Sunday, 30 December 2012

သက်တန့်ပေါ်က လိပ်ပြာ .. (၂)

December 30, 2012 6 Comments


 (၃)
တခါတရံမှသာ တွေ့ရလေ့ရှိသော သူငယ်ချင်းက သူမဆီ တကူးတကလာလည်သည့်အချိန်မှာ အလုပ်တွေကြားထဲ… သူမ ခေါင်းမဖော်အားခဲ့..။ ခဏစောင့်ပေးနော် ဆိုသည့် တောင်းပန်စကားတစ်ခွန်းအပြီးမှာ ခဏဆိုသည့် ကာလသည် တော်တော်ကြာမြင့်သွားခဲ့မှန်း … သူငယ်ချင်းရှေ့မှ ကော်ဖီအေးစက်စက်တစ်ခွက်.. ဖတ်ပြီးသော စာအုပ်များက သက်သေခံအဖြစ်မြင်လိုက်ရမှ အားနာစိတ်ကို တောင်းပန်အကြည့်တစ်ချက်ဖြင့် ကျေအေးစေခဲ့မိသည်..။ သူမအကြောင်းကိုသိနေသော သူငယ်ချင်းဖြစ်သူကတော့ ကုန်ဆုံးသွားသော အချိန်တွေအတွက် ဘာမှမဖြစ်သလို ဘာသိဘာသာ..။
အသက် ၅၀ ဆိုတဲ့အရွယ်မှာ ရင့်ကျက်တည်ငြိမ်သည့်အလှကို ပြောင်းလဲပိုင်ဆိုင်လာသည့် သူငယ်ချင်းရှေ့မှာတော့ သူမသည် … အသက်ငယ်ငယ် ရင့်ကျက်မှုမရှိသေးသည့် သက်လတ်ပိုင်းမိန်းမတစ်ယောက်အဖြစ် ..။ အသက်နှင့်မလိုက်အောင် အရမ်းနုနယ်တာပဲဆိုသည့် စကားများကို ကြိမ်ဖန်များစွာကြားလာသောအခါ … ဘ၀အတွေ့အကြုံမဆုံသေးသည့် မရင့်ကျက်သေးသော မိန်းမတစ်ယောက်ဟုများ … သွယ်ဝိုက်ပြီးပြောနေသလား… ထင်မှတ်လာမိသလိုလို….။ 

အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်ခိုင်းလိုက်တာပဲ …. ကိုယ့်အတွေးစိတ်ကူးတွေ မျှော်လင့်ချက်တွေ အနာဂတ်တွေကို မေ့ပစ်ပြီး သူစိမ်းတစ်ယောက်အတွက် ဘ၀ကို ပေးဆပ်ဖို့အထိ သတ္တိရှိဖို့ဆိုတာ အဲဒီလူက ပေးဆပ်ဖို့ ထိုက်တန်ရဲ့လား.. ဘယ်လိုကြိုသိနိုင်မလဲ ..။ မသေချာတဲ့အရာတစ်ခုအတွက်နဲ့တော့ သေချာနေသည့် အနာဂတ်ကို စွန့်မပစ်ရဲခဲ့…။ ကိုယ့်တာဝန်ကိုယ်ယူနိုင်သည့်… ကိုယ့်ခြေထောက်ပေါ်ကိုယ် ရဲရဲရပ်တည်နေနိုင်သည့် မိန်းမတစ်ယောက်အတွက် …. အချစ်ဆိုတဲ့စိတ္တဇနာမ်တစ်ခုကို မယုံကြည်ခဲ့ ..။ အဲဒီစကားလုံးအောက်မှာ …. ပေးဆပ်ရမည့် … အခွင့်အလမ်းတွေ… အနာဂတ်တွေကို အလောင်းအစားမလုပ်ရဲခဲ့..။ ပြန်တွေးကြည့်တော့ သူမ သတ္တိနည်းခဲ့လေသလား..။
တခါတရံမှသာဖြစ်ပေါ်လာမည့် ၀မ်းနည်းအားငယ်စိတ်များကို ဖြေဖျောက်ဖို့ မှီခိုစရာရင်ခွင်တစ်ခုအတွက်နဲ့တော့ တစ်သက်လုံးမီးဖိုထဲမှာ လူတစ်ယောက်ရဲ့ချုပ်ချယ်မှုအောက်မှာ ဘ၀ကိုကုန်ဆုံးစေဖို့ဆိုတာ လွယ်ကူလိမ့်မည်တော့ မဟုတ်…။ ဒီလိုနဲ့ပဲ တစ်ချိန်တုန်းကတော့ ၀မ်းနည်းအားငယ်စရာရှိရင်တောင် …. ခေါင်းအုံးတစ်လုံးရှိရင် ဖြစ်တာပဲ … ရင်ခွင်တစ်ခုမလိုအပ်ပါဘူး ဟု မာနတွေကြားမှာ သတ်မှတ်ခဲ့ဖူးသည် …။ 

