Sunday, 30 September 2012

အနိုင်လည်းမယူ ... အရှုံးလည်းမပေး ~~~

September 30, 2012 3 Comments
လူဖြစ်လာရင်တော့ လူတွေကြားထဲမှာနေတယ်... လူတွေနဲ့ နေ့စဉ်နဲ့အမျှတွေ့ရတယ် .. ပြောဆိုဆက်ဆံရတယ် ..။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို.... လောကကြီးမှာ ကောင်းတဲ့သူရှိသလို .. ဆိုးတဲ့သူရှိတယ်...။ ကိုယ့်ကို ချစ်သူရှိသလို .. မုန်းသူလည်းရှိမှာပါပဲ .....။ ချီးကျူးတတ်သူတွေရှိသလို ကဲ့ရဲ့ပြစ်တင်တတ်တဲ့သူတွေနဲ့လည်း တွေ့ရတတ်တာပါပဲ ....။ ကူညီဖြေရှင်းပေးတတ်သူတွေ ရှိသလို ... ပြဿနာဖြစ်စေတဲ့သူမျိုးနဲ့လည်း ကြုံဖူးကြမှာပါ ....။

ကျမဖတ်ဖူးတဲ့ ....စာအုပ်တစ်အုပ်ထဲက သဘောကျမိတဲ့ စာစုလေးတွေကို ဝေမျှချင်ပါတယ်......။ တော်တော်များများလည်း ဖတ်ဖူးပြီးဖြစ်မှာပါ ... ။

++++++++++++++++++++++++++++++++
 တချို့လူတွေကျတော့လည်း သူတို့ရဲ့စိတ်ထဲမှာ လုံခြုံမှုမရှိတာကြောင့် အနိုင်ရမှကြိုက်တယ်၊ အနိုင်ရမှ နေသာထိုင်သာရှိတယ်၊ အဲဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲကြိုးစားတယ်.။ အဲဒီလိုလူတွေဟာ သူများကို အထက်စီးကနေ ပြောရမှ ဆက်ဆံရမှ သူ့ကိုယ်သူ သိပ်ဟုတ်တယ်လို့ ထင်တယ်..။ အမှန်တော့ သူဟာ " ငါ့ကို လူတွေ အထင်မကြီးဘူး" လို့ကြိတ်ပြီးတော့ တွေးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကို သူများတွေကြောက်တာကို လိုချင်တယ် ..။ လူတိုင်းကို နိုင်ရမှ ကျေနပ်တယ်..။ ပြဿနာတစ်ခုကြုံလာရင် သူကပဲ အနိုင်ရမှ ...။ သဘောထားအယူအဆ မတူတာတွေ့ရင် သူ့အယူအဆကို မှားမှားမှန်မှန် ခေါင်းညိတ်မှကြိုက်တယ်..။ သူဟာ လူလူချင်း ဆက်ဆံရေးအားလုံးကို လွှမ်းမိုးမှု ချုပ်ကိုင်မှုအနေနဲ့ပဲ မြင်တော့တယ် ....။

ဒါပေမယ့် ရေရှည်မှာ လူတွေအပေါ်  ရန်လိုမုန်းထားတဲ့စိတ်ရှိပြီး ပြဿနာဖြစ်တိုင်း သူကချည်းပဲ အနိုင်ရချင်နေလို့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူတဲ့လူဟာ ဆက်ဆံရေး အဆင်မပြေဘူး ..။ သူ့ကို လူတွေကရှောင်ချင်လာလိမ့်မယ် ..။ သူ့အနားမှာရှိတဲ့သူတွေကလည်း ..သူပြောသမျှခေါင်းညိတ်တဲ့သူတွေ ဖြစ်နေလိမ့်မယ် ...။ အဲဒီလိုဆိုရင် သူဟာ ပိုပြီးရင့်ကျက်တဲ့ ပိုပြီးကောင်းတဲ့ ဆက်ဆံရေး အလေ့အကျင့်ကို မရနိုင်တော့ဘူး ..။
ငါသူ့ကို လွှမ်းမိုးနိုင်ရမယ်..။ ငါသူ့ကို နိုင်ထားရမယ်၊ ချုပ်ကိုင်ထားရမယ်လို့ပဲ မြင်နေတော့တယ်..။ သူတစ်ပါးအတွက် လုံးဝထည့်မစဉ်းစားဘဲ .. အလေးမထားပဲ ကိုယ်ရချင်တာရဖို့ပဲ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်ဆန် အတ္တစွဲကြီးကြီးနဲ့ လုပ်လေ့ရှိတယ်..။ အနိုင်ရမှ နေသာထိုင်သာရှိတဲ့သူဟာ အတွင်းစိတ်ထဲမှာ တော်တော်ပျော့ညံ့တဲ့သူပဲ .... စိတ်ဓါတ်အင်အား ကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး ....။

သူတို့ရဲ့ ပြုမူပုံကိုကြည့်ရင် ... ဆက်ဆံရေးတိုင်းဟာ ကိုယ်က အနိုင်ရဖို့ဆိုတဲ့ သဘောထားမျိုးဖြစ်နေတယ်...။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ သူတို့နဲ့ဆက်ဆံရတဲ့ သူတွေရဲ့စိတ်ထဲမှာ စိတ်မချမ်းသာမှုဆိုတဲ့ လှိုင်းဂယက်တွေကို ကျန်စေခဲ့တယ်..။ တစ်ဖက်သားဟာ သူတို့နဲ့ပတ်သက်ပြီး စိတ်ပျက်တယ်..၊ စိတ်ညစ်တယ်...။

အခက်အခဲပြဿနာကြုံတဲ့အခါမှာ ကိုယ့်ဘက်သူ့ဘက်နှစ်ဖက်မျှပြီးတော့ ကြည့်တတ်မှ ပြဿနာပြေလည်မယ် ...။ ကိုယ့်ဘက်ချည်းသက်သက် တစ်ဖက်သတ် ကြည့်ပြီးတော့ ကိုယ့်ဘက်က တစ်လက်မမှ လျှော့မပေးဘူးဆိုတဲ့ သဘောထားမျိုးဖြစ်နေရင် ပြဿနာဟာ ပိုပြီး ကြီးထွားလာဖို့ပဲ ရှိတော့ပါတယ်..။

