Saturday, 23 February 2013

လူပီသသူ ...

February 23, 2013 8 Comments
character ဆိုတဲ့ စကားလုံးကို မြန်မာလို ဘာသာပြန်ကြရင် အကျင့်စရိုက်သဘာဝ.. လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ စသဖြင့် ပြောကြတယ်..။
တစ်နည်းအားဖြင့် လူဖြစ်လာရင် လူတစ်ယောက်မှာ ရှိသင့်တဲ့ စရိုက်လက္ခဏာမျိုးတွေကို ပြောကြတာ..။
လူပီသမှုပေါ့ ...။

လူဖြစ်ပြီး လူပီသတဲ့သူမျိုးဆိုတာ ...
သာတူညီမျှဆိုတာကို လက်ခံတဲ့သူမျိုး ..
အခွင့်ထူးခံဆိုတာကို မုန်းတီးတဲ့သူမျိုး ...
ညှာတာစာနာစိတ်ရှိတဲ့သူမျိုး .....
လူကို လူလို့ သတ်မှတ်တတ်တဲ့ လူစားမျိုး ..

ကိုယ်တိုးတက်ဖို့ ပံ့ပိုးပေးနိုင်တဲ့သူမျိုးကိုပဲ ပေါင်းသင်းတတ်တာမျိုးမဟုတ်ဘူး..
ကိုယ့်ကို ဂရုစိုက်ပြီး မြှောက်ပင့်ပြောဆို ပေးနိုင်ကျွေးနိုင်တဲ့သူမျိုးကိုမှ လိုက်လိုက်လျောလျောပေါင်းသင်းတတ်တဲ့သူမျိုးမဟုတ်ဘူး ....
သာမာန်ထက် ချမ်းသာကြွယ်ဝ ရာထူးဂုဏ်ရှိတဲ့သူမျိုးကိုပဲ တသသချစ်ခင်နေချင်တဲ့သူမျိုးမဟုတ်ဘူး ...
အောင်မြင်ကျော်ကြားတဲ့သူတွေနားမှာပဲ ကိုယ့်အတွက် ဘာများအထောက်အကူရနိုင်မလဲ ရစ်သီနေတတ်တဲ့သူမျိုးမဟုတ်ဘူး....
ကိုယ့်အတွက် ဘာမှအထောက်အကူမဖြစ် ... သူတို့ဆီကနေ ... ဘာမျှော်လင့်စရာမှ မရှိတဲ့သူတစ်ချို့ကို .. မျက်ကွယ်ပြုတတ်တဲ့သူမျိုး မဟုတ်ဘူး...။
လိုချင်တဲ့ချိန်မှာ လိုသလို အသုံးချ ... မလိုအပ်တော့တဲ့အချိန်မှာ ... ခေါင်းရှောင်နေတတ်တဲ့သူမျိုးမဟုတ်ဘူး ...။
သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့သူမျိုးမဟုတ်ဘူး ....။

------
လူပီသမှုဆိုတာကို....
ကိုယ့်အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ .. မပံ့ပိုးပေးနိုင်တဲ့ ... အထောက်အကူမဖြစ်နိုင်တဲ့ ... တစ်ခြားသူတွေအပေါ်မှာ ဘယ်လိုသဘောထား ပြုမူဆက်ဆံတတ်သလဲ ဆိုတဲ့ အချက်ကို ကြည့်လိုက်ရင် .... သိသာလာပါလိမ့်မယ် ...။

Sunday, 17 February 2013

မပြယ်တဲ့ ... သစ္စာ (၁) ~~~

February 17, 2013 10 Comments



သူမက တစ်ချက်ပြုံးလိုက်ရင်း 
"ကျမတို့ လမ်းခွဲလိုက်တာကြာပြီလေ" လို့ ဘာခံစားချက်မှ မရှိသလိုပြောလိုက်တယ်..။ 

"မင်းခံစားနေရမှာပေါ့" ဆိုတဲ့စကားကိုတော့ သူ မပြောဖြစ်ခဲ့ …။ 
ချစ်သူဟောင်းအပေါ်မှာ နာကျည်းနေတဲ့အရိပ်အငွေ့အချို့ကို သူမ မျက်နှာပေါ်မှာ သူတွေ့နေခဲ့လို့ပဲ..။ တစ်ချိန်က သူအဝေးကနေ အမြတ်တနိုးချစ်ခဲ့ရတဲ့ မိန်းကလေးကို မထင်မှတ်ပဲ ပြန်အတွေ့ ..  အရင်က ကလေးဆန်ဆန် မိန်းကလေးတစ်ယောက်က တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့အတူ.. ဟန်ဆောင်တတ်လာ တဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်လာခဲ့ …။