တခါတလေတော့လည်း တစ်ခုခုဆုံးဖြတ်ဖို့ တစ်ယောက်တည်းခက်ခက်ခဲခဲ စဉ်းစားတွေးတောနေရတိုင်း ….. ဘေးနားမှာ တိုင်ပင်စရာ .. အကြံညဏ်ကောင်းများကို ပေးတတ်သော ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားသည့် သူငယ်ချင်းက အတွေးထဲရောက်လာ တတ်သေးသည်..။ ဒီအသက်အရွယ်မှာတော့ လုပ်ငန်းခွင်ထဲက အခက်အခဲတွေ စိန်ခေါ်မှုတွေအတွက် … ၀မ်းနည်းအားငယ်မလိုဖြစ်ခဲ့တိုင်း … အများရှေ့မှာ မာကျောသတ္တိရှိသယောင် ဟန်ဆောင်နေထိုင်ခဲ့တိုင်း … ကုတင်ပေါ်က သက်မဲ့မွေးပွရုပ်တစ်ခု .. ခေါင်းအုံးတစ်လုံးကပါ … သူမကို ပိုဝမ်းနည်းစေခဲ့သလားဆိုတာ လျစ်လျုရှုခဲ့ပေါင်းများပြီ ..။ 

ဘုရားရှိခိုးတိုင်း ဘုရားစဉ်ရှေ့မှာ မိဘနှစ်ပါးကို တိုင်တည်ရှိခိုးလေ့ရှိခဲ့ပေမယ့် .. ကိုယ်တိုင်ထိတွေ့ရှိခိုးဖို့ .. အားတုံ့အားနာများဖြစ်နေလေသလား မတွေးတတ်ခဲ့ ..။ ဒါပေမယ့် ထူးခြားတဲ့လပြည့်နေ့တွေမှာ … နေ့ထူးနေ့မြတ်တွေမှာ … အမှတ်တရနေ့တွေမှာ တစ်ယောက်တည်း ကန်တော့တိုင်း .. မိသားစုဘ၀တစ်ခုအဖြစ် မြင်ချင်လှသော မိဘများအတွက် စိတ်ထဲကနေ အားနာနေတတ်ခဲ့သေးတာ..။ ပါးစပ်က ဖွင့်မပြောသော်လည်း … သူမကန်တော့သည့် ပစ္စည်းများ.. ငွေကြေးများထက် … အိမ်ဆည်းလည်းလေးများဖြင့် သိုက်သိုက်ဝန်းဝန်း မိသားစုတစ်ခုအဖြစ်က မိဘတွေကို ပိုကျေနပ်စေလိမ့်မလား .. တွေးနေတတ်မိရဲ့ …။ ကလေးလေးများလက်ဆွဲကာ ကျောင်းကြိုကျောင်းပို့လုပ်တတ်သည့် အဘိုးအဘွားများကို မသိမသာ လိုက်ကြည့်နေတတ်သော မိဘများ၏ မျက်ဝန်းများကို အားကျစိတ်နှင့်များ ကြည့်နေလေသလားလို့  တွေးနေမိပါရဲ့ ..။ 

ရထားတဲ့ဘွဲ့တွေ ရာထူးတွေနှင့်အတူ … ဦးနှောက်ပွင့်ထွက်မတတ် အလုပ်တွေစဉ်းစားဆုံးဖြတ်လုပ်ကိုင်နေရတိုင်း …. အရိပ်တစ်ခုအောက်က ပန်းပင်လှလှလေးတွေ စိုက်ပျိုးပြုစုနေမည့် မိန်းမတစ်ယောက်ဘ၀ကို အားကျနေခဲ့မိသေးတာ….။ ပရောဂျက်မျိုးစုံအောင်မြင်ဖို့ ဦးဆောင်နေရတဲ့၊ … သူစိမ်းတွေကို အုပ်ချုပ်နေရတဲ့ ရာထူးကြီးကြီးမိန်းမတစ်ယောက်ဘ၀ထက် … သွေးသားစစ်စစ်ရင်သွေးကလေးများကို မြေတောင်မြှောက်ပေးနေသည့် မိန်းမတစ်ယောက်ဘ၀ကို ဘာကြောင့် မရွေးချယ်ခဲ့မိပါလိမ့် …။ အစည်းအဝေးခန်းထဲက ပရိုဂျက်တာရှေ့မှာ စက်ရုပ်တွေလို … လုပ်ငန်းအကြောင်းတွေပြောနေကြသောလူတွေရဲ့ အသံတွေထက် တီတီတာတာစကားသံလေးများကိုနားထောင်နေမိရင် ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာ ရှင်းလင်းလာလေမလား …။ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်ရဲ့ စေတနာအပြည့်နဲ့ စိုးရိမ်ပူပန်မှုဆိုတာ သူမ မယုံကြည်ခဲ့သည့် အချစ်ဆိုတဲ့အရာနဲ့များ သက်ဆိုင်လေမလား …. သိချင်နေမိပြန်ရဲ့..။ လူတစ်ယောက်ရဲ့ ဂရုစိုက်မှုအောက်မှာ …. အကြင်နာစကားတွေကြားမှာ …. မိန်းမတစ်ယောက်ရဲ့ဘ၀က ဘယ်လောက်ထိ လုံခြုံနေလိမ့်မလဲ … တွေးမိတော့ .. အခုလည်း သူမဘ၀က တစ်ယောက်တည်း အေးချမ်းနေတာပဲလေဟု ဖြေသိမ့်တွေးမိပြန်တာ..။

