Tuesday, 24 December 2013

48th Greetings ♥♥

December 24, 2013 3 Comments


ဖြူလွလွနှင်းပွင့်တွေနဲ့ ရေခဲမှတ်အောက်က ဆောင်းရာသီမဟုတ်ပေမယ့်လည်း မြန်မာပြည်ရဲ့ ဆောင်းရာသီက အလွန်ကို အေးလွန်းနေခဲ့ပြန်တယ်....။ ညရောက်ရင် တဖျောက်ဖျောက်ကျနေတဲ့ နှင်းရည်တွေ၊ မနက်ဘက်မှာ မြူတွေဆိုင်းနေတတ်တဲ့ ဒီမြို့လေးမှာ အလွမ်းတွေနဲ့ အသားကျနေခဲ့တာလည်း ကြာခဲ့ပေါ့ ..။ တကယ်တော့လည်း စာလှအောင်သာ အလွမ်းလို့ သုံးနှုံးလိုက်ရပေမယ့် လွမ်းစရာရယ်လို့ မယ်မယ်ရရမရှိလှပါဘူး ......။

မနက်တိုင်း စောစောထပြီး လမ်းလျှောက်နေကျ ကန်ဘောင်ကလည်း ဟိုအရင်အတိုင်း မပြောင်းမလဲရှိနေဆဲဆိုပေမယ့် ဆောင်းရာသီမှာ အားကစားလှုပ်ရှားသူတွေ ဟိုးအရင် ၂ နှစ်ကထက် ပိုများလာတာကတော့ ဒီနေရာလေးမှာ ကျန်းမာရေးလိုက်စားသူတွေများလာတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ .......။

အလုပ်တစ်ဖက်နဲ့ အချိန်တွေပိုပိုပြီး ရှားပါးလာတဲ့အခါ စာရေးစရာအချိန်ရယ်လို့ လုယူလို့မရနိုင်လောက်အောင် ဘ၀က လှုပ်ရှားရုန်းကန်နေရပြန်တယ်....။ တခါတခါ အေးအေးဆေးဆေး စာဖတ်လိုက် ရေးချင်တဲ့စာရေးလိုက်နဲ့ နေရတဲ့ဘ၀ကို လိုချင်မိတယ်...။ ဒါပေမယ့်လည်း အစ်မတစ်ယောက်ပြောသလို စာရေးတဲ့အလုပ်နဲ့ ဘ၀ရပ်တည်ဖို့မဖြစ်နိုင်တဲ့ မြန်မာနိုင်ငံမှာဆိုတော့လည်း  .... ကိုယ်ရွေးချယ်ထားတဲ့ လက်ရှိအသက်မွေးဝမ်းကြောင်းအလုပ်ကိုပဲ ပိုအောင်မြင်အောင် ကြိုးစားဖို့ အချိန်တွေ စတေးနေရပါတယ် ...။ တက္ကသိုလ်တုန်းက စာသင်ခဲ့တဲ့ ဆရာတစ်ယောက်က သူ့စာအုပ်ကို ထုတ်တဲ့အခါ ရင်းနှီးတဲ့တပည့်တွေကို ၀ယ်စေတယ် ....။ အဲဒီစာအုပ်ကို ကြားကနေယူလာပေးတဲ့တစ်ယောက်က “ဒီခေတ်ကြီးထဲမှာ စာအုပ်က လူတွေနောက်ကို ပြန်လိုက်နေရတယ်၊ လူတွေ စာဖတ်တဲ့အကျင့် လျော့ကျလာတယ် ထင်ပါတယ်” လို့ပြောလာတယ်...။ အဲဒီတော့လည်း ကိုယ်ရေးတဲ့စာတွေကို စာအုပ်ကလေးအဖြစ်မြင်ချင်လွန်းလို့ .. ပိုက်ဆံအကုန်ခံပြီး စာအုပ်များ ထုတ်ဖြစ်ခဲ့ရင် ရှုံးမယ့်ဘက်က တော်တော်အလေးသာမယ်ထင်တယ်..။
ပြောမယ့်သာ ပြောတာပါ ..။ ကိုယ့်ပိုက်ဆံနဲ့မဟုတ်ဘဲ အခုနေအခါမှာ တစ်ယောက်ယောက်ကများ စေတနာဗရပွနဲ့ စာအုပ်အလကားထုတ်ပေးမယ်ဆိုရင်တောင် .. စာအရေးမတတ်တဲ့ ကျမက ဘာမှ ဖြစ်မြောက်လာမှာမဟုတ်ပါဘူး ....။ ဒါပေမယ့် အိပ်မက်တစ်ခုကိုတော့ ဆုပ်ကိုင်ထားဆဲ ..။ တစ်ချိန်ချိန်မှာတော့ ကိုယ်တိုင်ရေးတဲ့စာအုပ်တစ်အုပ်ကို ကိုယ်တိုင်ထုတ်ဖြစ်အောင် ကြိုးစားမယ် ဆိုတာပါပဲ ..။ တနေ့နေ့ပေါ့ ...... မဖြစ်နိုင်ဘူး ဆိုတာမရှိပါဘူး .. မဖြစ်သေးတာပဲ ရှိတာပါ .... ^_^