နောက်လူအမျိုးအစားတစ်မျိုးကတော့ ...အမြဲတမ်းအရှုံးပေးလိုက်မယ် ..။ တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ပြီး အကြိတ်အနယ်ပြောရတော့မယ်ဆိုရင် ဘယ်တော့မှမပြောဘူး..။ အဲဒီလိုအရှုံးပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့ရှုထောင့်ကို ဖော်ပြခွင့်မရတော့ဘူး ..။ အမြဲတမ်းအရှုံးပေးနေရတော့ ကိုယ့်ကိုယ်ကိုလည်း လေးစားမှုမရှိတော့ဘူး... ဒါလည်း ဆုံးရှုံးမှုတစ်ခုပါပဲ..။
 
သူတစ်ပါး အနိုင်ယူတာကို ခံလေ့ရှိတဲ့သူ ... ကိုယ့်အမြင်ကို ထုတ်ဖော်ညှိနှိုင်းပြောဆိုခြင်းမရှိသူဟာ သူ့ကိုယ်သူလေးစားမှုကျသွားတယ်...။  ဒါဟာအင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုပဲ..။ ပတ်ဝန်းကျင်ကလူတွေအနေနဲ့ကြည့်မယ်ဆိုရင်လည်း " ကြည့် .. ဟိုတစ်ယောက်က သူ့ကို မတရားအနိုင်ကျင့်နေတာကို သူကတော့ ခေါင်းငုံ့ခံနေတယ်..၊ အလိုက်တာ ညံ့လိုက်တာ.. သနားစရာသတ္တ၀ါလေး " လို့မြင်သွားနိုင်ပြီး ကိုယ့်အပေါ်ကို လေးစားမှုလျော့သွားနိုင်ပါတယ်...။ ကိုယ့်ရဲ့ခံစားချက်တွေဟာ အသိအမှတ်ပြုမခံရဘူး.. ဖော်ပြခွင့်မရှိတော့ဘူး .. အဲဒီတော့ ကိုယ့်ဘာသာ မအီမလည်ကြီး ဖြစ်ကျန်ရစ်နေခဲ့တတ်တယ်..။
အမြဲတမ်းအရှုံးပေးတတ်တဲ့သူဟာ ကြာလို့ရှိရင် သိမ်ငယ်တဲ့စိတ် (inferiority feeling) ဖြစ်လာတယ်..။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာကိုပဲ မျက်နှာငယ်တဲ့သူဖြစ်လာတယ်..။ အမြဲတမ်းလိုလို အငြင်းမပွားပဲ ငြိမ်ခံနေလေ့ရှိတော့ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေတောင် လေးစားမှုမရှိပဲ အနိုင်ယူတာမျိုးတွေ ကြုံလာရတတ်တယ်...။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလဲ အလျှော့ပေးမှန်းသိတော့ အနိုင်ကျင့်မယ်.. အနိုင်ယူတာမျိုးတွေ ရှိတတ်ပါတယ်..။

---------------------------------------------------------------------------------------------------

ဒါတွေကတော့ အစွန်းနှစ်ဖက်ရောက်နေတဲ့သူမျိုးတွေကို ရေးထားတဲ့သဘောပါ..။ လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရမှာ... သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်မျှကြည့်ပြီး.... လိုက်လျောညီထွေ ဆက်ဆံမယ်.. နားလည်မှုပေးနိုင်မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ မိတ်ဆွေတွေဖြစ်လာမှာပါ ..။ 
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ရဲ့စာအုပ်တွေပြန်ဖတ်ရင်း ဒီအကြောင်းအရာလေးတွေကို သဘောကျမိလို့ .... ဘလော့ဂ်မှာလည်း ဒီတစ်လောဘာစာမှ မရေးဖြစ်တာမို့ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်..။ 



Ref: သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင်မွေ့လျော်ခြင်း (ဆရာတော်ဦးဇောတိက)

Saturday, 22 September 2012

Everytime ..♫ ♪ ♥

September 22, 2012 14 Comments



ဆောင်းဦးတောင် ရောက်လာပြီ ကောင်မလေးရဲ့ … သစ်ပင်တွေလည်း နင်ချစ်တဲ့အစိမ်းရောင်တွေ မဟုတ်တော့ပဲ …. အရွက်တွေက အရောင်စုံနေကြပြီလေ …
ရောင်စုံရွက်ကြွေတွေကြဲထားတဲ့လမ်းထက်.. တစ်ယောက်တည်းလျှောက်ရင်း …. မင်းပြောဖူးတဲ့စကားတစ်ချို့ပြန်ကြားယောင်လို့ ….. "ကျမက မိုးရာသီကိုချစ်တယ်လေ …မိုးစက်တွေ ထိတွေ့နေတဲ့ သစ်ရွက်စိမ်းစိမ်းလေးတွေကို မြင်ရတာလောက် ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းမျိုး ရှိနိုင်ပါဦးမလား..." 
မိုးစက်တွေအောက်မှာ ထီးမပါပဲ ပြေးလွှားလမ်းလျှောက်တတ်ပြီး မြက်ခင်းစိမ်းစိမ်းတွေကိုမချစ်တတ်ပဲ သစ်ပင်စိမ်းစိမ်း သစ်ရွက်စိမ်းစိမ်းတွေကို ငေးကြည့်သဘောကျနေတတ်တဲ့ ကောင်မလေးတစ်ယောက် … ။ ဘာလို့ မိုးရေထဲမှာ ထီးမဆောင်းချင်ရတာလဲလို့မေးတိုင်း … အဲဒါဆို ကောင်းကင်ကြီးနဲ့ ပိုဝေးကွာသွားမှာပေါ့လို့ပြန်ဖြေတတ်တဲ့ သူမ …။