(၄)
ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်တော့ မိမိမဟုတ်သည့် မိမိမရရှိနိုင်သည့် ဘ၀မျိုးကို အားကျမိသည့် အဖြစ်အပျက်များ လူတော်တော်များများ ကြုံတွေ့ဖူးပါလိမ့်မည်..။ မတွေ့ဖြစ်သည့် ကာလများမှာ ရှားရှားပါးပါးဆုံမိခိုက် သူငယ်ချင်းနှစ်ဦးစကားတွေဖောင်ဖွဲ့နေမိမလားဟု ထင်မိခဲ့ပေမယ့် ကိုယ်စီအတွေးတွေနဲ့ ငြိမ်သက်နေတဲ့ စကားဝိုင်းတစ်ခုကို အသက်ဝင်လာစေဖို့ တစ်ကြိမ်လောက်တော့ ရင်ထဲက ခံစားချက်စစ်စစ်ကို သူငယ်ချင်းကို ဖွင့်ပြောဖို့ ကြိုးစားမိခဲ့ပါသည်…။ 

(၅)
"တခါတလေ ငါနင့်ကို အားကျမိတယ် သိလား .."
ပြိုင်တူထွက်လာတဲ့စကားလုံးတစ်လုံးနောက်မှာ ပေါ့ပေါ့ပါးပါးရယ်သံများနဲ့ စကားဝိုင်းတစ်ခုက အသက်ဝင်သွားခဲ့တာ …။
"ပြန်တွေးကြည့်ပါဦးဟာ.. တစ်ကယ်က ငါတို့မှာ ကိုယ်ပိုင်ရောင်စုံလိပ်ပြာတစ်ကောင်စီ ပိုင်ဆိုင်နေကြပြီးသားလေ..။ သူ့အရောင်အသွေးနဲ့သူတော့ ငါတို့လိပ်ပြာတွေက လှနေပြီးသားပဲ ..။ ဒါကိုပဲ မရောင့်ရဲတတ်တဲ့လူတွေရဲ့သဘောအတိုင်း … လက်ထဲက လိပ်ပြာထက် အဝေးက သက်တန့်က အရောင်ပိုစုံတယ်လို့ ထင်တတ်ကြတာ ..။ အဲဒီတော့ လောဘကြောင့် လူတွေက မပျော်ရွှင်ကြတော့ဘူး ..။ အဝေးက သက်တန့်ကိုလှမ်းမျှော်နေရင်း လက်ထဲက လိပ်ပြာလေးတွေ လွတ်ထွက်မှန်းမသိ လွတ်သွားတတ်ကြတယ် ..။ ကိုယ်မရနိုင်တဲ့အရာတစ်ခုကို တောင့်တနေတာက သက်တန့်ပေါ်က လိပ်ပြာတစ်ကောင်ကို လှမ်းဖမ်းဖို့ကြိုးစားနေသလိုမျိုး မိုက်မဲလွန်းတယ် …။ လက်ထဲက လိပ်ပြာထက်တော့ အဝေးက သက်တန့်က ပိုမလှနိုင်ပါဘူး..။ ပိုင်ဆိုင်ပြီးသား လိပ်ပြာလေးကို အဝေးကြီးက သက်တန့်ဆီပြန်မပြေးသွားအောင် … ဂရုစိုက်ဖို့က ပိုအရေးကြီးတယ်လေ ..။ ကိုယ့်ပျော်ရွှင်မှုဆိုတာ ကိုယ့်လက်ထဲမှာပဲရှိတာပါ .."

+++++++++++++++++++++++++++++++ 

အပိုင်း (၁) ကိုဒီမှာ ဖတ်နိုင်ပါတယ် ===> သက်တန့်ပေါ်က လိပ်ပြာ (၁) 


ဘ၀နှစ်ခုကို ရိုးရိုးပဲ ယှဉ်ပြီး ရေးကြည့်မိတာပါ ..။ ဒီထက် ရုန်းကန်လှုပ်ရှားနေရတဲ့ မိန်းမဘ၀တွေ ရှိနေပါသေးတယ် ..။ အဆင်ပြေရင်တော့ ကြိုးစားရေးကြည့်ဖို့ စိတ်ကူးထားပါတယ် ..။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါ ..။ စာရေးချင်စိတ်သက်သက်နဲ့ပဲ စိတ်ကူးထဲရှိရာ ချရေးမိတာပါ ..။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ..။ 

Sunday, 23 December 2012

Happy Holidays ^^

December 23, 2012 10 Comments
Hallo,,, Everybody ! Merry X'mas and Happy New Year ^^


အားလုံးပဲ မင်္ဂလာပါနော် ..။ နှစ်သစ်ရောက်တော့မှာဆိုတော့ အားလုံးလိုလို ပျော်ရွှင်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..။ မကြာခင်အချိန်မှာပဲ ၂၀၁၃ ဆိုတဲ့ သက္ကရာဇ်အသစ်တစ်ခုထဲမှာ စီးမျှောလှုပ်ရှားရဦးမယ် ..။ ပျော်ရွှင်စရာတွေလည်းတွေ့ရသလို ၀မ်းနည်းစရာတစ်ချို့လည်း မထင်မှတ်ဘဲ ကြုံချင်ကြုံလာရဦးမှာပါပဲ ... ဒီလိုနဲ့ပဲ ဘ၀သံသရာမှာ လည်နေတာ ကြာနေခဲ့ပြီပဲ ... ။ 