48th ဆိုတော့ ၂၀၁၃ တစ်နှစ်ကို ပြန်ကြည့်တဲ့အခါ အခုပို့စ်က ၄၈ ခုမြောက်လေ...။ အဲဒါဆိုရင် ပျမ်းမျှ တစ်လကို ၄ ပုဒ် ရေးဖြစ်နိုင်ခဲ့တယ် ဆိုတဲ့သဘောပေါ့ ..။ ဒါဆိုရင် တစ်ပတ်ကို ပို့စ်တစ်ပုဒ်နှုန်းတော့ ရေးနိုင်ခဲ့တယ် ဆိုတော့ ကိုယ့်ရဲ့စာရေးနိုင်အား၊ ရှိစုမဲ့စုအချိန်တွေကို တွက်ကြည့်လိုက်ရင် မဆိုးပါဘူး ..။ ပုံမှန်ရေးနိုင်အောင်တော့ ရှားရှားပါးပါးအချိန်တွေထဲက ကြိုးစားနိုင်ခဲ့ပါတယ်..။ ရေးခဲ့သမျှက ဘာအနှစ်သာရမှ မရှိပေမယ့်လည်း စာတစ်ပုဒ်ဖြစ်လာအောင် စဉ်းစားတွေးတောပြီး အချိန်တွေပေးကာ ကြိုးစားခဲ့တာဟာ တော်ရုံဝါသနာတော့မဟုတ်ပါဘူး ...။ တချိန်ချိန်တော့ ၀ါသနာကနေ ကျွမ်းကျင်ရာ ဖြစ်နိုင်ကောင်းပါရဲ့ ...။

တစ်နှစ်ဆိုတဲ့ အချိန်ကာလက ခဏကလေးလိုပါပဲ.. ကုန်ဆုံးသွားတာမြန်လိုက်တာ ..။ ၂၀၁၃ က ပျမ်းမျှအားဖြင့် ပျော်စရာတွေများခဲ့ပါတယ် ....။ မေ့သင့်တဲ့အရာတစ်ခုကို လျစ်လျူရှုဖို့ ကြိုးစားခဲ့ရတာ နည်းနည်းစိတ်ပင်ပန်းခဲ့တာကလွဲရင်ပေါ့ ..။ ဒါကလည်း ထူးထူးထွေထွေ ခံစားစရာရယ်လို့တော့ မဟုတ်ပါဘူး ..။ လူငယ်ဘ၀မှာ  ... အားလုံးမဟုတ်ရင်တောင် အတော်များများ ကြုံဖူးတဲ့အရာပဲမဟုတ်လား ....။ ဒါကြောင့်လည်း သီချင်းတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေမှာ အဲဒီအသည်းကွဲတဲ့အကြောင်းအရာတွေ၊ ခွဲခွာရတဲ့အကြောင်းအရာတွေကိုပဲ တခမ်းတနားဖွဲ့နွဲ့နေကြတာ မဟုတ်ပါလား ....။

ဒါပေမယ့်လည်း ၂၀၁၄ မှာတော့ .... စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ မကြုံရဘဲ .. ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်မိတယ်...။ အားလုံးလည်း နှစ်သစ်မှာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေနဲ့ ကြုံရပါစေလို့ ဆုတောင်းပေးပါတယ်နော် ...။