"တခြားအရာတွေထက်စာရင် တိမ်တွေက ကောင်းကင်ကြီးနဲ့ အနီးဆုံးမှာရှိတယ်… ။ သူတို့ရွာချလိုက်တဲ့ မိုးရေတွေက လူသားတွေ သစ်ပင်တွေအတွက် အလှမ်းကွာလွန်းတဲ့ ကောင်းကင်ကြီးနဲ့ဆုံနိုင်ဖို့ လက်ကမ်းတာနဲ့ တူတယ်လေ …။ အဲဒါကို ကြားထဲမှာတစ်ခုခုတားဆီးလိုက်ရင် ကောင်းကင်ကို ထိတွေ့ခွင့်ရမှာမဟုတ်တော့ဘူး…။ နေပူလဲ ထီးမဆောင်းချင်ဘူး..။ မိုးရွာလဲ ထီးမဆောင်းချင်ဘူး ..။ ကောင်းကင်ကျယ်ကြီးနဲ့ဝေးကွာသွားသလို ခံစားရတယ်" လို့ ပြန်ပြောတတ်တဲ့သူမ အတွက် … သူကတော့ အရောင်အသွေးစုံ ထီးလှလှလေးများကို အမြဲလိုလို လက်ဆောင်ဝယ်ပေးဖြစ်ခဲ့ပါသည် …။



ငါမင်းကို အရိပ်မိုးပေးနိုင်ဖို့ အတောင်အလက်တွေ မစုံသေးဘူးလေ… အဲဒါကြောင့် နေသာတဲ့နေ့တွေမှာ မင်းလမ်းလျှောက်ရင် နေရောင်ကနေကာပေးဖို့ .. မိုးရွာထဲကို မင်းပြေးလွှားသွားရင် မိုးစက်တွေ မထိမှန်ဖို့ …. ကိုယ်လက်ဆောင်ပေးတဲ့ ထီးလေးတွေ အမြဲဆောင်းစေချင်တယ်လို့ ကိုယ်ပြောတိုင်း တိုးလျလျရယ်တတ်တဲ့ မင်းသွင်ပြင်တွေ …။ Forget me not လို့ခေါ်တဲ့ ကြည်ပြာပန်းလေးတွေကို ချစ်တတ်တဲ့မင်းအတွက် ကြည်ပြာပန်းပွင့်နုတ်နုတ်လေးတွေ ရေးခြယ်ထားတဲ့ ထီးလှလှလေးတွေကို မင်းအတွက် တကူုးတက ကိုယ်လက်ဆောင်ဝယ်လာပေးတိုင်း အမှတ်တရအလှထားတဲ့အရုပ်တစ်ခုလို ပန်းပွင့်လေးတွေ အရောင်ပျက်သွားမှာစိုးရိမ်လို့ ဒီအတိုင်းပဲ သိမ်းထားမယ်နော် လို့ ပြန်ပြောတတ်တဲ့ စကားသံတွေ ….။ မင်းကို တစ်ဘ၀လုံး စောင့်ရှောက်သွားချင်တာ.. နေပူပူ ..မိုးရွာရွာ.. ဘာအခက်အခဲပဲရှိရှိ ..မင်းရှေ့ကနေ ရင်ဆိုင်ပေးချင်တယ်..။ ငါ့ရင်ခွင်မှာ တစ်သက်လုံး ခိုလှုံစေပြီး ဘာအန္တရာယ်မှ မတွေ့အောင် အရိပ်မိုးပေးထားချင်တာ…။ အဲဒီဘ၀ရောက်အောင် ကိုယ်ကြိုးစားနေတဲ့ ဒီကာလတွေမှာတော့ ကိုယ်နဲ့ဝေးနေတဲ့ကာလတစ်လျှောက်လုံး ကိုယ့်ကိုယ်စား ဒီထီးလေးတွေက မင်းကို နေဒဏ် မိုးဒဏ်ကနေ ကာကွယ်ပေးထားစေချင်တယ်လေ …။ 

ကိုယ်သိနေတယ် ကောင်မလေးရဲ့ …။ ကိုယ်ဝယ်ပေးထားခဲ့တဲ့ ထီးလှလှလေးတွေကို ဟောင်းသွားတဲ့အထိ လွှင့်မပစ်ရက်ပဲ မင်းသိမ်းထားတတ်တာတွေ ….။ ထီးဆိုတာ စနေနာမ်လေ.. စနေနာမ်ထွက်သွားတာက ကောင်းတာပေါ့လို့ပြောပြီး မင်းရဲ့ ထီးအဟောင်းတွေကို လွှင့်ပစ်ဖို့ ပြောလေ့ရှိတဲ့ မင်းအမေနဲ့ မင်းနဲ့ အမြဲတမ်း စကားနိုင်လုရတာတွေ …..။ မကောင်းတော့တာတော့ လွှင့်ပစ်လိုက်ပါ.. ကိုယ်အမြဲတမ်း လက်ဆောင်ဝယ်ပို့ပေးးနေတာပဲလို့ ကြားကနေကူပြောပေးတတ်တဲ့ ကိုယ့်ကို " ရှင်နဲ့ဝေးနေတဲ့ ကာလတွေမှာ သူတို့နဲ့ပဲ ကျမအရင်းနှီးဆုံးဖြစ်ခဲ့ရတာလေ..... ရှင်ဘေးနားမှာ မရှိတဲ့အချိန်တွေတိုင်း ဒီထီးလေးတစ်ချောင်းကို ဆောင်းပြီး လမ်းလျှောက်နေရင် ကျမဘ၀က အထီးကျန်တယ်လို့ မခံစားရတော့ဘူး..။ ကျမရဲ့ ရဲဖော်ရဲဖက်လိုဖြစ်နေတဲ့ ဒီသက်မဲ့ပစ္စည်းလေးတွေကို လက်တွေ့မှာ အသုံးမ၀င်တော့ဘူးဆိုပြီး စွန့်ပစ်လိုက်ရင် ကျမက ကိုယ်ကျိုးကိုပဲကြည့်တတ်တဲ့ အတ္တသမားတစ်ယောက်ဖြစ်သွားမှာပေါ့ …။ သူတို့ဘယ်ဘ၀ပဲရောက်ရောက်.. ကျမနဲ့အနီးဆုံးမှာ အမြဲသိမ်းထားမယ်" လို့ ဖုန်းဆက်တိုင်း ပြောတတ်တဲ့ ကောင်မလေးရဲ့အသံလေးတွေ ….။ ကလေးမဆန်သင့်တော့ဘူးကောင်မလေးရဲ့..မင်းအသက်က မငယ်တော့ဘူးလို့ ကိုယ်အကြံပေးတိုင်း …. "ကျမလူကြီးဆန်နေပါပြီ.. ရှင်ကအဝေးမှာဆိုတော့ ဘယ်သိနိုင်မလဲ … ရှင်နဲ့စကားပြောရင် ရင့်ကျက်ဖို့တော့ ကြိုးစားလို့မရသေးဘူး" လို့ ပြောတတ်တဲ့ စကားသံတွေကို ပြန်ကြားယောင်လာမိတယ်….။