 "အခုဘာတွေ လုပ်နေလဲ" ဆိုတော့ …. သူနားမလည်နိုင်တဲ့ သူမရဲ့ ပညာရပ်ပိုင်းဆိုင်ရာ စကားလုံးတွေ ကို သူ နားလည်သယောင်ယောင် ပြန်လည်ပြောဆိုရင်း …. သူမအပါးကနေ ထွက်လာခဲ့မိတယ်….။

အချစ်ဆိုတာ ….. ပြာဖုံးနေတဲ့မီးခဲတစ်ခုလိုပဲလား ဟန်နီ ..။ေ၀၀ါးနေတာကြာလို့ …. မရှိတော့ဘူး ထင်ခဲ့တဲ့ အချစ်တစ်ခုက ရုတ်တရက်ပြန်အတွေ့မှာ … နှလုံးသားကိုလှုပ်ခတ်လို့ … သူ့ရဲ့ညတွေဟာ … ရှည်လျားလာရပြန်တယ် …..။

သူတန်ဖိုးထား မြတ်နိုးခဲ့ရပေမယ့် …. တစ်ခါဆုံးရှုံးသွားဖူးတဲ့ တစ်စုံတစ်ရာကို အခုတစ်ကြိမ်မှာ …. သူလက်လွှတ်ဖို့ ထိုက်တန်ပါ့မလား ….။ အခွင့်အရေးဆိုတာ ၂ ခါထပ်မလာတတ်ဘူးဆိုတဲ့ ဆိုရိုးစကားတစ်ခုက နှလုံးသားထဲဝင်အလာ …. သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခု ပီပြင်လာခဲ့…။ 

"ကိုယ် သတိရလို့ ဖုန်းဆက်တာ .." ဆိုတဲ့ သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံနောက်မှာ … တည်ငြိမ်တဲ့အသံတစ်ခုက တုန့်ပြန်လာခဲ့တယ်..။ 

"ကျမက အားချိန်သိပ်မရှိဘူး … အားရင်လည်း စာရေးစာဖတ်နေတတ်တယ်" လို့ ပြန်ဖြေလာခဲ့တယ်…။ 

"ဒါပေမယ့် ကိုယ် မင်းကို ၄ နှစ်လုံးလုံး သတိရနေခဲ့တယ်" လို့ သူ ရိုးသားစွာ ၀န်ခံလိုက်တော့ … 
 "ရှင် သံယောဇဉ်ထားတတ်သားပဲ" လို့ သူမက ရယ်သံစွက်လို့ ပြန်ပြောရင်း စကားဝိုင်းတစ်ခုက နွေးထွေးလာသယောင် သူမှတ်ထင်လာခဲ့မိရဲ့ ..။

"ဒီ ၄ နှစ်လုံး မင်းတစ်ယောက်တည်း ဖြတ်သန်းနေခဲ့တာပေါ့" လို့ သူဆိုတဲ့အခါ "လူဆိုတာ မွေးလာတော့ လည်း တစ်ယောက်တည်း သေတော့လည်း တစ်ယောက်တည်း ပြန်သွားရမှာ သိနေရက်နဲ့ ဘ၀တစ်ခုကို တစ်ယောက်တည်း ဖြတ်သန်းတာ ဘာများထူးဆန်းလို့လဲ" လို့ သူမက တုံ့ပြန်ရင်း … အဲဒီစကားတွေထဲမှာ .. သူမရဲ့ ချစ်သူဟောင်းကို လွမ်းဆွတ်တမ်းတနေတဲ့ အရိပ်အယောင်တစ်ချို့ မပါပါစေနဲ့လို့ သူတစ်ဖတ်သတ် အတ္တကြီးမိပြန်တယ်…။

"လွန်ခဲ့တဲ့ ၅ နှစ်လောက်က စာသင်ခုံထဲက ချောကလက်ညိုညိုလေးတွေ .. သစ်ခွပန်းလေးတွေ ကို သတိရသေး လား" လို့ မျှော်လင့်တကြီးသူမေးမိတော့ .." ခြောက်သွားတဲ့အချိန်ဆို အနံ့မရှိတဲ့ သစ်ခွပန်းတွေ ကျမ မကြိုက်တတ်ဘူး" လို့ ပြန်ပြောတတ်တဲ့ သူမက ဟန်ဆောင်ဖို့လဲ မေ့နေတတ် သူဖြစ်ပြန်တယ်..။

"ကိုယ်တစ်ချိန်က ကောင်မလေးတစ်ယောက်ကို အရူးအမူးချစ်ခဲ့ဖူးတယ်.. ဘ၀မှာ ပထမဆုံးချစ်ခဲ့တာ.. ဒါပေမယ့် ကိုယ်သတ္တိကြောင်ခဲ့တယ် … ကိုယ်ချစ်နေတာကို သူသိအောင် ဖွင့်မပြောရဲခဲ့တော့ ကိုယ့်အချစ်ကို သူမသိခဲ့ဘူး
 အဲဒီလို အရင်က အချစ်အကြောင်းကို သူမ သိအောင် ဖွင့်ပြောဖို့ ဒီတစ်ချိန်တော့ သူ့မှာ သတ္တိအပြည့်ရှိလာခဲ့ပြန်တာ …။ သူမရဲ့စကားတစ်ချို့က တစ်ချိန်က သူသတ္တိနည်းခဲ့တာကို နောင်တရသွားစေပြန်တယ် ..။ 