Hallo 2014! Pls bring more sweet memories to me ♥♥

Saturday, 7 December 2013

ဆောင်းပုံပြင် ~~~

December 07, 2013 3 Comments



အေးစိမ့်စိမ့်အငွေ့အသက်တစ်ချို့ကလွှမ်းခြုံရင်း နှင်းစက်တွေ တဖြောက်ဖြောက်ကျနေသည့်
 ဆောင်းကာလသည် သူမအတွက်တော့ အတိတ်ကို ခေါ်ဆောင်သွားတတ်သည့် ကာလရထား တစ်ခုပင်ဖြစ်ပါသည် ။ 

~~~~~~~~~~~~~~~~~~
ကာလတစ်ခုဆီက တစ်ခုသော ဆောင်းရာသီမှာ အရုပ်သေးသေးလေးတွေ ရှုပ်ပွနေအောင် ချိတ်ဆွဲထားသော ကျောပိုးအိတ်တစ်လုံးနှင့် ကောင်မလေးတစ်ယောက်၊ စလွယ်သိုင်းလွယ်ထားသည့် Diesel အိတ်တစ်လုံးထဲမှာ စာအုပ်တွေကို မသေမသပ်စုပြုံထည့်ထားပြီး ဆိုင်ကယ် တစ်စီးနှင့် ကောင်လေးတစ်ယောက်...။ ခပ်ဝေးဝေးဆီလောက်ကနေ ကြားနိုင်လောက်သည့် စကားသံများမှာ ရယ်သံများလွှမ်းလျက် “အလိုက်တာ” “ငတုံးမလေး” စသဖြင့် ကောင်မလေးကို စနောက်နေပုံရသည့် စကားလုံးတွေကြားမှာ ကျောပိုးအိတ်ဖြင့် တဖျတ်ဖျတ်ရိုက်နေသည့် မြင်ကွင်းများသည် ပီဘိသူငယ်ချင်းနှစ်ယောက် ၏ ဖြူစင်သောကာလ များသာ ဖြစ်ပါသည်..။

“နှင်းတွေကျတယ် ဟန်နီ... လမ်းလျှောက်ရင် ချော်လဲမယ် ..သတိထား” ဆိုသည့် ကောင်လေး၏ သတိပေးစကားမဆုံးခင် နီးစပ်ရာ သစ်ပင်ကိုလှမ်းဆွဲရင်း လဲကျနေပြီဖြစ်သည့် သူမ၏ နမော်နမဲ့များကြားမှာ သူ့ရဲ့ဂရုတစိုက်ရှိမှုများက သူငယ်ချင်းများကြား စနောက်စရာဖြစ်လာခဲ့ပါသည် ...။ ခက်ခက်ခဲခဲသွားရသည့် တောင်တက်လမ်းတွေတိုင်းမှာ သူမ၏ မိန်းကလေးဆန်လှသော ကျောပိုးအိတ်ကို ကူသယ်ပေးတတ်တာ၊ မောမောပန်းပန်းနှင့် တွေ့ကရာနေရာမှာ ထိုင်ချ၊ နားချင်သော သူမအတွက် ပိုးမွှားအန္တရာယ်များကို အလိုက်တသိကြည့်ပေးတတ်တာ၊ သူမအတွက် အစားအသောက်ကို ဂရုတစိုက်သယ်လာပေးတတ်တာတွေ ဟာ သူငယ်ချင်းလို မောင်နှမလို ချစ်တတ်တာပါဟု သူငယ်ချင်းများကြား သူမက ကြိုတင်ကာကွယ်ပြောပြထား လေ့ရှိခဲ့ပါသည် ...။ 
 
သူမကို ပိုးပမ်းသော အခြားသူများကို နာလိုခံခက်စွာ သူစိတ်တိုနေတတ်သည့်အချိန်တိုင်း အစ်ကိုတစ်ယောက်က ညီမတစ်ယောက်အတွက် နှမြောတသစိတ်ဖြစ်နေသလားဟု အူကြောင်ကြောင်အတွေးမျိုးလည်း သူမက တွေးတတ်သေးသည် ...။ အချစ်ဆိုတာကို တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော မိန်းကလေးတစ်ယောက်အတွက် သူငယ်ချင်းလို အစ်ကိုလိုသာ ချစ်နေတာပါဆိုသည့်အတွေးသည် သူ့ဆီက စာတစ်စောင်ကိုရအပြီးမှာ ပြောင်းလဲသွားခဲ့ပါသည် ...