အခုလောလောဆယ် ၂၂ ရက်နေ့ကနေ ဇန်န၀ါရီ ၆ ရက်နေ့အထိ နှစ်သစ်ကူးပိတ်ရက်မို့ ကျောင်းပိတ်ထားလို့ အချိန်နည်းနည်းအားတဲ့အခိုက် စာတစ်ချို့ရေးဖို့တော့ စိတ်ကူးထဲမှာ ရှိနေပြီ .. ။ ရှိနေတော့ ဘာရေးရမှန်း မသိတာနဲ့ ကြုံရာပဲ ကောက်ရေးလိုက်မိတယ် ...။ တစ်ခုတော့ ထူးထူးခြားခြားရေးချင်မိတယ် .. ဒီ Blog နဲ့ ပတ်သက်ပြီး ကျေးဇူးတင်တဲ့အကြောင်း တစ်ခါမှ မရေးဖူးသေးလို့ ဘယ်သူ့တွေကို ဘယ်လိုကျေးဇူးတင်ကြောင်း နည်းနည်းတော့ ကြိုးစားရေးကြည့်မယ်နော် ...။ မေ့ပြီး ကျန်ခဲ့ရင်လည်း ကြိုပြီး တောင်းပန်ပါတယ်.. တစ်ကယ်က အားလုံးကို ကျေးဇူးတင်ပါတယ် .. အားလုံးရဲ့ အားပေးမှုကြောင့်သာ စာဆက်ရေးဖို့ အားရှိပြီး အမြဲပုံမှန်မဟုတ်တောင် အဆက်မပြတ်အောင်တော့ တစ်ခုမဟုတ်တစ်ခု ရေးနေမိခြင်းပါ ..။ 

ပထမတုန်းကတော့ ဒီဘလော့ဂ်ကို ကိုယ့်ဘာသာပဲအရင်ရေးပြီး ဖတ်မယ် နောက်ရေးနေကျသွားပြီး လက်ရည်တက်လာတော့မှ အားလုံးကို မိတ်ဆက်မယ်ဆိုပြီး တွေးထားမိခဲ့တာ..။  တစ်ရက်တော့ မထင်မှတ်ပဲ Blog lists မှာ ချိတ်ထားတဲ့ ကျမဖတ်နေကျ ချစ်စရာဘလော့ဂ်ပိုင်ရှင် မိန်းကလေးတစ်ယောက်စီကနေ ကွန်မန့်လေးတွေ ရလာတယ် .သူကပဲ သူ့ဘလော့ဂ် မှာ လင့်ခ်ချိတ်ပေးရင်းကနေ ကျမဆီကို စာဖတ်သူတွေရောက်လာတယ် ...။ အားလုံးသိပြီးသားတစ်ယောက်ဖြစ်တဲ့ Blogger Candy ပေါ့ .။ နောက်တော့ မမစံပယ်၊အန်တီတင့်၊ မောင်လေးမေမြို့မိုး၊ အစ်မချစ်စံအိမ်၊ ရင်ဆူး၊ မောင် (စွယ်စုံကျမ်း)၊ မကြီးလွမ်း၊ အစ်ကိုလွင်ပြင်၊ အစ်မမိုးငွေ့ စသဖြင့် အားလုံးကစာတွေလာဖတ် လင့်ချိတ်ပေး ကွန်မန့်တွေ အပြန်အလှန်ပေးရင်း နွေးနွေးထွေးထွေး အားပေးခဲ့ကြပါတယ်..။ အားလုံးကို တစ်ကယ် ကျေးဇူးတင်ပါတယ်.. အသစ်တစ်ယောက်ကို လက်တွဲခေါ်ပေးခဲ့လို့ပေါ့ ..။ 

နောက်ပိုင်းတော့ တော်တော်များများနဲ့ Blog မှာ စာတွေအပြန်အလှန်ဖတ်ရင်း ကွန်မန့်တွေရေးရင်း ခင်မင်လာခဲ့တယ် ..။ အမြဲလာဖတ် အားပေးလေ့ရှိတဲ့ ကိုမိုးသူ (တောင်ကြီး)၊ မောင်လေး နွေလ၊ မိုးနတ်၊ လရိပ်၊ မြတ်နိုးသူ၊ အိပ်မက်ကောင်းကင်၊ မင်းအရိပ်၊ Areal Thu အားလုံးကို ခင်မင်ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ နှစ်သစ်မှာ ပျော်ရွှင်မှုတွေအများကြီး ထွေးပွေ့နိုင်ပါစေနော် ..။ ထူးထူးခြားခြား Facebook မှာ သူငယ်ချင်းဖြစ်ပြီး မကြာခဏစကားပြောဖြစ်တဲ့ ညီမလေး ရိုးမြေကျ ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်းနဲ့  .. ဘာမပြောညာမပြော စကားရပ်ရပ်သွားတဲ့ အစ်မကို နားလည်ပေးတတ်တဲ့ စိတ်မဆိုးတတ်တဲ့ ညီမလေးကိုလည်း အားနာမျက်နှာပူတဲ့အကြောင်းပြောရင်းနဲ့ တစ်ကယ်ခင်မင်မိပါတယ်ဆိုတာတော့ ယုံကြည်ပေးပါလို့ :D  ကျေးဇူးတင်ကြောင်းရေးတဲ့ထဲမှာ နာမည်မရေးမိတဲ့ Blogger မောင်နှမများကိုလည်း တောင်းပန်ပါတယ်နော်.. ရုတ်တရက်ချရေးလိုက်တော့ နာမည်တွေအားလုံးကို အသေးစိတ်စဉ်းစားမရဘူး ... တစ်ကယ်က အားလုံးကို ကျေးဇူးတင်ပါတယ်.. အားလုံးကိုလည်း ခင်မင်ရင်းနှီးမိပါတယ်.. အားလုံး ပျော်ရွှင်ပါစေ ...။