"ဘယ်လောက်ပဲ ခပ်တုံးတုံးမိန်းကလေးဖြစ်နေပါစေ … သူတို့ကို ချစ်တဲ့ယောက်ျားလေးရဲ့ မျက်လုံးကို ဖတ်တတ်တယ်.. စကား၊ အမူအရာကို ဘာသာပြန်တတ်တယ်… ပါးစပ်က ဖွင့်မပြောပေမယ့်လည်း ခံစားချက်ကို နားလည်တတ်တယ်။။ အဲဒါ မိန်းကလေးတွေရဲ့ မွေးရာပါအစွမ်းအစတစ်ခုပဲ ..။ အဲဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါတယ်လို့ ပါးစပ်က ပြောနေပေမယ့် ရင်ထဲက အချစ်စစ်ဟုတ်မဟုတ် မိန်းကလေးတိုင်းလိုလို ခွဲခြားတတ်ပါတယ်..။ တစ်ခါတစ်လေ သူတို့က ချစ်လွန်းလို့သာ ဘာမှမပြောပဲ relationship တစ်ခုကို ထိန်းသိမ်းနေခဲ့တာ.. တစ်ကယ်ချစ်တာမချစ်တာ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို ဖတ်တာမှာ မိန်းကလေးတိုင်း မညံ့ကြဘူး" လို့ သူမက ယေဘူယျသဘောကို ပြောပြလာတော့ … တစ်ချိန်က သူချစ်ခဲ့တာ သိနေခဲ့တယ်ပေါ့လို့ ဖွင့်မေးဖို့ မလိုအပ်တော့…။ 

"ဒါပေမယ့် ပို့သူနာမည်မပါပဲ ရောက်ရောက်လာတတ်တဲ့ စာအုပ်တွေတော့ ကျမက သဘောကျသား" လို့ … သူမက ၀န်ခံစကားတစ်ခုကို ဆိုရင်း အဲဒီစာအုပ်တွေရဲ့ပိုင်ရှင်ဟာ သူပဲဆိုတာ ဟိုအချိန်ကတည်းက သူမ သိနေခဲ့တယ်ဆိုတာကို တစေ့စောင်းပြောပြနေသယောင်ဆိုတော့ သူရဲဘောကြောင်ခဲ့တဲ့ သူ့လုပ်ရပ်တွေအတွက် ရှက်ရွံ့လာခဲ့မိသလိုလို..။

"ဟန်နီ.. မင်းတော်တော်ရင့်ကျက်လာတယ်.. အတွေးအခေါ်တွေလည်း ပြောင်းလဲလာတယ်.. အပြောအဆို အမူအရာတွေလည်း လူကြီးတစ်ယောက်လိုဖြစ်လို့ .. ဒီနှစ်တွေအတွင်း အပြောင်းအလဲတွေ မြန်လိုက်တာ" လို့ သူတီးတိုးရေရွတ်မိတော့ ခပ်တိုးတိုးရယ်နေတဲ့သူမရဲ့ ရယ်သံက အတိတ်ကပုံရိပ်အတိုင်းပဲ ထပ်တူကျသွားပြန်တယ်...။  


++++++++++++++++++++++++++++++++++++++++++++


စိတ်ကူးထဲပေါ်လို့ ချရေးမိတဲ့ ၀တ္ထုတိုတစ်ပုဒ်.. ဘယ်နှစ်ပိုင်းဆက်လာမလဲ မသိ..။ ဇာတ်သိမ်းပိုင်းကို ဘယ်တော့ရေးဖြစ်မယ်မသိ.။ စာရေးချင်စိတ်ပေါ်တဲ့ချိန် .. ပြီးအောင်ဆက်ရေးဖြစ်မှာပါ.. :D :D

Thursday, 14 February 2013

ရိုးမြေကျအတွက် အမှတ်တရ ++

February 14, 2013 8 Comments


ဖေဖော်ဝါရီလရဲ့ အဲဒီနေ့လေးတစ်ရက်မှာပေါ့
မြူတွေဆိုင်းချင်လည်း ရစ်သိုင်းနေခဲ့မယ် ….
နှင်းငွေ့တွေ ဝေချင်လည်း ဝေနေခဲ့လိမ့်မယ်….
ဒါပေမယ့် အဲဒီမြို့လေးဘေးက
ချင်းတွင်းမြစ်ရေတော့ ကြည်လင်နေခဲ့တယ်……
ဆောင်းရာသီရဲ့ နှင်းမှုန်တွေကြားထဲ
ကောင်မလေးတစ်ယောက်ဖြစ်တည်လာခဲ့တဲ့နေ့……