။ သူငယ်ချင်းများစုံညီစွာ ထိုင်နေကြသော လက်ဖက်ရည်ဆိုင်မှာ .. တစ်ယောက်ပြီးတစ်ယောက် အကြောင်းအမျိုးမျိုးပြကာ ထွက်သွားကြပြီး ၂ ယောက်တည်း ကျန်ခဲ့ချိန်ထိ အခြေအနေအားလုံးကို သူမက မရိပ်မိ မသိရှိခဲ့ပါ ..။ ဟိုအရင်လည်း သူမနှင့် သူ နှစ်ယောက်တည်း လက်ဖက်ရည်ဆိုင်ထိုင်သော ကာလများလည်း ရှိသည်မဟုတ်ပါလား ...။ ကတုန်ကရင်နှင့် သူပေးလာသည့် စာရွက်ခေါက်သေးသေးလေးကို အနည်းငယ်အူတူတူအတတနိုင်လှသော သူမသည် ရည်းစားစာမှန်းမသိဘဲ ... ကျောင်းစာတစ်ခုခုများလားဟု ချက်ချင်းဖွင့်ဖတ်ဖြစ်သည်အထိ ကဗျာမဆန်လှသော အဖြစ်အပျက်များဖြင့်သာ စတင်ခဲ့ပါသည် ..။

ရောင်စုံစာရွက်လှလှလေးတွေ၊ စာအိတ်ကလေးတွေဖြင့် ရည်းစားစာပေးလို့ရသည့် အခြေအနေတွင် သူ့ဆီမှ သူမ ရသည့် ပထမဆုံးရည်းစားစာသည် စာရွက်တစ်ရွက်ပင်မပြည့်သည့် စာရွက်အပိုင်းအစတစ်ခုမျှသာ ..။
ဘာတစ်ခုမှ ဖွဲ့နွဲ့မထားဘဲ “နင့်ကို ငါချစ်တယ်” ဆိုသည့်စကားကို ပတ်ချာလည်ရေးထားသော စာတစ်စောင်သည် ထိုအချိန်ကတော့ သူမအတွက် ရယ်စရာတစ်ခုသာဖြစ်ခဲ့ပါသည်..။
“နင့်ကို ငါ ချစ်တယ်
ငါ ချစ်တယ် နင့်ကို
ချစ်တယ် နင့်ကို ငါ
ချစ်တယ် ငါ နင့်ကို
နင့်ကို ချစ်တယ် ငါ
ငါ နင့်ကို ချစ်တယ်” ဟူသာ ဖြစ်ပါသတဲ့ ..။
“သူငယ်ချင်းလိုပဲ ချစ်တာ” ဆိုသည့် သူမ၏ အဖြေစကားနောက်တွင် ... နှစ်နှစ်ဆိုသည့်ကာလအထိ သူငယ်ချင်းလို အစ်ကိုလို သူမကို သူ ဂရုစိုက်စောင့်ရှောက်ခဲ့ပါသည် ..။ 

တစ်ခုသော ဆောင်းကာလ၏ နံနက်ခင်းတစ်ခုတွင် အေးမြနေသော လေထုကြားမှာ နွေးထွေးနေသော သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း “ဘာကြောင့်လဲ”ဟူသည့် သူ၏ အမေးနောက်မှာတော့ “ချစ်လို့” ဆိုသည့် စကားတစ်လုံးတည်းဖြင့် ရိုးရိုးရှင်းရှင်းပင် ချစ်သူတွေဖြစ်ခဲ့ကြပါသည်...။ 

နှစ်စဉ် ဆောင်းရာသီ၏ ထိုတစ်နေ့ကို ရောက်လာတိုင်း သူမချစ်တတ်သည့် ၀က်ဝံရုပ်မျိုးစုံဖြင့် ဘယ်လောက်ပင် အနေဝေးပါစေ သူအရောက်လာပါသည် ...။ အနာဂတ်အကြောင်း ပြောဆိုရင်း ပျော်ရွှင်မြူးကြွနေသော ချစ်သူနှစ်ယောက်သည် အများအမြင်မှာတော့ ချစ်စရာ ချစ်သူစုံတွဲ/သူငယ်ချင်းနှစ်ယောက်သာ ဖြစ်နေတတ်ခဲ့သည် ...။ ဆောင်းရာသီမှာ မွေးဖွားခဲ့သော သူနှင့် သူမ နှစ်ယောက်စလုံးအတွက် အမှတ်တရအချိန်သည် ဆောင်းရာသီမှာပဲ ဖြစ်နေခြင်းသည် ... တမင်ရည်ရွယ်ထားခြင်းမဟုတ်ဘဲ တိုက်ဆိုင်မှုသက်သက်သာ ..။ သို့သော်လည်း ချစ်သူနှစ်ယောက်စလုံးကတော့ ဆောင်းရာသီကို ပိုမိုမြတ်နိုးရင်း တစ်နှစ်တစ်ကြိမ်ရောက်လာတတ်သည့် အမှတ်တရနှစ်ပတ်လည်နေ့များကို ဖြတ်သန်းရင်း အနာဂတ်ကို ကိုယ်စီတည်ဆောက်နေခဲ့ကြပါသည် ..။