ကျမ မတတ်တစ်ခေါက်ရေးသမျှကို အမြဲဖတ်လေ့ရှိတဲ့ Blog readers များကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေရှိလို့သာ ဆက်ရေးဖို့ အားရှိလာတာပါ .။ ကွန်မန့်တွေမချန်ထားဖြစ်ပေမယ့်လည်း ဘယ်နိုင်ငံက ဘယ်အချိန်မှာ လာဖတ်သွားတယ်ဆိုတာ ကြည့်လို့ရနေတော့ စာတစ်ပုဒ်ရေးပြီးရင် Counter မှာတက်လာတဲ့ လူအရေအတွက်ကိုမြင်ရတာနဲ့တင် ပီတိဆိုတာ ဘာနဲ့မှ တိုင်းလို့မရပါဘူး.. ကျမအတွက် ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ စာမူခတွေပေါ့ ..။  ပြီးတော့  ဒီနေ့အချိန်မှာက တော်တော်များများက Facebook ပဲသုံးဖြစ်ကြတော့ ဘာရယ်မဟုတ် ... ခေတ်နဲ့အညီလို့ပဲ ပြောပြော ရေးသမျှပို့စ်အသစ်တွေကို Link Share လုပ်ဖို့ ကျမဖန်တီးထားတဲ့ Facebook Page သေးသေးလေးကို Like လုပ်ပေးသော သူငယ်ချင်း အစ်ကိုအစ်မများကိုလည်း လူချင်း မသိပေမယ့် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိသလို ဘာမှမထူးခြားတဲ့ ဘာဗဟုသုတမှ ရေရေရာရာမပေးနိုင်တဲ့ စာမျက်နှာတစ်ခုကို အမြဲလာဖတ်အားပေးတဲ့အတွက် အားနာမျက်နှာပူစွာနဲ့ပဲ ၀မ်းသာကျေးဇူးတင်မိပါတယ်..။ ကိုယ်ပိုင် အကောင့်မှာက ဘလော့ဂ်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ တင်တာရှယ်တာမလုပ်လို့ သီးသန့်နေရာတစ်ခုအနေနဲ့ ဖွင့်ဖြစ်လိုက်တာပါ ..။

၂၀၁၃ ကိုတော့ မျှော်လင့်ရင်း ရင်ခုန်နေမိတယ်.. အဲနှစ်ထဲမှာ ကျမကျောင်းပြီးမယ် .. စက်တင်ဘာလထဲမှာ ပြီးမှာပါ .. ပြီးရင် မြန်မာပြည်ပြန်မယ် .. ကျမမြတ်နိုးတဲ့အလုပ်တွေ ဆက်လုပ်မယ် ..။ ပြန်ရောက်ရင်လဲ ဒီ Blog မှာ မပြတ်အောင် စာတွေဆက်ရေးမယ် ..။ ပြီးတော့ ဘာအပြောင်းအလဲဖြစ်လာဦးမလဲ ... ရင်ခုန်နေရင်း အကောင်းဆုံးကိုမျှော်လင့်ပြီး ဘာသာရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်မှာ တတ်နိုင်သမျှကြိုးစားသွားမှာပါ ..။ ဒီပိတ်ရက်မှာလည်း ရေးလက်စတွေကို အပြီးသတ်ရေးဖို့ ကြိုးစားပါဦးမယ် :))

*********************************
Once in a Year ,,,,,
Christmas appear (s)...
May your DAYS be merry & bright ,,,,,
Be patient and things are going all RIGHT ,,,
May every HAPPINESS be yours each step of the way
and JOY & CONTENTMENT fill your heart today ...

Merry Xmas and  Happy New Year !!!

With Love, Yours !

----------------------------------------------------------------------------

Photo credit goes to graphicsaccelerators.blogspot.com !!

Sunday, 16 December 2012

အလွမ်းနှစ်ကူး ... ♥ ♥

December 16, 2012 10 Comments
အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တာ ... အခုတော့ ချစ်တဲ့ ဒီဇင်ဘာကိုတောင် ရောက်လာခဲ့ပြီလေ..။ ဒီဇင်ဘာနဲ့ ပတ်သက်လာရင် မှတ်မှတ်ရရ ... အမြဲတမ်း အမှတ်တရတွေ ရှိနေခဲ့ဖူးတယ်..။ တစ်ချို့အမှတ်တရတွေကတော့ ပျော်စရာလို့ထင်ရပေမယ့်... ကိုယ်မထင်မှတ်လိုက်တဲ့အချိန်တွေမှာပဲ .. ကြေကွဲစရာအတိတ်တွေ ဖြစ်သွားခဲ့ဖူးတယ်..။ 
မှတ်မှတ်ရရတစ်ခုကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ဒီဇင်ဘာတိုင်း ခရီးတစ်ခုခုတော့ အမြဲတမ်းထွက်ရလေ့ရှိခဲ့တယ်..။ နှစ်တိုင်းလိုလိုပါပဲ ... New Year မှာ အိမ်မှာမရှိတဲ့နှစ်တွေလည်း ရှိနေခဲ့ဖူးတယ်..။ အနည်းဆုံးတော့ ဒီဇင်ဘာက ကျမအတွက် ခရီးသွားရတဲ့လ လို့ သတ်မှတ်ရမလိုပဲ ..။ ဒီတစ်နှစ်အတွက်ကတော့ ဖိလစ်ပိုင်ကိုသွားဖြစ်သလိုမျိုးပေါ့ ..။