သူမလေ ….
ကဗျာတွေလည်း ချစ်တတ်သလို
စာပေကိုလည်း မြတ်နိုးတယ် ….
လက်တွေ့မှာတော့ စာရင်းဇယားတွေထဲ … ပျော်မွေ့နေသူတစ်ယောက်…..။
ကွန်ပျူတာတစ်လုံးရှေ့မှာ
ကဗျာတွေအကြောင်း ချောကလက်တွေအကြောင်း စဉ်းစားရင်း
ကိန်းဂဏန်းတွေကြားထဲ … မျောပါနေတတ်သူတစ်ယောက် ……
*****************************

ရိုးသားတဲ့စိတ်အရင်းခံနဲ့
မြေလတ်မြို့တစ်မြို့က
ကျန်ာလို့ မဟုတ်ပဲ အနော်လို့ သုံးတတ်တဲ့ သူတစ်ယောက်
ပျော်ရွှင်မှုတွေ ပိုက်ထွေးရင်း
ရွှင်လန်းနေတဲ့ သူ့ပုံစံမှာ
ပါဝင်နေတတ်တဲ့ တစ်စုံတစ်ရာက နှလုံးသားက
စေခိုင်းလိုက်တိုင်း… အက်ဆေးလှလှလေးတွေ ရေးတတ်တဲ့ ကလောင်တစ်လက်နဲ့ ..။
***************************
သူမနဲ့ ကျမ …
ပန်းတွေအကြောင်းပြောဖူးသလို
အလွမ်းတွေအကြောင်းလဲ ပြောဖြစ်ကြတယ် ……
သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖူးသလို
ဆရာမ ဂျူးအကြောင်းလဲ ပြောဖြစ်ကြတယ် ...
စာတွေအကြောင်း ပြောဖူးသလို 
ကဗျာတွေအကြောင်းလဲ ပြောဖြစ်ကြတယ်…..
ဒီကဗျာလေးက သူမအတွက် ကျမရဲ့ အမှတ်တရ ကဗျာတစ်ပုဒ်ပဲဖြစ်ပါစေ…။ 

+++++++++++++++++++++++++++++++++++++++++++++
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရောက်မယ့် ညီမလေး ရိုးမြေကျရဲ့ မွေးနေ့အတွက် အမှတ်တရကဗျာ တစ်ပုဒ်ရေးဖွဲ့ကြည့်တာပါ ...။ မွေးနေ့လက်ဆောင်အဖြစ် တစ်ခြားသူတစ်ယောက်အတွက် ကဗျာရေးပေး တာ ဒါက ပထမဆုံးပါပဲ ...။ ဒါပေမယ့် ကျမခင်တဲ့သူအတွက် တစ်ကယ်စိတ်ထဲက ရေးချင်တဲ့စိတ် နဲ့ ရေးထားတာမို့ မွေးနေ့ရှင်လဲ ကျေနပ်မယ်ထင်ပါတယ်..။ 

ခုရက်ပိုင်းတွေတော့ စာတွေ သိပ်ရေးဖြစ်မှာ မဟုတ်တော့ဘူး ... ကျမစာမေးပွဲတစ်ချို့ရှိသလို ... ခရီးသွားဖို့လည်း ပြင်ဆင်နေတာကြောင့်ပါ..။ ဒါပေမယ့် .... ကဗျာအတိုအစလေးတွေတော့ တခါတလေ ထွက်လာဖြစ်မှာပါ.. စာကြည့်နေရင်း ကဗျာရေးဖို့ အာရုံရရင်ရလာတတ်တာလေ..။ စာမေးပွဲချိန်ဆို ကဗျာရေးဖို့ ဦးနှောက်က အလုပ်လုပ်တယ် .:D .. ဒါပေမယ့် ကျမရေးလေ့ရှိတဲ့ ဘာအနှစ်သာရမှမရှိတဲ့ ကဗျာတိုလေးတွေအတွက် တကူးတကလာဖတ်တဲ့သူအားလုံးကိုလည်း အားနာမိတယ်.. ။

++++++++++++++++++++++

အားလုံးပျော်ရွှင်အောင်မြင်ပါစေ ... :-*


Sunday, 10 February 2013

♥ ♥ အချစ်ဟုခေါ်သည် ♥ ♥

February 10, 2013 9 Comments
++++++++++++++++++
ပြတင်းတံခါးရဲ့အပြင်ဘက်မှာ
နှင်းတွေ တဖွဲဖွဲကျနေလေရဲ့……
ဒီအချိန် ကမ္ဘာကြီးရဲ့တစ်ဘက်ခြမ်းမှာတော့
မိုးတွေ သည်းသည်းမည်းမည်းရွာလို့ ........။

