရင် အလှဆိုတာပြည့်စုံလာတတ်တဲ့ပန်းမျိုးမဟုတ်ပြန်ဘူး..."

အိုကေ.. ကိုယ်သဘောပေါက်လာပြီ..။ အကျဉ်းချုံ့လိုက်ရင် ဒေစီပန်းလေးတွေက
သစ္စာရှိတယ်…၊အားနည်းတဲ့ဘက်မှာရပ်တည်တတ်တဲ့ သူငယ်ချင်းကောင်းပီသသူဖြစ်တယ်..၊ အများကောင်းကျိုးကိုပဲ ဦးစားပေးတယ် …၊ အခြားအကူအညီမပါပဲ သူတို့ကိုယ်တိုင် ရပ်တည်နိုင်တယ်..။ အပြင်ပန်းကြည့်လိုက်ရင် ပျော့ညံ့ညံ့ထင်မှတ်ရပေမယ့် အတွင်းစိတ်က မထင်မှတ်လောက်အောင် မာကျောလွန်းလို့ လောကဓံကို ခံနိုင်ရည်ရှိတဲ့သူလို့ ခေါ်နိုင်တယ်…

Ohhh ..Honey !!! အဲဒီအချက်တွေအားလုံးက ကိုယ်သိတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားတာတွေချည်းပါလားးးး” 
သူက တစုံတခုကို အလုံးစုံနားလည်သဘောပေါက်သွားသလို ၀မ်းသာအားရပြောလိုက်ရင်း

“နောက်ဆိုရင် ကိုယ် မင်းအတွက် ဒေစီပန်းတစ်ခင်းပျိုးပေးမယ်” လို့ သူမ တောင်းဆိုခြင်းမပြုပါပဲ .. သူမ ချစ်တတ်တဲ့အရာတွေကို ဖန်တီးပေးချင်မိတာ အချစ်ဆိုတဲ့အရာက ပိုမိုခိုင်မြဲလာတယ် ထင်ပါရဲ့….။ 


♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

To be continued ~~~ ^_^

Follow Us @soratemplates