အခု နှင်းတွေလည်း အရမ်းကျနေသလို ရာသီဥတုကလည်း အရမ်းအေးနေပြီ ..။ ဒီနှစ်ကူးလည်း မိသားစုနဲ့ဝေးတဲ့နေရာမှာ တစ်ယောက်တည်းပဲ ဖြတ်သန်းရဦးမယ် ...။ အလွမ်းတွေလည်း တစ်ဖြည်းဖြည်း အေးခဲလာနေသလိုပဲ ..။ တစ်ယောက်တည်းနေရတာ နေသားကျနေပြီလေ ..။ ပြောင်းလဲသွားတဲ့အရာတွေထဲမှာ .... သံယောဇဉ်တစ်ချို့ လောင်ကျွမ်းသွားသလို .... စိတ်တွေလည်း ပြောင်းလဲရင့်ကျက်လာခဲ့တယ် ...။ အသက်အရွယ်ကြောင့်ပဲဖြစ်မလား ...အခု နောက်ပိုင်းမှာ အပြောင်းအလဲတွေကို အရင်ထက်တည်တည်ငြိမ်ငြိမ်လက်ခံလာနိုင်ခဲ့တယ် ..။ တစ်ဖက်သတ်တည်းမကြည့်ပဲ .... အခြားဘက်ကိုလည်းကြည့်တတ်မြင်တတ်လာပြီး ခွင့်လွှတ်လာနိုင်ခဲ့တယ်..။ ဥပေက္ခာပြုဖို့ ကြိုးစားနိုင်ခဲ့လို့ မေ့သွားတဲ့အရာတွေလည်း ရှိလာခဲ့တယ် ...။ 

၂၀၁၂ တစ်နှစ်လုံးမှာ ... အပြောင်းအလဲ တော်တော်များများခဲ့ပါတယ်... တစ်ချို့ကတော့ လူငယ်သဘာဝ သံယောဇဉ်နဲ့ဆိုင်တဲ့ အရာတစ်ချို့ပေါ့ ..။ တစ်သက်လုံးမိဘတွေနဲ့ အတူတူနေတာကများခဲ့ပြီး အခုလို တစ်ယောက်တည်း ပညာသင်နေတဲ့အချိန်မှာ .... အားငယ်စိတ်မ၀င်အောင် ကြိုးစားရပ်တည်တဲ့အချိန် ... အဝေးကနေ တတ်နိုင်သလောက် ခွန်အားဖြည့်ပေးဖို့ မကြိုးစားပဲ .... အချစ်သစ်ရှာသွားတဲ့သူမျိုးလည်း ရှိသေးတာပဲလားဆိုတာ မျက်ဝါးထင်ထင်ပဲ မြင်လိုက်ရတယ် ...။ သေချာတာက ဒီသံယောဇဉ်က မခိုင်မာလို့ ဒီအချစ်က မစစ်ခဲ့လို့ပေါ့ ...။ အရေးကြီးတာတစ်ခုက  ကျမဒီဘလော့ဂ်မှာ စာရေးဖြစ်တာကိုတော့ အရမ်းကျေနပ်ပါတယ် ..။ ဒါက ကျမဖေဖေရဲ့ ဆန္ဒတစ်စိတ်တစ်ပိုင်းလေ ..။ တစ်နေ့ကတောင် ဖုန်းပြောရင်းနဲ့ ကျမကို  စာရေးစေချင်တဲ့အဖေ့ကို ဒီလိုမျိုး နည်းနည်းပါးပါးရေးဖြစ်ပါတယ်လို့ အရိပ်အမြွက်ပြောပြမိတော့ အဖေက ကျေနပ်နေတယ်.။ တစ်ကယ်တော့ အချိန်သိပ်မရတဲ့ကြားထဲမှာ ကျမလေးလေးနက်နက်လည်း သိပ်မရေးဖြစ်တော့ ကိုယ်တိုင်လည်း သိပ်အားမရပါဘူး ...။ ကျမစာတွေအများကြီးရေးချင်ပါတယ် ... ဒါပေမယ့် အချိန်တွေက တခါတလေ နည်းလွန်းတယ် ထင်မိတယ် ...။ စာရေးဖို့က တော်တော်အချိန်ပေးရသလို စိတ်လဲနှစ်ရတဲ့အခါကျတော့ ကျောင်းစာဘက်မှာ အာရုံစိုက်ရတဲ့အခါ ကျမ ဒီဘလော့ဂ်မှာ ကောင်းကောင်းမရေးဖြစ်တော့သလို ဖြစ်နေမိတယ် ..။ ရေးလက်စတစ်ချို့လည်း အပြီးမသတ်ဖြစ်သေးတာတွေ များနေတယ် ..။ ၀တ္ထုတစ်ပုဒ်ဆို အခန်းဆက်တောင် ရေးထားသလိုဖြစ်ပြီး ဆက်လည်း မရေးနိုင်သေးဘူး :) မြန်မြန်အဆုံးသတ်ရေးနိုင်အောင် ကြိုးစားရဦးမယ် ..။