ကိုယ်က သံစဉ်ချိုချို သီချင်းတစ်ချို့နားထောင်နေတတ်ချိန်
မင်းက Hiphop တွေနဲ့ ပျော်မြူးနေလေရဲ့……………
ကိုယ်က မြေပြင်ထက်က သစ်ရွက်တစ်ချို့ ငေးမောနေတတ်ချိန် ……
မင်းက တိမ်တွေရွေ့လျားရာ လိုက်ပါမျောလွင့်လို့ ……။

ဒီလိုပါပဲကွယ် …. ကြာခဲ့ပြီပဲ
ဆန့်ကျင်ဘက်တွေထဲ အသားကျနေတတ်ခဲ့တာ …..
တူညီတာတစ်ခုတော့ ရှိတယ်
ကိုယ်မင်းကို သိပ်ချစ်သလို
မင်းလဲ ကိုယ့်ကိုသိပ်ချစ်တယ်…….
ထပ်တူကျတဲ့ စကားတိုင်းက အချစ်လို့မြည်တမ်းတယ် .....။

အလွမ်းတွေက ကိုယ်စီဝန်းရံလို့
သတိရခြင်းတွေက တခမ်းတနား
ပြန်ဆုံမယ့်ရက်ကို လက်ခုပ်တီးဖို့အသင့်ပြင်
မဝေးတော့တဲ့ ကာလတစ်ခုမှာ
နင့်အနား ငါအရောက်လာခဲ့မယ်…..

♥ ♥ ♥ ♥ ♥ ♥

Thursday, 7 February 2013

အခုလောလောဆယ် ~_~

February 07, 2013 10 Comments
ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်တော့မယ် .......................ဂျာမနီင်္မှာနေလာတာ ၂ နှစ်ပြည့်တော့မယ်လို့ တွက်ကြည့်မိတာပါ ....။
နောက်လဆိုရင်တော့ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်......။ အဲဒီတစ်နှစ်ပြည့်အမှတ်တရမှာတော့ မှတ်မှတ်ရရ ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးဖို့  ကြိုးစားကြည့်ရဦးမယ်.. (မဖြစ်မနေ^^)
နောက်လရောက်ရင် ခရီးအကြီးကြီးတစ်ခုလည်း သွားရဦးမယ် ^^^ အဲဒီအတွက် ကြိုပျော်နေသလို ... အဲဒီသွားဖို့လည်း စီစဉ်ရတာ နားရတယ်လို့မရှိ.....။ ဒီတစ်လလုံးလိုပဲ ... ခရီးသွားဖို့ပြင်ဆင်ရတာရယ်.. အရင်သွားထားတဲ့ Field report က ဒီနေ့မှအပြီးသတ်ပြီး ဆူပါဗိုက်ဆာဆီ ပို့လိုက်တာရယ်.. စာမေးပွဲတစ်ချို့ရှိတာတွေကြောင့် ဘာစာမှမရေးဖြစ်တာကြာပြီ....။ မရေးရင် မရေးသလို ဧည့်သည်တွေလဲ အ၀င်ကျဲတယ်...။ မရေးသာမရေးတာ မအားသာ မအားတယ်.. နေ့တိုင်း ခဏခဏ၀င်ကြည့်တယ်လေ...။ အဲဒီလို ချစ်တာ.... (သံယောဇဉ်တွေ) ......။

Facebook Page လဲ တူတူပဲ ဘာမှမတင်ဖြစ်တော့ ဘယ်သူမှ အလည်မလာကြဘူး.....။ ကြိုးစားရဦးမယ်....။ တစ်ကယ်က အချိန်မရှိလို့ မရေးဘူးဆိုတာ အကြောင်းပြချက်တွေပါ... အိပ်ချိန်စားချိန်တွေတောင်ရှိသေးတာပဲ ... အချိန်က ညှိယူရင်ရပါတယ်... ဒါပေမယ့် တခြားအလုပ်တွေ ရှုပ်နေချိန်မှာ စာရေးဖို့ဆိုတာ ဘယ်လိုမှ Mood သွင်းဖို့မလွယ်တာ...။ စာရေးတယ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သုတစာတွေ ခေါင်းစားပြီး ရေးနေမှမဟုတ်ဘဲ... ဒီ Blog မှာ ဟိုရေးဒီရေး ရေးတာတောင်မှ ဈန်ဝင်မှ ရေးလို့ရတယ်.. တော်တော်တော့မလွယ်တဲ့အလုပ်ပဲနော်..။ ဒါပေမယ့် ဒီဝါသနာကို ဘယ်လိုမှ မစွန့်လွှတ်နိုင်ပြန်ဘူး..... ရေးတတ်သလောက်တော့ ရေးချင်သလို ရေးနေမိမှာပဲ ...။ ရေးလိုက်တဲ့စာအချို့က ဒိုင်ယာရီသဘောမျိုးဖြစ်ချင်ဖြစ်မယ်... ဖန်တီးထားတဲ့ ကဗျာတစ်ချို့ ၀တ္ထုတစ်ချို့ဖြစ်ရင်ဖြစ်မယ်... သေချာတာက ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး.....။ ကိုယ်ရေးလိုက်တဲ့စာတွေက ဆေးမဖြစ်ရင်တောင် အဆိပ်တော့ လုံးဝမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကို အာမခံထားပါတယ်.....။