~~~~~~~~~~~~~~~~~~~~~~~~
တစ်ခါတရံ ကံတရားသည် ချစ်သူနှစ်ဦးကို ချစ်လျက်နှင့် ရှင်ကွဲကွဲစေသော အဖြစ်အပျက်များကို ဖြစ်ပေါ်စေအောင် ဖန်တီးတတ်ပါသလား ...။ 

တစ်ခုသော ဆောင်းရာသီ၏ နံနက်ခင်းတစ်ခုတွင်တော့ ..... ဖုန်းတစ်ဖက်မှ ကောင်မလေး၏ အသံတိတ်ငိုရှိုက်သံ၊ငိုသံကိုမကြားသော်လည်း ကောင်မလေးငိုနေမည်ဆိုတာကို သေချာပေါက်သိနေသော
 ကောင်လေး၏ “နင် ..မငိုရဘူးနော်” ဆိုသည့် ၀မ်းနည်းစကားတစ်ခွန်း ....။
“သစ္စာမရှိတဲ့လူပဲ” လို့ ကောင်လေးကို စွပ်စွဲကြတိုင်း နာကျည်းဖို့ဆိုတာ စဉ်းစားမရဘဲ နားလည်ပေးတတ်သည့် သူမ၏  “သူက အဲလိုလူမျိုးမဟုတ်ပါဘူး .. သူကံဆိုးသွားတာပါ” ဆိုသည့် တုံ့ပြန်စကား ...။
“သူ ပျော်နေပါတယ်” လို့ သူမ သိအောင် တမင်ပြုမူနေတတ်ပေမယ့် .. သူ့ရဲ့မျက်လုံးထဲက စကားတွေထဲမှာ ၀မ်းနည်းစိတ်တွေကို တွေ့မိသည့်ခဏ နောင် ဘယ်တော့မှ မျက်လုံးချင်းမဆုံချင်တော့ပါဟု ဆုံးဖြတ်ချက်တစ်ခု ..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပုံပြင် ဆိုတာ ဘာလဲ လို့ သေချာပြန်စဉ်းစားကြည့်တော့  ... အဖြစ်အပျက်၊ အမှန်တရားတစ်ခုနောက်မှာ လူတွေပြောဆိုအမှတ်ရနေတတ်သည့် စကားလုံးများသာ ဖြစ်ပါသည် ...။ တချို့ပုံပြင်တွေကတော့ သင်ခန်းစာယူဖွယ်၊ တချို့ပုံပြင်တွေကတော့ ရယ်ရွှင်ဖွယ်၊ တချို့ပုံပြင်တွေကတော့ ကြည်နူးဖွယ် ...။

သူမအတွက်တော့တစ်ခုသော ဆောင်းကာလတစ်ခုဆီကနေ နောင်နှစ်အတန်ကြာ ဆောင်းကာလတစ်ခုအထိ ကြုံတွေ့ခဲ့သော အဖြစ်အပျက်များသည် ... တစ်သက်တာလုံးအမှတ်ရသွားမည့် ...... အချိန်များသာ ....။ ထိုကာလများကို သူမတစ်ဦးတည်းအတွက် ဆောင်းပုံပြင်အဖြစ်သတ်မှတ်မည်ဆိုပါက ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ်၊ ၀မ်းနည်းဖွယ် ပုံပြင်တစ်ပုဒ်ပင် ....။

Thursday, 5 December 2013

Hallo December ♥♥♥

December 05, 2013 1 Comments


ဒီဇင်ဘာကို ရောက်လာပြန်ပြီလေ..။ ဒီတစ်နှစ်မှာတော့ နွေးထွေးတဲ့ဒီဇင်ဘာနဲ့အတူ ..... ချစ်တဲ့မိသားစုရယ် ...၊ နေနေကျ နေရာတစ်ခုရယ်၊ ဆိုးတူကောင်းဘက်သူငယ်ချင်းတွေရယ်၊ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေရယ်၊ ကျေနပ်စရာလို့ အတင်းရောကာရော မှတ်ချက်ချထားတဲ့ လုပ်ငန်းခွင်တစ်ခုရယ် .. အဲဒီအရာတွေကြားထဲမှာ သံပတ်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်လို လှုပ်ရှားနေပါတယ် ...။  ဟိုးအရင်ကလို နှင်းပွင့်ဖြူဖြူတွေကြားထဲက ရေခဲတမျှအေးစက်နေတဲ့ လေထုကြား ပြေးလွှားလှုပ်ရှားနေရတဲ့ ကျောင်းတက်နေတဲ့ဘ၀ကနေ ... နေရောင်အောက်က ဘ၀တစ်ခုကတော့ ဘ၀အတွေ့အကြုံတွေကို နေ့စဉ်နဲ့အမျှ သင်ကြားပေးတဲ့ ဘ၀ကျောင်းတော်ကြီးတစ်ခုလိုပဲ ...။ တချို့နေ့ရက်တွေက ပျော်ရွှင်ဖွယ်ကောင်းသလို တချို့နေ့ရက်တွေကတော့ စိတ်ဖိစီးမှုတွေကြားထဲ မောပန်းနေတတ်ပြန်တယ် ...။