 ခရီးသွားနေတဲ့တစ်လအတွင်း အားတဲ့အချိန် စာတစ်ချို့ဖတ်ဖြစ်တဲ့အထဲကနေ တစ်ချို့စာအုပ်တွေကို Book review လိုမျိုးလည်း ရေးချင်သလို သွားခဲ့တဲ့ ခရီးတွေရဲ့ အတွေ့အကြုံတစ်ချို့လည်း ရေးချင်တယ်.။ ရေးနိုင်ဖို့ ကြိုးစားဦးမှာပါ ..။

အခုတစ်လောကြိုက်နေတဲ့ သီချင်းတစ်ပုဒ်ရှိတယ် .. ဒီသီချင်းကို ဒီအချိန်ရောက်ရင် အမြဲနားထောင်ဖြစ်သလို ဒီအချိန်ရောက်ရင် အရမ်းကြိုက်လာတယ်.... ကျန်တဲ့အချိန်တော့ မေ့နေသလိုပဲ ။
အင်းးးးးး သီချင်းထဲက ဆိုသလိုပဲ ... နှင်းများကြားထဲ နှစ်တစ်နှစ်ကုန်တော့မယ် ...။ အခုတော့ မြင်လေရာတိုင်းမှာ နှင်းဖြူဖြူတွေ လွှမ်းနေတယ် ...။ ခရစ်စမတ်အတွက် ပြင်ဆင်နေတာတွေ နှစ်သစ်ကို ကြိုဖို့ ပြင်ဆင်ရင်ခုန်နေတာတွေ တွေ့နေရတယ် ..။ကျမအတွက်တော့ အဖေနဲ့အမေကို လွမ်းနေတဲ့နှစ်ကူးဖြစ်နေမှာမို့ ဒီသီချင်းခေါင်းစဉ်လိုပဲ အလွမ်းနှစ်ကူးပဲ ဖြစ်နေဦးမှာပေါ့ ..။


========================

နှစ်သစ်မှာ အားလုံးပျော်ရွှင်အောင်မြင်ပါစေ ..^^

Monday, 10 December 2012

♥ Greetings on Sweet December ♥

December 10, 2012 15 Comments
အားလုံး မင်္ဂလာပါရှင် ... :)
တစ်လလောက် ခြေရာဖျောက်ရင်းကနေ အခုတော့ ပြန်ရောက်လာပါပြီ ..။
၉ ရက်နေ့က ဖိလစ်ပိုင်ကနေ ဂျာမနီကိုပြန်ရောက်လာပါတယ်..။ တစ်လလောက် ဘလော့ဂ်နဲ့ အဆက်ပြတ်သွားခဲ့တယ်..။ ဟိုမှာတုန်းက အင်တာနက်က တော်တော်ခက်တယ် ...။ ခက်တယ်ဆိုတာက connection ကအရမ်းနှေးတာ..။ Browser တွေက ဖွင့်ဖို့မလွယ်သလို ဘာစာမှလည်း ရှာလို့မရ.. facebook တောင် ၀င်မရခဲ့ဘူး..။ တော်တော်အဆက်အသွယ်ပြတ်သွားခဲ့တယ်..။ အဲဒီမှာ ကျမသွားခဲ့တဲ့နေရာက တော်တော်ခေါင်တဲ့နေရာဖြစ်နေတာလည်းပါပါတယ်..။ မနီလာကနေ အဲဒီမြို့လေးကိုရောက်ဖို့ လေယာဉ်နဲ့တစ်ခါ ပြီးတော့ ကားနဲ့ နှစ်ခါသွားရတယ်..။ မြို့ဆိုပေမယ့် တောရွာလေးလိုပဲ..။ မြန်မာနိုင်ငံကလာတဲ့ ကျမကတောင် ဒါက မြို့လား ရွာလားလို့ မေးယူရတဲ့အထိ ရွာသာသာနေရာလေးတစ်ခုပါ..။ ဒါပေမယ့် ပင်လယ်ကြီးဘေးနားမှာရှိတော့ တော်တော်တော့ သာယာတယ်...။ နေတဲ့နေရာနဲ့ ပင်လယ်နဲ့က ၅ မိနစ်လောက်လျှောက်လိုက်ရင် ရောက်သွားတော့ ကုန်းတွင်းပိုင်းမှာ တစ်သက်လုံးနေလာခဲ့တဲ့ ကျမကတော့ ညနေအားချိန်တိုင်း ကမ်းစပ်ပဲ သွားဖြစ်နေခဲ့တယ်..။ 