စာရေးတဲ့ Blogger အတော်များများ တစ်ယောက်နဲ့တစ်ယောက်အရမ်းရင်းနှီးပြီး မောင်နှမရင်းချာတွေလို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြစ်နေတာတွေတွေ့တော့ ကျမက တိတ်တိတ်လေး နေတတ်တဲ့သူပါလားလို့ သဘောပေါက်လာတယ်..။ တစ်ကယ်က အပြင်မှာလည်း အဲလို တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူပါ..။ တစ်ကယ်က အဲဒါကို မပေါင်းတတ်မသင်းတတ် တစ်ယောက်တည်း နေရတာကိုပဲ သဘောကျတဲ့သူလို့ ပြောလို့ရမယ်ထင်တယ်...။ မကောင်းတဲ့ အကျင့် ..သိပေမယ့် မပြင်နိုင်သေးဘူး..။ 


အခုတလော report ရေးတာနဲ့ စာမေးပွဲအတွက် စာကြည့်နေရတာရယ်.. ခရီးသွားဖို့ စာတွေပြင်နေရတာရယ်ကြောင့် စာကြည့်တိုက်ကို နေ့တိုင်းလိုလို သွားဖြစ်တယ်..။ အဲမှာ တစ်ခုတွေ့တာက ဒီက စာကြည့်တိုက်က ပွဲလမ်းသဘင်လိုဖြစ်နေတာပဲ...။ စာကြည့်တိုက်ထဲမှာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာတွေ ထားပေးထားတယ် ။ Group Discussion လုပ်ချင်ရင် အဖွဲ့လိုက်ထိုင်လို့ ရတဲ့ စားပွဲတွေအများကြီးရှိတယ်..။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်စာဖတ်ချင်ရင် ဖတ်လို့ရအောင် တစ်ယောက်ထိုင်စာကြည့်စားပွဲလေးတွေ တန်းစီထားတာတွေ အများကြီးရှိတယ်..။ စာကြည့်တိုက်က ၂ ထပ်ရှိတာ ကျောင်းသားပေါင်း ၃၀၀ ကျော် ၄၀၀ လောက်ဝင်လို့ရတယ်..။ ဒါပေမယ့် မနက် ၁၀ နာရီနောက်ပိုင်းမှ သွားရင် အဲဒီ နေရာ ၄၀၀ လောက်က လူအပြည့်ဖြစ်နေပြီ..။ ကိုယ့်အတွက် နေရာရဖို့ မလွယ်တော့ဘူး..။ ဒီက ကျောင်းသားကျောင်းသူတွေ စာအရမ်းကြိုးစားပါလားလို့ သဘောပေါက်လာတယ်..။ တစ်ကယ်က သူလဲတူတူ ကိုယ်လဲတူတူပဲ အိမ်မှာဆို ဘယ်သူမှ တစိုက်မတ်မတ်မကြည့်ဖြစ်ဘူးလေ.... ကျမဆိုပိုဆိုးတယ်.. Facebook ရောက်ချင်ရောက်တယ်..။ စာအရမ်းအရေးကြီးလာတဲ့အချိန်ဆို စာမကြည့်ရအောင် အခန်းသန့်ရှင်းရေးလုပ်လိုက် ... အ၀တ်တွေ လျှော်လိုက်.. စားချင်တာ ထလုပ်ပြီး စားလိုက်.. တစ်ယောက်တည်းရှုပ်ပြီး အချိန်တွေကုန်တာ..။ အဲဒါကြောင့် ဟိုမှာဆိုတော့ သူလဲကြည့် ကိုယ်လဲကြည့် ... တော်တော်အလုပ်ဖြစ်တယ်...။ အဲဒါနဲ့ပဲ နှင်းတောထဲတိုးပြီး  သွားသွားနေရတာ..။

ဒီကလူတွေကို သဘောကျတဲ့တစ်ချက်က အချိန်ကို ခွဲခြားပြီး အလုပ်လုပ်တတ်တာကို ကြိုက်တာ...။ သူတို့ စာကြည့်ရမယ့်အချိန်မှာ စာပဲ အာရုံစိုက်တယ်..။ ဘယ်မှ အာရုံမရောက်ဘူး..။ စာကြည့်တိုက်ကို လာပြီး စိတ်ဝင်တစား ဖြစ်မြောက်အောင် လေ့လာတယ်..။ ပြီးရင် ပါတီတွေဘာတွေသွားတာဘာညာကတော့ သူတို့ဓလေ့ပေါ့..။ ဒါပေမယ့် အချိန်ကို ခွဲခြားလုပ်တတ်တော့ ပျော်ပါးတဲ့အချိန်မှာလည်း လွတ်လွတ်လပ်လပ် ပျော်လို့ရတာပေါ့..။ တစ်ကယ်လို့ စာကြည့်တဲ့အချိန်မှာ စာထဲစိတ်မရောက်ပဲနဲ့ Facebook ကြည့်လိုက် ရုပ်ရှင်ကြည့်လိုက် ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတာမျိုးက ဘယ်တော့မှ အလုပ်မဖြစ်ဘူး.. အဲဒါအောင်မြင်မယ့်လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာမဟုတ်ဘူး..။ 