မင်းဘေးနားမှာ ငါမပါပဲ ဘ၀ခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်ဖို့ ခွင့်မပြုနိုင်ဘူး ကောင်မလေးရဲ့ … ။ တစ်မြေထဲမှာ တစ်မြို့တည်းမှာနေစဉ်တုန်းက .. ငါတို့နှစ်ယောက်လက်တွဲပြီး လျှောက်ခဲ့တဲ့အတိုင်း… အချစ်တွေ ခိုင်မြဲခဲ့စဉ်တုန်းကအတိုင်း ငါ့ဘက်ကို အမြဲတမ်းငဲ့ကြည့်ပြီး ရဲရဲဝံ့ဝံ့လက်လှမ်းလိုက်ရုံပါပဲ….။ မင်းလက်ကလေးတွေကို ကိုယ်မလွှတ်တမ်း ဆုပ်ကိုင်ထားမှာပါ …။ "အခုလိုဝေးနေတုန်း သူစိမ်းတွေလိုပဲနော်… ရှင်အလုပ်ပျက်မှာစိုးလို့ ရှင်စာကြည့်ပျက်မှာစိုးရိမ်လို့ တခါတလေ message လေးချန်ထားဖို့တောင် စဉ်းစားနေရတယ်" လို့ အလိုက်တသိပြောတတ်တဲ့ မင်းစကားလုံးတွေနောက်မှာ သံယောဇဉ်တွေကို ကိုယ်မြင်နေရပါတယ် ....။

တစ်ချိန်က ကိုယ်ရှုံးနိမ့်မလိုဖြစ်သွားတတ်တဲ့အခါတိုင်း … ၀မ်းနည်းစိတ်ဓါတ်ကျတဲ့အချိန်တိုင်း လူကြီးတစ်ယောက်လို နွေးထွေးတဲ့အားပေးစကားတွေပြောတတ်ပြီး ခွန်အားတွေပြန်ဖြစ်စေတတ် တဲ့ ကောင်မလေးသာ ကိုယ့်အနားမှာမရှိရင် တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေရတဲ့ ဘ၀ကြီးက ပြီးပြည့်စုံမှုမရှိ.. အဓိပ္ပာယ်မဲ့သွားသလို….။ ကိုယ့်အတောင်ပံတွေလိုဖြစ်နေတဲ့ မင်းမှမပါရင် ကိုယ်ပျံသန်းဖို့ကြိုးစားတဲ့အချိန်တိုင်း လဲကျနေလိမ့်မယ်… ။ ဘ၀ခရီးတစ်ခုကို ပျံသန်းဖြတ်ကျော်ဖို့ ကိုယ့်အတောင်ပံတွေကို လိုအပ်တယ်ကောင်မလေးရဲ့ …။ ဝေးနေတဲ့ကာလတစ်လျှောက်လုံး မင်းရဲ့အရိပ်တွေပဲ ကိုယ့်ကိုချောက်လှန့်နေတတ်တယ်..။ အိပ်မပျော်တဲ့ညတွေမှာ မင်းမျက်နှာပဲမြင်ယောင်ပြီး မင်းအကြောင်းပဲတွေးနေတတ်သလို အိပ်ပျော်တဲ့အချိန် အိပ်မက်တိုင်းကိုလဲ မင်းပဲစိုးမိုးထားတတ်ပြန် တယ်…  သေချာတာက ကိုယ် မင်းကို လိုအပ်တယ် ဘေဘီ …..။

♪ ♪..... Everytime I try to fly I fall
 Without my wings
I feel so small
I guess I need you baby
And everytime I see
You'r in my dreams
I see your face
Its haunting me
I guess I need you baby……. ♪ ♪

ကိုယ့်ရဲ့အတ္တတွေကြောင့် ကိုယ့်ရဲ့ လောဘတွေကြောင့် မင်းနဲ့အဝေးကြီးမှာလာနေ... ကြိုးစားနေခဲ့ရပြီး မင်းကိုအလွမ်းတွေနဲ့ အဖော်ပြုနေစေလို့ ကိုယ်ဖန်တီးခဲ့တဲ့အလွမ်းတွေကြောင့် တခါတလေ မင်းမျက်ရည်ကျနေစေအောင် ဖြစ်နေတတ်ပြီလား… ။ ဘ၀အတွက် ခဏလောက်ဝေးနေတဲ့ ကာလလေးအတွင်းမှာ မင်းအမြဲဆိုညည်းနေတတ်တဲ့ Everytime ဆိုတဲ့သီချင်းအေးအေးလေးကို ကိုယ်နားထောင်နေတတ်ပြီ.....။ 


♪ ♪..... I may have made it rain
Please forgive me
My weakness Caused you pain
And this song's my sorry  …. ♪ ♪