ထူးထူးခြားခြားခံစားရတာကတော့ Dust allergy ပါပဲ ...။ မြန်မာနိုင်ငံရဲ့ထုံးစံအတိုင်း .. ဖုန်မှုန့်တွေကြားထဲက လေထုညစ်ညမ်းမှုတွေကြားထဲမှာ ... ခဏခဏ နှာမွှန်၊ နှာစေးဖြစ်တတ်ပါတယ်..။ အဲဒီကနေတစ်ဆင့် ပင်ပန်းတဲ့အခါမျိုးမှာ အအေးမိပြီး ဖျားတာရောပါ တခါတလေ ဖြစ်တတ်လေ့ရှိပါတယ် ....။ အဲဒီလိုဖြစ်တာက အခုပြန်လာမှဖြစ်တာမဟုတ်ဘဲ ဟိုအရင် နိုင်ငံခြားမထွက်ခင်ကတည်းက ဖုန်မှုန့်တွေရှုမိရင် ဖြစ်တတ်လေ့ရှိပါတယ်...။ အဲဒီလိုဖြစ်တဲ့အခါတိုင်း အလုပ်လုပ်ရတာကို အရမ်းအနှောင့်အယှက်ဖြစ်ပြီး နေထိုင်ရတာ တော်တော်ကို မကောင်းတာပါ ..။ “ဖုန်မှုန့်ကင်းစင် မြန်ပြည်တစ်ခွင်” ဆိုရင် ဘယ်လောက်ကောင်းမလဲနော် ....။

အရင်နှစ် ဒီဇင်ဘာလမှာ ရေးခဲ့သလိုပါပဲ ... နှစ်တိုင်း ဒီဇင်ဘာလရောက်ရင် ခရီးတစ်ခုခုတော့ ထွက်ဖြစ်နေတတ်တယ် ...။ အရင်တစ်နှစ်ကတော့ ဒီလိုအချိန်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေခဲ့တယ်..။ ကံကောင်းတယ်လို့ပဲ ဆိုရမလား ..။ မနှစ်ကဒီအချိန်သွားခဲ့တဲ့ နေရာမှာ ဒီနှစ်တိုင်ဖွန်းမုန်တိုင်းအကြီးကြီးတိုက်တယ်..။ ဟိုင်ယန် လို့ ခေါ်ပါသတဲ့ ..။ ကျွန်မတို့သွားခဲ့တဲ့တက္ကသိုလ်ရှိတဲ့ မြို့ကို ဦးတည်တိုက်တာမဟုတ်ပေမယ့်.. အဲဒီမြို့နဲ့ နည်းနည်းနီးတဲ့မြို့မှာ အဓိက တိုက်ခတ်ခဲ့တာပေါ့ ..။ ဒါပေမယ့်လည်းပဲ ကျွန်မတို့သွားခဲ့တဲ့ တက္ကသိုလ်မှာတော့ အဆောက်အဦတော်တော်များများ ပျက်စီးသွားတယ်..။ နေခဲ့တဲ့ နေရာက ပင်လယ်နဲ့နီးနီးကလေးဆိုတော့ အဲဒီက လူတွေလည်း တော်တော်အသေအပျောက်များတယ်လို့လဲ ကြားရတော့ စိတ်မကောင်းပါဘူး ..။ အရင်နှစ်က ပြန်ခါနီး မုန်တိုင်းတစ်ခုကြုံပေမယ့် အဲဒီနေရာနဲ့ အလှမ်းဝေးတဲ့နေရာမှာ ဖြစ်တာမို့ လေကြမ်းကြမ်းတိုက်တာကို ကြုံလိုက်ရတာကလွဲရင် ဘာမှမဖြစ်ခဲ့ဘဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ကြတယ်..။ 

ဒီနှစ်လဲ ခရီးတွေ ထွက်ဖြစ်တယ် ..။ တော်တော်များများက အလုပ်ကိစ္စနဲ့ပါပဲ ..။ ကျောင်းကပြန်ရောက်ရောက်ချင်းကသာ မိသားစုနဲ့ ခရီးတစ်ခုထွက်ဖြစ်တာကလွဲရင် အလုပ်ကိစ္စနဲ့ တောရွာတွေဘက်သွားဖြစ်တာများပါတယ်...။ အဓိကက တိုးတက်မှုနည်းတဲ့ တောင်ပေါ်ရွာတွေကို သွားဖြစ်တယ် ...။ ဒီဇင်ဘာလလယ်လောက်မှာလဲ ... အဲဒီလိုပဲ ရွာတွေဘက် ခရီးထွက်ဖြစ်ပြန်ဦးမယ် ..။ တောရွာဓလေ့တွေ သိရမြင်ရသလို ဒေသရိုးရာအစားအစာတွေ စားရဦးမယ် ..။ စကားသံဝဲ၀ဲတွေ နားထောင်လို့ သူတို့ရဲ့ ရင်ထဲက အသိအမြင်တွေကို လေ့လာခွင့်ရဦးမယ် ...။ လျှပ်စစ်မီးမရှိတဲ့ရွာလေးတွေမှာ .. ကြယ်စုံတဲ့ ကောင်းကင်ကြီးကို တ၀ကြီးခံစားခွင့်ရပါဦးမယ် ...။ 