ဆရာမြသန်းတင့်ရဲ့ လူလေးသို့ပေးစာများ ဆိုတဲ့ စာအုပ်မှာဖတ်ဖူးတယ်...။ တစ်ချိန်မှာ အလုပ်တစ်ခုပဲလုပ်တာက ထိရောက်အောင်မြင်တယ်တဲ့..။ "ဘယ်အလုပ်ကိုပဲလုပ်လုပ်.. အလုပ်တစ်ခု တည်းကိုပဲ သတ်သတ်မှတ်မှတ်လုပ်ပါ..။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုကို မလုပ်ပါနဲ့တဲ့"
စာတွေကို လေ့လာကျက်မှတ်တဲ့ အချိန်ရှိသလို ပျော်ရွှင်ဖို့အချိန်လည်း ရှိရမယ်။ ဒီနှစ်ခုကို အညီအမျှဂရုမထားခဲ့ဘူးဆိုရင် နှစ်ခုစလုံးမှာ ပျော်ရွှင်မှု၊ ဒါမှမဟုတ် ကျေနပ်မှုကို ရမှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ မိမိရဲ့အာရုံကို လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာ စူးစိုက်ခြင်းမပြုခဲ့ရင်၊ သို့မဟုတ် မပြုနိုင်ခဲ့ရင် အဲဒီအချိန်မှာ အခြားသော အလုပ်များကို (တစ်စုံတစ်ခုသော အတိုင်းအတာဖြစ်စေ) ဖယ်ထုတ်မထားခဲ့ရင် အဲဒီလူဟာ အလုပ်လုပ်ဖို့လည်း မသင့်လျော်ဘူး။ ပျော်ရွှင်မှုအတွက်လည်း မသင့်လျော်ဘူး။ လူတစ်ယောက်ဟာ ကပွဲမှာ ဖြစ်စေ၊ ညစာစားပွဲမှာဖြစ်စေ၊ ဧည့်ခံပွဲဖြစ်စေ သူ့စိတ်ထဲမှာ ပုစ္ဆာတစ်ပုဒ်ကို တွက်နေရင် အဲဒီလူဟာ အလွန်ညံ့ဖျင်းတဲ့ အဖော်တစ်ယောက် ဖြစ်နေမှာပဲ။ အဲဒီ အသိုက်အဝန်းထဲမှာ အလွန်သနားစရာကောင်းတဲ့ သတ္တဝါတစ်ယောက်ပဲ ဖြစ်နေမှာပဲ။ ဒီလို မဟုတ်ဘဲ အခန်းထဲမှာ ပုစ္ဆာတစ်ပုဒ်ကို တွက်နေတုန်း အကအကြောင်းကို စဉ်းစာနေရင်လည်း သူဟာ အလွန်ညံ့ဖျင်းတဲ့ သင်္ချာသမားတစ်ယောက်သာ ဖြစ်လာလိမ့်မယ်။ တစ်ချိန်မှာ အလုပ်တစ်ခုကိုသာ လုပ်သွားရင် တစ်နေ့တစ်နေ့မှာ သူ့ဆိုင်ရာဆိုင်ရာလုပ်ဖို့ လုံလောက်တဲ့ အချိန်ရှိတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ အလုပ်နှစ်ခုကို လုပ်မယ်ဆိုရင် တစ်နှစ်လုံးမှာတောင် လုံလောက်တဲ့အချိန်ရှိမှာ မဟုတ်ဘူး။  (လူလေးသို့ပေးစာများမှ ကောက်နှုတ်ချက်.. ကြိုက်လွန်းလို့ လက်တွေ့အသုံးချနေပါတယ်)
စာလုပ်ရမယ့်အချိန်မှာ အပျော်အပါးကို စိတ်ရောက်နေတာမျိုး (ဒီနေ့ခေတ်မြန်မာနိုင်ငံမှာဆိုရင်တော့ အနီးစပ်ဆုံးပြောရင် ကျောင်းသားတွေ Facebook ထဲ စိတ်အရမ်းရောက်နေတာမျိုး).. စိတ်အပန်းဖြေနေတဲ့အချိန်မှာ စာထဲအလုပ်ထဲ စိတ်ရောက်နေတာမျိုးက ဘယ်လိုမှမဖြစ်သင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာနိုင်သလို အလုပ်လဲမဖြစ် ပျော်လဲမပျော်ရ.. ကြာတော့ လုပ်တိုင်းမဖြစ်တော့ မိမိကိုယ်ကို ယုံကြည်မှုလျော့သွားနိုင်တယ်..။