တစ်ချိန်တုန်းက ကိုယ်တို့ နှစ်ယောက်အတူတူလျှောက်ခဲ့ဖူးတဲ့ မိုးရေထဲမှာ မင်းချစ်တဲ့ သီချင်းလေးကို နှစ်ယောက်အတူဆိုညည်းလို့ သစ်ပင်တွေက လေယူရာယိမ်းပြီး မိုးနဲ့အတူ ကခုန်နေမယ့် နေ့ရက်တစ်ချို့အတွက် ကြိုရင်ခုန်ရင်း ဒီဆောင်းဦးကာလတစ်ခုကိုတော့ ရွက်ကြွေတွေကို ငေးကြည့်လို့ အထီးကျန်နေ့ရက်တစ်ချို့ကို ဖြတ်သန်းရဦးမယ် ........။



Saturday, 15 September 2012

မျှော်လင့်ခြင်း မိုးရေစက်များးး .............

September 15, 2012 20 Comments
အခန်း-၁

ကျွန်မဆေးရုံပေါ်မှာ လဲလျောင်းနေရတဲ့ ကာလတစ်လျှောက်လုံးး သူဘေးနားမှာရှိနေတယ်လို့ ခံစားခဲ့ရတယ်..။ မနက်မိုးလင်းချိန်တိုင်း လက်ကိုင်ပဝါနုနုလေး နဲ့ ကျွန်မပါးပြင်ကို ညင်သာစွာ ဆေးကြောပေးတတ်တာတွေ... လက်သည်းတွေရှည်လာတိုင်း "မလှပေမယ့် သည်းခံနော်... မင်းစိတ်တိုင်းကျတော့ ဖြစ်မှာ မဟုတ်ဘူးး " ပြောရင်းး စိတ်ရှည်ရှည်နဲ့ ညှပ်ပေးနေမယ့် သူ့ပုံရိပ်နဲ့ စကားသံလေးတွေကို ကြားယောင်နေခဲ့တယ်.........
ကျွန်မ သတိပြန်လည်လာတဲ့အချိန်မှာ သူ့ကိုမတွေ့ရပါဘူးး ဒါပေမယ့် သူ ကျွန်မနားမှာ သေချာပေါက်ရှိခဲ့မယ် ဆိုတာ ကျွန်မယုံကြည်တယ်......။ တကယ်ပါပဲ.. ကျွန်မ ယုံကြည့်ခဲ့တာတွေ အမှန်ဆိုတာ သိလိုက်ရတယ်.......
သူ့ကို.. ကျွန်မပေးခဲ့ဖူးတဲ့ ကဗျာစာအုပ်လေး.....အဲ့ဒီစာအုပ်လေးကြားမှာ ညှပ်ထားခဲ့တဲ့...အဝါရောင် နှင်းဆီပွင့်ဖက်လေးး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မခေါင်းရင်းနားမှာ တွေ့လိုက်ရတယ်... မမှားနိုင်ပါဘူးး ဘာလို့လဲဆိုတော့ အဲ့ဒီ ပွင့်လွှာလေးပေါ်မှာ .. "ကိုကို" လို့ရေးထားတဲ့ ကျွန်မလက်ရေးလေး မထင်မရှားနဲ့ မြင်နေရသေးတာကိုးး............။

အခန်း-၂
"ကိုကို"... သူမရဲ့ အသံကို ကြားလိုက်ရတဲ့ အချိန်မှာ ခေါင်းတစ်ခုလုံး ချာချာလည် သွားသလိုခံစားလိုက်ရတယ်...။ နားကြားမှားနေပြီ.........။ သူမက ကျွန်တော်နဲ့အဝေးကြီးလေ ..... ၁၀မိနစ်လောက် ခုံတန်းလျားပေါ်မှာ ခဏလေးမှေးနေတုန်း.. .. အသံကြားလို့ မော့ကြည့်လိုက်တယ်.....။ "ဘာာာ ကားအက်စီးဒင့် ဖြစ်လို့ ဟုတ်လားး . ငါလိုက်သွားမယ်" ….." ဟေ့ကောင် ခဏနေဦး" မည်သည့်အသံမှ မကြားရတော့ နားတစ်ခုလုံး ဆူဝေနေသည်...။ ကျွန်တော်သူမကို မချစ်ပါ.. ဒါပေမယ့် ညီမလေးတစ်ယောက် လိုတော့ သံယောဇဉ်ရှိသေးသည်လေ.. ဟုတ်ပါတယ် ကျွန်တော် သူမကို မချစ်ပါဘူးး သေချာပါတယ်.. ဒါဆို ဘာလို့ရင်ထဲမှာ ဗလောင်ဆူနေပါလိမ့်.......
သူမကိုတွေ့လိုက်ရသည့် အချိန်တွင်တော့ ရင်ထဲတွင် တစ်ခုခုဆို့နေသလို ခံစားရသည်။ စကားများဆွံ့အ သွားသလို မျက်ရည်များ ပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည် ....။