အဲဒီမှာ ရာသီဥတုကတော့ အရမ်းပူတယ်.. ပင်လယ်နားနီးတော့ စိုထိုင်းဆအရမ်းမြင့်တာလည်း ပါတယ်.. အအေးပိုင်းမှာ တစ်နှစ်ခွဲလောက်နေလာခဲ့တော့  ရောက်ခါစက တော်တော်ပူတဲ့ရာသီဥတုမှာ ချက်ချင်းနေသားမကျခဲ့ဘူး..။ မိုးကလည်း နေ့တိုင်းရွာတယ်.။ မြန်မာနိုင်ငံမှာလို မိုးရွာရင် အေးသွားတာမျိုးမဟုတ်ပဲ ရာသီဥတုက ပူတာပဲ..။ မိုးရေထဲမှာ ပူတဲ့အပြင် research လုပ်တဲ့ တောကလည်း တောင်ပေါ်မှာဆိုတော့ ကားနဲ့လည်း သွားမရ.. နေ့တိုင်းလိုလို အဲဒီတောင်ပေါ်ကို ခြေကျင်ပဲသွားခဲ့ရတာများခဲ့တယ်..။ တောတွေကတော့ နဂိုမူလတောတွေမဟုတ်တော့ပဲ လူတွေကျူးကျော်ထားပြီးတဲ့ သက်တမ်းငယ်သေးတဲ့ တောတွေများတယ်.။ ဒါပေမယ့် သဘာဝအလှအပတွေကတော့ ခုထိရှိနေသေးတယ်..။ စမ်းချောင်းတွေကလည်း တော်တော်များများသလို ရေတံခွန်တွေလည်း အများကြီးပဲ..။ တစ်နေ့တစ်နေ့ ချောင်းထဲ လဲလဲကျတာလည်း အကျင့်တစ်ခုလိုကိုဖြစ်လို့..။


ဒါက ကျမတို့ research လုပ်တာကို ကူညီပေးခဲ့တဲ့ ဖိလစ်ပိုင်က Visayas State University ဆိုတဲ့ တက္ကသိုလ်ရဲ့ အထိမ်းအမှတ်ရုပ်တုပါ..:) ဘာအဓိပ္ပာယ်လဲဆိုတာတော့ သေချာမသိဘူး... ဒါပေမယ့် ပုံကတော့ အဲလိုပါပဲ.. တက္ကသိုလ်ပင်မဆောင်ရှေ့မှာ စိုက်ထားတာပါ..။ 

တောထဲသွားတဲ့လမ်းမှာ ဒီပင်လယ်ကြီးရဲ့မြင်ကွင်းကို နေ့တိုင်းမြင်ရသလို ကျမကလည်း နေ့တိုင်းဓါတ်ပုံရိုက်လို့ သူငယ်ချင်းတွေကတောင် ခုထိမရိုးသေးဘူးလားလို့ မေးယူရတယ်။ 

တစ်ရက်တော့ တစ်ချိန်တည်းမှာ သက်တန့် ၂ ခု တွေ့လို့ ရိုက်ခဲ့ပါသေးတယ်..။ 

သရက်သီးတွေ ငှက်ပျောသီးတွေ အရမ်းပေါတယ်..။ ရွာသူရွာသားတွေကို အင်တာဗျူးတာလည်းပါတော့ တစ်ခုသဘောကျတာက သူတို့ English လို တော်တော်ပြောနိုင်ကြတယ်.. ။ တော်တော်ခေါင်တဲ့နေရာဖြစ်တာတောင် အသက်ကြီးတဲ့လူကြီးတွေကလွဲရင် တော်တော်များများနဲ့ စကားပြောလို့ရတယ်...။ တစ်ချို့နေရာတွေဆိုရင် ဘာသာပြန်ငှားစရာမလိုခဲ့ဘူး..။

ဟိုမှာ အပူချိန်တော်တော်ကြီးကြီးနဲ့ တစ်လလောက်နေလာခဲ့ပြီး ခုပြန်ရောက်တော့ အပူချိန်က အနှုတ်အောက်ရောက်တဲ့အပြင် နှင်းတွေကလည်း တော်တော်ထူထူကိုကျလို့ ..။ နေရတာ ပြန်ပြီး နေသားမကျသေးသလို နေ့နဲ့ည မှားနေတုန်းပဲရှိပါသေးတယ်..။ ဟိုမှာလုပ်လာတဲ့ results တွေကို စာတမ်းပြန်ရေးဖို့ ပြင်နေလို့ သိပ်မအားသေးတော့ အခုထိ blog တွေမှာ စာတွေလိုက်မဖတ်ဖြစ်သေးတဲ့အပြင် အခုရေးတာတောင် အမြီးအမောက်မတည့်ဘူး ဖြစ်နေပါတယ်.။ ပစ်ထားတာကြာပြီမို့ ပြန်ရောက်တဲ့အကြောင်း ရေးချင်တာနဲ့ ဒီလိုပဲ ချရေးလိုက်တာမို့ သည်းခံပြီးသာ ဖတ်ပေးကြပါနော် :D ဓါတ်ပုံတွေတော့ အများကြီးပေမယ့် သေချာမရွေးဖြစ်သေးတာနဲ့ တွေ့ရာပဲ တင်လိုက်တာပါ..။ နောက်မှ အားချိန်ရရင် အတွေ့အကြုံတစ်ချို့ရေးချင်ပါသေးတယ်ရှင် ..။


 ခုလောလောဆယ်တော့ အခြေအနေက ဒီလိုပဲ နှင်းဗွက်ထဲ ရုန်းနေရပါတယ် ;( စက်ဘီးလဲ စီးမရ .. နှင်းတောထဲဖြတ်ပြီး ကျောင်းကို လမ်းလျှောက်သွားနေရတယ်..။

-----------------------------------------
အားလုံး ပျော်ရွှင်ပါစေ..^^

Follow Us @soratemplates