ဒီကစာကြည့်တိုက်မှာ အဲလိုပဲ ပွဲလမ်းသဘင်လို စားပွဲတိုင်းမှာ ကျောင်းသားတွေအပြည့်...။ ညဆိုတော်တော်နဲ့မအိပ်တော့ မနက်ကိုမနည်းထပြီး ၉ နာရီလောက်ရောက်အောင် နေရာယူထားရတယ်.။ မဟုတ်ရင် အိမ်ကိုလှည့်ပြန်ပဲ ..။ တစ်ရက်က မသိမသာဓါတ်ပုံရိုက်ထားတာ..။ ဆရာမြသန်းတင့်ရဲ့စာအုပ်အကြောင်း Blog မှာရေးချင်တာရယ်.. အဲဒီစာအုပ်ထဲက အကြောင်းအရာက ဒီကလူတွေရဲ့စရိုက်နဲ့ တိုက်ဆိုင်တာတွေကြောင့် ဒီအကြောင်းလဲ ရေးချင်တာနဲ့ပဲ ..။

အဲဒီစာအုပ်က တော်တော်များများလည်း ဖတ်ဖူးပြီးဖြစ်မှာပါ..။ အရမ်းနာမည်ကြီးတဲ့စာအုပ်ပဲလေ..။ အဝေးမှာ ပညာသင်နေတဲ့သားကို အဖေက စာရေးပြီး ကောင်းရာကောင်းကြောင်းဆုံးမထားတာ..။ ၁၇၀၀ ၀န်းကျင်လောက်က သားက ဥရောပတစ်ဝိုက်မှာ ပညာသင်နေတုန်း သားဖြစ်သူဆီရေးလိုက်တဲ့ စာတွေထဲက အဖေဖြစ်စေချင်တာတွေ၊ ဒီနေ့အချိန်ထိ ဥရောပမှာ ဒီလိုစရိုက်တွေ တွေ့နေရတုန်းဆိုတော့ ဒီနိုင်ငံတွေ ဘာကြောင့်တိုးတက်သလဲဆိုတာ အဓိကက လူတွေရဲ့ အချိန်ကိုအကျိုးရှိရှိအသုံးချ တစိုက်မတ်မတ် ကြိုးစားချင်စိတ်တွေကြောင့်ပေါ့.။ အဲဒီစာအုပ်ထဲမှာ သားကဥရောပတစ်ဝိုက်မှာ ပညာသင်ရင်း ဂျာမနီမှာလည်း တော်တော်ကြာ နေခဲ့ပုံပေါ်တယ်.. ။ ကျမနေနေတဲ့မြို့နဲ့ ပတ်ဝန်းကျင် က မြို့နာမည်တွေ တော်တော်များများ ဖတ်မိတယ်..။

++++++++++++++++++++++++++++++++

အခုတလော ဖတ်ချင်နေတဲ့စာအုပ်တစ်အုပ်ရှိတယ်..။ ဒီမှာက ၀ယ်ဖို့မလွယ်လောက်ဘူး..။ မြန်မာဆိုင်မှ မရှိတာ..။ အိမ်ကိုပို့ခိုင်းရင်ရပေမယ့် နောက်မှ ၀ယ်ဖတ်တော့မယ်..။ သဘောကျတဲ့ စာရေးဆရာမတစ်ယောက် ရေးထားတဲ့စာအုပ် ..။ လုံးဝရသစစ်စစ်.. သူက နာမည်ကြီးဘတ်ဆဲလား အချစ်ဝတ္ထုတွေ ဟောတစ်အုပ်ဟောတစ်အုပ်ထွက်နေတဲ့သူမဟုတ်ဘူး..။ ဒါပေမယ့် ကျမ သဘောကျတယ်...။ သူရယ်လို့မဖြစ်လာခင်ကတည်းက သူရေးတဲ့ပုံစံကို သဘောကျနေတာ..။ လူတွေ သူ့ကိုမသိခင်ကတည်းက ကျမက သူ့ရဲ့ Way of Writing ကို သဘောကျခဲ့တာ.. အခုတော့ သူနာမည်ရလာတော့ သူ့အစားပျော်တယ်..။

++++++++++++++++++++++++++++++++++++

ဟိုရောက်လိုက်ဒီရောက်လိုက်... ရေးချင်ရာရေးလိုက်တဲ့ ပို့စ်တစ်ပုဒ်တော့ ပြီးပါပြီ..။ နောက်ဆိုရင် ခဏခဏစာရေးဖြစ်အောင် ကြိုးစားပါဦးမယ်..။ အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်ပါတယ် <3 <3

Follow Us @soratemplates