--------------------------------------------------------------------------------
အခန်း-၃
"မောင် ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ခွင့်လွှတ်ပေးတဲ့မောင့်ကို အရမ်းကျေးဇူးတင်တာပဲ..။ မ ကိုပြန်လာခွင့်ပေးခဲ့တဲ့ မောင့်ကို အံ့သြမိတာ အမှန်ပဲ..။ မောင့်လောက် မ ကိုချစ်နိုင်တဲ့သူ ရှိမယ်တော့ မထင်ပါဘူးနော် ... တစ်ချိန်ကျရင်လေ မောင့်အနားကို အရောက်ပြန်ခဲ့မှာပါ ... မောင်စောင့်နေပေးမယ် ဆိုတာ လဲယုံကြည့်ပြီးသားပဲသိလား...မောင့်ကို ချစ်တယ်....မောင့်ရဲ့ဂရုစိုက်မှုတွေ . နားလည်ပေး မှုတွေ  မောင့်ရဲ့အချစ်တွေ ကို မ နားလည်ခဲ့ပါပြီမောင်ရယ် ... မောင့်အနား ကနေ နောက်တစ်ခါထပ်ပြီး ထွက်မသွားတော့ပါဘူး ...ခုချိန်မှာ မောင့်ကို အရမ်းလွမ်းနေတယ်.. မကြာခင်ပဲ မ မြန်မာပြည်ကို ပြန်လာတော့မှာပါ .. လေယာဉ်ပေါ်က ဆင်းဆင်းခြင်း မောင့်ကို ပထမဆုံးတွေ့ချင်တာ .. မောင်လာကြိုမယ်ဆိုတာလဲ သေချာသိနေပြီးသား..... မောင်က မ ကိုအရမ်းချစ်တာ မ သိနေတာကိုးး...။ မ နေရာမှာ တစ်ခြားမိန်းကလေးးတစ်ယောက်ကို မောင် အစားမထိုးနိုင်ဘူးဆိုတာ မ ခံစားလို့ရနေတယ်လေ..."
 ---------------------------------------------------------------------------

အခန်း-၎
"ကျွန်မသွားရတော့မယ် ကိုကို ..။ ခဏတာနိုးထခြင်းဟာ ထာဝရအိပ်စက်ခြင်းဆီကို ဦးတည်နေပြီဆိုတာ ကျွန်မသိနေပါပြီလေ.. မငိုပါဘူးနော်.. သေရမှာကိုမကြောက်ပါဘူး..။ ဒါပေမယ့် ကျွန်မတို့အတူတူ စိုက်ဖူးခဲ့တဲ့ သစ်ပင်လေးကို ဆက်ပြီးမပြုစုမပျိုးထောင်နိုင်တော့ဘူး...။ သစ်ပင်လေးကို အားနာနေမိတယ်...။ သူတစ်ယောက်ထဲ သစ်ပင်လေးကို စောင့်ရှောက်နိုင်မှာလဲ မဟုတ်ပါဘူးလေ..သစ်ပင်လေးတော့ ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ဆက်လက်ပြီးရှင်သန်နေရတော့မှာပေါ့....။ ကျွန်မရဲ့နောက်ဆုံးမျှော်လင့်ချက်လေး ရှိနေသေးတယ်... မသွားခင်လေးမှာ သူ့မျက်နှာလေးကို နောက်ဆုံးအနေနဲ့ ကြည့်သွားချင်မိတယ် .. ကျွန်မမျှော်လင့်ချက်တွေ ပြည့်ပါ့မလားဟင်...။  မျှော်လင့်ချက်လေး မြူတစ်မှုန်စာကို ဖက်တွယ်ပြီး ကျွန်မအသက်ဆက်ချင်နေသေးတယ်....။ "

အခန်း-၅
သူမဘေးနားမှာ နေရတဲ့ အချိန်တွေက ကျွန်တော့်အတွက် အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုပါပဲ... ဒါပေမယ့် ကျွန်တော်နေတတ်ပါတယ်...။ အမြဲတမ်းအများသူငါ ပျော်ရွှင်အောင် ဟန်ဆောင်အပြုံးနဲ့ နေခဲ့တဲ့သူပါ။ ဒါလောက်ကတော့ ကျွန်တော် အေးအေးဆေးဆေး ကျော်လွှားနိုင်ပါတယ် ...။ သူမ ကျွန်တော့်ကို အရမ်းချစ်မှန်းသိပေမယ့် ကျွန်တော်ကမှ မချစ်နိုင်တာပဲလေ..။ ကျွန်တော့နှလုံးသားကို ပိုင်စိုးနိုင်တဲ့သူက "မ"တစ်ယောက်တည်းပါပဲ..။ မ ကိုပဲ ကျွန်တော် သိပ်ချစ်ခဲ့တာပါ ....ဒါပေမယ့် အမှားမကင်းခဲ့တဲ့ကျွန်တော် သူမ သတိပြန်ရလာတဲ့ အချိန်ထိသူမဘေးမှာ နေပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်....။ နေ့တိုင်း သူမရေးခဲ့တဲ့ကဗျာလေးတွေကို ပြန်ဖတ်ပြတယ် သူမ ကြိုက်ခဲ့တဲ့သီချင်းတွေကို ဆိုပြတယ်... သူမကို စကားတွေ အများကြီးပြောတယ်... တစ်နေ့မှာ နေရစ်ခဲ့ရမယ့် သူမကိုလတ်တလောမှာတော့ စိတ်ချမ်းသာစေချင်တယ်.. ကျွန်တော့်ကို အရမ်းခင်တွယ်ခဲ့တဲ့ သူမ နောက်တော့လဲ နေသားကျသွားမှာပါလေ..........။
----------------------------------------------------------------------------------------------

အခန်း-၆
မိုးတွေတဖွဲဖွဲ ရွာနေတဲ့မြေနီလမ်းလေးပေါ်မှာ ထီးတစ်ချောင်းနဲ. လူတစ်ယောက် လမ်းလျှောက်လာနေတယ် ... သူ့ရှေ့မှာတော့ အုတ်ဂူဖြုဖြုလေးပေါ်က အမြဲလိုပြုံးရွှင်ရယ်မောနေ တတ်တဲ့ သူမ ရဲ့ ဓာတ်ပုံလေးက သူ့ကိုစောင့်ကြိုနေလေရဲ့.....
"ကိုကို ခဏလောက်ပဲဖြစ်ဖြစ်ပြန်လာခဲ့ပါလားဟင်" ...သူမရဲ့ စကားသံတွေ သူ့နားထဲမှာ ပဲ့တင်ထပ်နေပါလား...။ ပါးပြင်ပေါ်ကိုတဖြောက်ဖြောက်ကျနေတဲ့ မိုးရေစက်တွေ က သူ့ကိုမအေးမြနိုင်… ....ဟင်... မိုးရေစက်တွေမှ မဟုတ်တာ မျက်ရည်တွေပါလားးးး...။ ဟုတ်တယ် သူမျက်ရည်တွေ ကျနေတယ်.. အရာအားလုံးဟာ တစ်နေ့မှာ တိမ်တွေလိုပဲ လွင့်ပါးသွားမှာပါ..ဆိုတဲ့ အတွေးနဲ့ သူကိုယ့်သူ ဖြေသိမ့်ခဲ့ပေမယ့် လက်တွေ့မှာတော့ သူထင်တဲ့အတိုင်းဖြစ်မလာခဲ့ဘူးးး....သူမအတွက် ဟိုတစ်ချိန်က လူမသိအောင်တိတ်တိတ်လေး ကျခဲ့တဲ့ မျက်ရည်တွေ ...ခုလဲ သူမအတွက် မျက်ရည်တွေ မိုးနဲ့အပြိုင်ရွာသွန်းနေခဲ့ရပြီ....သြော် ..သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးကိုတောင် ဘာကြောင့်များ အရောင်မှိန်အောင်လုပ်ခဲ့မိပါလိမ့်.....
 ----------------------------------------------------------------------------------------