အလုပ်တွေကြားမှာပဲ ဘ၀ကို မြှုပ်နှံထားလို့ ဒီဇင်ဘာရဲ့ အလွမ်းတွေလည်း တစတစ လျော့ပါးလာခဲ့ပါပြီ...။ လွမ်းစရာမရှိတော့တဲ့ ဒီဇင်ဘာမှာ .... ပျော်စရာတွေပဲ ပြန်ပြောင်းတွေးရင်း အတိတ်က အတိတ်လိုပဲ ကျန်ခဲ့ပြီလေ..။ Sweet December လို့ အများက ပြောလေ့ရှိကြတဲ့ ဒီကာလက ကျွန်မအတွက်တော့ sweet မဖြစ်တာကြာခဲ့ပြီဆိုပေမယ့် .. ဒီနှစ်ကစလို့ ချစ်စရာကောင်းတဲ့ ဒီဇင်ဘာပြန်ဖြစ် ဖို့ မေ့ပစ်သင့်တဲ့အရာတွေကို မေ့ပစ်နိုင်ခဲ့ပါပြီ ...။ ဒါပေမယ့် လည်း မေ့သွားခဲ့တာမဟုတ်ပေမယ့်  ... ဥပေက္ခာပြုလိုက်နိုင်တာလို့ ပြောရင် ပိုမှန်မယ်ထင်ပါ တယ်...။ အဲဒီလိုမှမဟုတ်ရင် ဒီဇင်ဘာဆိုတာ တစ်နှစ်တစ်ကြိမ်ကြုံရစမြဲမို့ မေ့လို့မရတဲ့အရာတစ်ခုကို တစ်နှစ်တစ်ခါ သတိရနေလိမ့်မယ် မဟုတ်ပါလား ....။

Saturday, 30 November 2013

အိပ်မက်အလွန် ~~~

November 30, 2013 3 Comments


အိပ်မက်ကနေ ရုတ်တရက်နိုးလာခဲ့တော့ ထူးဆန်းမှုတစ်ခုကို သတိထားမိခဲ့တယ်...။ ဟိုအရင်ကတော့ အိပ်မက်မက်တဲ့အခါတိုင်း ... အာရုံထဲမှာ ထင်ကျန်နေဆဲ နေရာတစ်ခု၊ အဲဒီနေရာမှာရှိနေကျအတိုင်း ကန်ရေပြင်ကျယ်တစ်ခုရယ်၊ တောင်တက်လမ်းတစ်ချို့ရယ်၊ ရေတမာပင်တွေရယ်၊ ရယ်မောပျော်ရွှင် နေကြတဲ့ လူငယ်တစ်စုရယ် .. ဒါတွေကို အစွဲပြုပြီး ပြင်မြင်ယောင်နေလေ့ရှိခဲ့တယ် ...။ ဒီနေ့လည် အိပ်မက်ထဲမှာတော့ မက်နေကျအတိုင်း အဲဒီနေရာမှာ . အဲဒီမြင်ကွင်းတွေနဲ့ သူငယ်ချင်း အပေါင်းအသင်းများနဲ့ ရယ်မောကြည်စယ်နေကြပေမယ့် အရင်က အိပ်မက်တွေထဲမှာ တွေ့နေကျ မျက်နှာတစ်ခုကို ဒီတစ်ကြိမ်တော့ လုံးဝမမြင်ခဲ့ရတာပါပဲ ....။