အခန်း-၇
အေးစိမ့်စိမ့် ဆောင်းလေအဝှေ့ မှာ ငှက်ကလေးတွေ ရဲ့တေးသီသံစိုစိုစီစီနဲ့... ဟေမာန်ရဲ့ အလှဟာ နှင်းစက်တွေကြားဝံ့ကြွားနေလေရဲ့........
"မ" "မ"ချစ်တယ်ဆိုတဲ့ နှင်းစက်ကလေးတွေလေ... 
"အင်းး မ ကတော့ ဆောင်းရာသီကိုချစ်တယ် ..နှင်းစက်ကလေးတွေ တံစက်မြိတ်မှာ တွဲလဲခိုနေတာလေးကို အရမ်းသဘောကျတာပဲ... ."
"မောင်လဲ ဆောင်းရာသီကို ကြိုက်ပါတယ် ဒါပေမယ့် ကဗျာလေးတွေကို ခံစားလို့ကောင်းတာ မိုးတွေရွာနေတဲ့ အချိန်လေ.... ပြီးတော့ မိုးရာသီမှာ သစ်ပင်တွေ ရှင်သန်ကြီးထွားကြတယ်လေ.."
"ကဗျာ..မိုးး...သစ်ပင်..စုံနေတာပဲနော်.. မ မရှိတဲ့ အချိန်လေးအတွင်းမှာ မောင် အပြောင်းအလဲတွေ အများကြီးဖြစ်သွားသလိုပဲ..."...
"မဟုတ်ပါဘူး....မ စိတ်ထင်လို့ပါ..."...
 
ကဗျာ....မိုး......သစ်ပင်......... သူခပ်ဆွေးဆွေးလေး ဖြစ်သွားသည်...။ တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် အဝေးကို ငေးကြည့်နေမိသည်.....။ အတိတ်ကအချိန်ကာလ တစ်ခုဆီ.. တရေးရေးမြင်ယောင်ရင်းးးးးးးး................

"ကိုကို ဒါဘာအပင်လေးလဲ သိလားး" 
"မသိဘဲနေပါ့မလားး ကျားလျှာပင်ကို ပြင်ဦးလွင်သွားတဲ့ ဘက်မှာပေါမှပေါပဲကို..".. 
"ဟိ... လက်ဆောင်ရတာလေ သူငယ်ချင်းတစ်ယောက်ဆီက..".. 
"မစိုက်နဲ့လွှင့်ပစ်လိုက် ...အိမ်မှာမစိုက်ကောင်းဘူးလေ".. 
"ဟုတ်လား မေမေလဲ ပြောတော့ပြောတယ် သိမှ မသိဘဲကို..".. 
"ဘယ်သိပါ့မလဲ မမ ပိန်းတိန်းတိန်းရဲ့..."....
"ဟိ ကိုကိုကလဲ"...
"ကိုကိုနေဦးး ...ဒါကရောဘာပင်လဲ သိလားး".. 
"အာာ..လာပြန်ပြီ.. ဒီအပင်တွေပဲနော်... စိတ်မ၀င်စားပါဘူးဆိုမှ"... 
"မသိလဲဘာမှ မဖြစ်ဘူး အဓိကက စိုက်ဖို့ပဲ.. လာသွားကြစို့..." 
"ဘယ်လဲ"...
"အပင်သွားစိုက်မယ်လေ ကျင်းတောင်တူးပြီးပြီ " 
" ဟာ ကိုယ့်ဘာသာတူးတာလား.." 
"ဟုတ်ပ အေးဆေးပဲ ကိုယ့်ကျင်းကိုယ်တူးတာမှ မဟုတ်တာ အပင်အတွက်တူးတာပဲ ဟိ.." 
"နာချင်နေပြီ အဲ့လိုတွေ မပြောပါနဲ့ဆိုတာကို.." 
"ကိုကို ကိုကိုသာ သစ်ပင်ဖြစ်ခဲ့မယ်ဆိုရင်လေ သစ်ပင်ရှင်သန်ကြီးထွားနိုင်အောင် ပံ့ပိုးပေးမယ့် မိုးရေစက်လေးတွေနဲ့ မြေဆီလွှာဖြစ်ချင်တယ်..."..
 
အဝေးကလွင့်ပျံလာတဲ့ ဆည်းလည်းသံလေးတွေ တချွင်ချွင်မြည်လို့....။ ကျွန်တော်ရဲ့အမှားတွေနဲ့ သူမရဲ့အချစ်ကမထိုက်တန်ပါဘူး… သူမတစ်ယောက်ဘာဖြစ်လို့များ အချစ်ကို ကိုးကွယ်ခဲ့ပါလိမ့်..။ တစ်ခါတစ်လေတော့လဲ ဦးတည်ရာ မတူညီတဲ့မြှားနှစ်စင်းရဲ့ ဆုံမှတ်က တစ်နေရာတည်းမှာ ရှိခဲ့မယ်ဆိုကောင်းမှာပဲ ..။ ခုတော့ကံကြမ္မာရေးတဲ့ ပြဇာတ်မှာ သူက အသဲခွဲသူလူကြမ်းကြီးဖြစ်ပြီး သူမကတော့ ပေးဆပ်အနစ်နာခံသူပေါ့...။ ဒါပေမယ့် တိတ်တဆိတ်ငိုကြွေး ရင်း နောင်တတွေတသီကြီးကို ထွေးပိုက်လို့ အသက်ဆက်ရှင်နေရတဲ့သူ .. အမှားတွေကို ပြင်ဆင်ခွင့်မရှိ သူ .... ကွဲအက်သွားတဲ့ ဖန်ခွက်တစ်လုံးလို တစ်စစီကြေကွဲခဲ့ရတဲ့ နှလုံးသားတစ်စုံ ဘယ်သူမှ မမြင်အောင်ပုန်းကွယ်ရင်း......
သူမ တစ်ယောက်ကတော့ ဘ၀တစ်ပါးမှာ ပျော်ရွှင်နေနိုင်မှာပါလေ... ကျန်နေခဲ့တဲ့သူမှာသာ...

 
******************************************************
"မောင် ဘာတွေ စဉ်းစားနေတာလဲဟင်" 
"ဘာမှ မစဉ်းစားပါဘူး သွားကြရအောင်လေ".. 
------------------------------------------------------------------------------

 တကယ်တော့ အချစ်ဆိုတာ အရောင်တွေ အစွန်းအထင်းတွေ မပါဝင်ဘဲ သီးခြားဖြစ်တည်နေတဲ့ ဖြူစင်ခြင်းသက်သက်ပါပဲ..။ ချစ်သူဖြစ်ခဲ့ကြတယ်ဆိုတဲ့သူနှစ်ယောက်ဟာ ဘယ်လိုအကြောင်းအရာကြောင့်ပဲ လမ်းခွဲခဲ့ပါစေ ခဏတာလေးပဲဖြစ်ဖြစ် စစ်မှန်တဲ့ချစ်ခြင်းနဲ့ ချစ်မေတ္တာနဲ့ချစ်ခဲ့ကြတယ်ဆိုတာ အကြွင်းမဲ့သေချာပါတယ်...။ အဲ့ဒီ့အချိန်လေးတွေကိုပဲ အမှတ်တရအဖြစ် နောက်ဆုံးအချိန်ထိ သယ်ဆောင်သွားသူတွေ ရှိသလို မေ့ပစ်နိုင်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိနေမှာပါ..။ လွမ်းနေသူတွေ...မမေ့ရက်နိုင်သူတွေရှိသလို အချစ်သစ်နဲ့ပျော်ရွှင်နိုင်တဲ့သူတွေလဲ ရှိနေဦးမှာပါပဲ...။ အချစ်ဟာ သစ်ပင်တစ်ပင်လို ပြုစုပျိုးထောင်ပေးတိုင်း အောင်မြင်ကြီးထွားလာတတ်တဲ့ အရာမဟုတ်ပေမယ့် သံယောဇဉ်ဆိုတဲ့အရာကတော့ အချိန်အတိုင်းအတာတစ်ခုကြားမှာ ကြီးထွားလာတတ်ကြပါတယ်..။

သံယောဇဉ်ကိုပဲ အချစ်လို့ကယောင်ကတမ်း မှတ်ယူပြီး မျက်စိမှိတ်ချစ်မြတ်နိုးနေတဲ့ သူမရဲ့အချစ်ကပဲမှားခဲ့တာလား...။ သူကရောသူမကို တကယ်မချစ်ခဲ့ဘူးလားးး.. ဘ၀မှာတစ်စုံတစ်ခု ရယူလိုခြင်းမရှိတဲ့ ပေးဆပ်ခြင်းသက်သက်သာရှိသောချစ်ခြင်းဟာ အအေးမြဆုံးနဲ့ ပူလောင်ခြင်းအကင်းဆုံးဖြစ်ပါလိမ့်မယ်....
ကိုယ်ချစ်တဲ့သူရဲ့အချစ်ဆုံးသူဟာ ကိုယ်ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီ့လူဟာ လောကမှာ ကံအကောင်းဆုံးသူဖြစ်ပါလိမ့်မယ်.. သူမဟာ ကံကောင်းတဲ့သူတစ်ယောက် မဖြစ်ခဲ့ပါဘူးး...

Written By

ပန်းရောင်မိုး 
~~~~~~~~~~~~~~~~~~~~~~~~


 >>> ကျမရဲ့ ဂျူနီယာညီမလေးတစ်ယောက်ရေးထားတဲ့ ၀တ္ထုတိုလေးပါ ..။ ကျမဘလော့ဂ်မှာ စာရေးမှန်းသိတော့ သူရေးထားတာလေးကို ခံစားဝေမျှချင်တဲ့ဆန္ဒသက်သက်နဲ့ ပို့ပေးလိုက်လို့ ဒီမှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်..။ ခုမှ ပထမဆုံးစရေးကာစမို့ ဇာတ်လမ်းသရုပ်ဖော်တာ လိုအပ်ကောင်း လိုအပ်မှာမျိုးရှိနိုင်ပေမယ့် သေချာဖတ်ရှုခံစားကြည့်လိုက်ရင် ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ဇာတ်လမ်းလေး တစ်ပုဒ် .. သံယောဇဉ်ကြီးလွန်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ် ... သနားဂရုဏာစိတ်နဲ့ မိန်းကလေးအပေါ်မှာ ဖေးမခဲ့ပေမယ့် မသိစိတ်ကနေ ချစ်မိသွားတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့အချစ် တွေကို မြင်နိုင်မှာဖြစ်ပါတယ် ..။ ရသတစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ....။<<<<<

အားပေးမှုများအတွက် ကျေးဇူးတင်ပါတယ်ရှင် :)))

Follow Us @soratemplates