အိပ်မက်ထဲမှာ တွေ့နေကျလူငယ်တစ်စုထဲကနေ လူတစ်ယောက်ကို လုံးဝမပါဝင်တော့လောက်အောင် မက်လာတဲ့အိပ်မက်က တမင်မေ့ဖျောက်အောင် ကြိုးစားမိလို့ ... ပျောက်သွားတာ မဟုတ်တာတော့ အသေအချာပါပဲ ..။ ဟုတ်ပါတယ်.... သူ့ကို မေ့ပစ်ဖို့ ... အတွေးထဲကနေ ထုတ်ပစ်လိုက်တော့ဖို့ ... တကူးတကတော့ သူမ မကြိုးစားခဲ့ပါဘူး ...။ ဖြစ်နိုင်တာတစ်ခုကတော့ သူမဘ၀ထဲကနေ ထွက်ခွာသွားပြီးသားသူတစ်ယောက်ကို အတွေးတွေ စိတ်ကူးတွေ အိပ်မက်တွေ ထဲကနေပါ အပြီးအပိုင်ထွက်ခွာသွားသင့်ပြီဆိုတာကို ... အများပြောသလို ကိုယ်စောင့်နတ်က သတိပေးလိုက်ခြင်းများ ဖြစ်နေလေမလား .....။

“သူ နေကောင်း အဆင်ပြေနေပါတယ်” ...လို့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ရင်း ပြောလာခဲ့တော့ .. “ဘယ်သူ့ကိုပြောနေတာလဲဟင်” လို့ စိတ်ရင်းအတိုင်း သူမ ပြန်မေးမိခဲ့တယ်...။ အဲဒါ အမှန်တကယ်ပါ .... သူငယ်ချင်းက ဘယ်သူ့ကို ရည်ရွယ်ပြောနေတာလဲဆိုတာကို သူမေ၀၀ါးသွားတဲ့အထိ အတွေးထဲမှာ သူမရှိတော့တာတော့ အသေအချာပါပဲ ..။ “နင် တကယ်ပဲ မေ့နိုင်သွားပြီထင်တယ် .. ဒါလည်း ၀မ်းသာစရာပါပဲ” လို့ သူငယ်ချင်းက ပြန်ပြောပါတယ် ...။ 

လူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ ..သူနဲ့ပတ်သက်တဲ့အရာရာကို ဖျက်ဆီးပစ်မှသာရမယ်ဆိုရင် ဒီတစ်သက်လုံး ... အဲဒီလူတစ်ယောက်ကို မေ့သွားဖို့ ဖြစ်နိုင်မယ်မထင်လှဘူး ...။ ဘာကြောင့်ဆို  သူမနံဘေးအရာရာက သူနဲ့ပတ်သက်နေဆဲဖြစ်နေလို့ပါပဲ ..။ အပေါင်းအသင်းသူငယ်ချင်းတွေ ... လျှောက်နေကျလမ်းတွေ .. သောက်နေကျ ကော်ဖီ .. မြင်နေကျမြင်ကွင်းတွေ .. နောက်ဆုံး အတူရှုရှိုက်ဖူးတဲ့လေထုတစ်ခုတည်း အောက်မှာ နေနေရတာ မဟုတ်လား ....။ သိပ်တော့ မထူးဆန်းလှဘူးထင်ပါတယ်...။ မေ့ပစ်ဖို့တော့ အထူးအထွေ ကြိုးစားနေဖို့ မလိုအပ်ပါဘူး ..။ ယုတ်စွအဆုံး ... သူ့ရဲ့ဖုန်းနံပါတ်တောင် black list ထဲ ထည့်လိုက်ဖို့ စိတ်ကူးမရှိပါဘူး ..။ ဖုန်းထဲက အသံတစ်ချက်အကြားမှာ  သူမရဲ့စကားသံတွေ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားတဲ့အထိ .. ကျလုဆဲဆဲမျက်ရည်စက်တွေကို မာနနဲ့တင်းခံလို့ ခြေဖ၀ါးပေါ်ကျမလာအောင် တမင်ခေါင်းမော့မိတဲ့ နေ့ရက်တွေ ကျော်လွန်လို့ ..... သူစိမ်းတစ်ယောက်ကို ပြောသလို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောနေတတ်ခဲ့ပြီပဲ ...။ 
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိဂုံးရဲ့အဆုံးသတ်ကတော့ တမင်ကြိုးစားမေ့ဖျောက်နေစရာမလိုဘဲ ..... ဘ၀မှာ မလိုအပ်တော့တဲ့ သူတစ်ယောက်က သူမရဲ့ အာရုံတွေထဲကနေ တစတစကွယ်ပျောက်သွားခဲ့ပြီ ဆိုတာပါပဲ ...။ ဘ၀မှာ သူမရှိရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်လေမလားလို့ .... အတူပျော်ရွှင်ရယ်မောခဲ့ဖူးတဲ့ နေ့ရက်တွေတုန်းက ထင်မှတ်ခဲ့မိပေမယ့် အခုတော့လည်း တစ်ယောက်တည်း ပျော်တတ်နေပြီပဲလေ.......။

Follow Us @soratemplates